Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၂၇

              “မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်” (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၇-၁၀-၂၀၂၀ရက် နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်း အဝေးခန်းမတို့၌ Video Conferencing စနစ်သုံး Zoom Application ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူ ရေးရာကော်မတီအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကား ပြောကြားပါသည်။

              ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေနဲ့ ကဏ္ဍကြီး (၆) ရပ်ကို အကောင်အထည်ဖော်လျှက်ရှိရာ စားသုံးသူ အကာအကွယ်ပေးရေး ကဏ္ဍပါဝင်ပါကြောင်း၊စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် ပြဌာန်းခဲ့ပြီး ဥပဒေအရ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို အဖွဲ့ဝင် (၂၁) ဦး ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က ၃၀-၉-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၉/ ၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

            ကော်မရှင်ဖွဲ့စည်းပြီးနောက် ၁/၂၀၁၉ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၉) ချက် ချမှတ်ခဲ့မှုအပေါ် ဆောင်ရွက်နိုင်ခဲ့ ပြီးဖြစ်ပါကြောင်း၊ Covid 19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ခဲ့ရသည့် ကာလများအတွင်း အခြေခံ စားသောက်ကုန် နှင့် ကျန်းမာရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း ဈေးနှုန်းများ အဆမ တန်မြင့် တင်ရောင်းချခြင်းများမှကာကွယ်နိုင်ရန်အတွက် အမိန့်စာများ ထုတ်ပြန် ကြေညာခြင်း၊ ဈေးကွက် အတွင်း ကွင်းဆင်းစိစစ်ခြင်းများကို ကော်မရှင်၏လမ်းညွှန်မှုနှင့်အညီ စားသုံးသူရေးရာ ဦးစီးဌာနက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း။

            စားသုံးသူကာကွယ်ရေးဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာကော်မတီ နှင့် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ  အသီးသီးကို ဖွဲ့စည်းပြီး စားသုံးသူ ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ခရိုင်/ မြို့နယ် အဆင့် အထိ ကျယ်ပြန့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စားသုံး သူရေးရာကော်မတီနှင့် ခရိုင်စားသုံးသူ ရေးရာ ကော်မတီများဖွဲ့စည်းရန် သင့်/မသင့်၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်းတာဝန်များကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စားသုံးသူကာကွယ် ရေးအတွက် ချမှတ်သင့်သော မူဝါဒများ ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကိုလည်း ရင်းနှီးပွင့်လင်းစွာအကြံပြုဆွေးနွေး ပေးစေလိုပါကြောင်းဆွေးနွေး ပြောကြား ခဲ့ပါသည်။

              မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထူးမှ စားသုံးသူကာကွယ်ရေးကော်မရှင် အနေဖြင့် မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြုစုတင်ပြလာသည့် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) ကို စနစ်တကျ အကောင်အထည်ဖော်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ NCPP တွင် ထည့်သွင်းပြဌာန်းထားသည့် နှစ်အလိုက် ဆောင်ရွက်ရမည့် Action Plan များကိုလည်း ကော်မရှင်အဖွဲ့ဝင်များမှ ဦးဆောင်၍ စနစ်တကျ ကြပ်မတ်အကောင် အထည်ဖော်သွားဖို့ လိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်း စဉ်များ ပိုမိုထိရောက်စေရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများနှင့် သီးခြား Working Group များ ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် SOP များ ရေးဆွဲအကောင်အထည်ဖော်သွားရန် လိုအပ် ပါကြောင်း၊ ထို့အပြင် စားသုံးသူရေးရာကော်မတီများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင် သာမက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်များကိုလည်း တိုးချဲ့ဖွဲ့စည်းသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစာများအား ရှင်းလင်းဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ရာကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။                                               

              ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီများနဲ့ စားသုံးသူပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူအခွင့်အရေးနဲ့ အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင် မှာဖြစ်တဲ့အတွက်အဖွဲ့ဝင်အားလုံး တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

       တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းကာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လည်(၁:၀၀) အချိန်၊ ကော့သောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဆွေးနွေးခဲ့ကြပါသည်။

   ဆွေးနွေးရာတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်မြသီတာက စားသုံးသူကာကွယ်ရေးဥပဒေပါအခန်းကဏ္ဍများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆို ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈)ချက် ပါအကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာ၀န်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့်  အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုများအတွက် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိသင့်သိထိုက်သည်များ၊ကိုဗစ်-၁၉ ထိန်းချူပ်မှုကာလအတွင်း စားသုံးသူများအား အကာကွယ်ပေးမှုအစီအစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်(Phytosanitary Certificate-PC)များအား ပြင်ဆင်ခြင်း၊ အတုပြုလုပ်ခြင်းကိစ္စများအတွက် အရေးယူဆောင်ရွက်မည့်ကိစ္စ

ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်(Phytosanitary Certificate-PC)များအား ပြင်ဆင်ခြင်း၊ အတုပြုလုပ်ခြင်းကိစ္စများအတွက် အရေးယူဆောင်ရွက်မည့်ကိစ္စ

          စိုက်ပျိုးရေးဦးစီးဌာနသည် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသော အပင်နှင့်အပင်ထွက်ပစ္စည်းများအတွက် ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (Phytosanitary Certificate-PC) များကို တင်သွင်းသည့်နိုင်ငံ၏ လိုအပ်ချက်နှင့်အညီ ပိုးမွှားရောဂါစစ်ဆေးခြင်းများဆောင်ရွက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့် Phytosanitary Certificate တွင် ပါဝင်သော အကြောင်းအရာပါ အချက်အလက်များသည် တင်ပို့လိုသည့် ကုမ္ပဏီများမှ လျှောက်ထားချက်များအား အပြည်ပြည်ဆိုင်ရာ အပင်ရောဂါကာကွယ်ရေးကွန်ဗန်းရှင်း (International Plant Protection Convention-IPPC) မှ ချမှတ်ထားသော International Standards for Phytosnaitary Measures(ISPM) 12 နှင့်အညီ စစ်ဆေး၍ မှန်ကန်တိကျစွာ ထည့်သွင်း ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ တို့၏ Website များဖြစ်သော http://www.doa.gov.mm နှင့် http://www.ppdmyanmar.org/ တွင်လည်း အပင်နှင့် အပင်ထွက်ပစ္စည်းများ တင်သွင်းခြင်း/တင်ပို့ခြင်းဆိုင်ရာ Standard Operating Procedure (SOP)များကို ဖော်ပြထားရှိပြီးဖြစ်ရာ တင်ပို့လိုသော ကုမ္ပဏီများအနေဖြင့် SOP အတိုင်း လိုက်နာပြီး Phytosanitary Certificate ထုတ်ယူရန် လျှောက်လွှာကို သင်္ဘောမတင်မီ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။

          စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မတ်လအတွင်းတွင် Phytosanitary Certificate စုစုပေါင်း(၁၁၁၅)စောင် ထုတ်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ National Plant Protection Organization အဖွဲ့အစည်းမှ မြန်မာနိုင်ငံမှ ထုတ်ပေးထားသော Phytosanitary Certificate နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလာခဲ့မှုအပေါ်တွင် စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံမှ ထုတ်ပေးထားသောမူရင်း Phytosanitary Certificate ကို မတ်ပဲများတင်ပို့မှုလုပ်ငန်းစဉ် အဆင့်တစ်ရပ်ရပ်ကို ပြောင်းလဲပြင်ဆင်ထားခြင်းဖြစ်၍ နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသော တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်ခြင်းဖြစ်သည့်အပြင် နောက်နောင်တွင် အလားတူကိစ္စမျိုး ထပ်မံဖြစ်ပေါ်လာပါက ကုန်သွယ်မှုတွင် အဆင်မပြေမှု များဖြစ်ပေါ်ခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာမတ်ပဲဈေးကွက်ရှိ ပုံရိပ်ကောင်းကို ကျဆင်းစေနိုင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့သူ/ဝယ်ယူသူ နှစ်ဦးနှစ်ဖက်အတွက် အချိန်နှင့် ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ခြင်း၊ နှစ်ပေါင်းများစွာ ဆက်သွယ်ဆောင်ရွက်ခဲ့သော ကြားခံကိုယ်စားလှယ်အဖွဲ့အစည်းများ၏ သိက္ခာပုံရိပ်ကျဆင်းစေခြင်းများကို ထပ်မံဖြစ်ပေါ် စေမည်ဖြစ်ပါသည်။

           သို့ပါ၍ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးသည့် Phytosanitary Certificate သက်သေခံလက်မှတ်တွင် ဖော်ပြထားသည့် အချက်အလက်များအား ပြင်ဆင်ပြောင်းလဲခြင်း၊ အတုပြုလုပ်ခြင်းများတွေ့ရှိပါက လိုအပ်သလို စစ်ဆေး၍ ပတ်သက်ဆက်စပ်သော ကုမ္ပဏီများအား Phytosanitary Certificate ထုတ်ပေးခြင်းကို ရပ်ဆိုင်းခြင်း၊ နာမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာခြင်း၊ တရားဥပဒေအရ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ကြော်ငြာများနှင့် ပတ်သက်၍ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြခြင်း

ကြော်ငြာများနှင့် ပတ်သက်၍ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြခြင်း

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများ နစ်နာဆုံးရှုံးမှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းဖြေရှင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉)၊ အခန်း (၂၃)၊ ပုဒ်မ ၆၃ တွင် စီးပွားရေးလုပ်ငန်းရှင်များကို ဆောင်ရွက်ခွင့်မပြုထားသည့် တားမြစ်ထားသော ကြော်ငြာအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်း၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့ နှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်း ပြုထားသော ကြော်ငြာများ၊

(ခ)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည် လှည့်ဖြားခြင်း ပြုထားသော ကြော်ငြာများ၊

(ဂ)     ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်း အချက်အလက် များ ပါဝင်သည့် ကြော်ငြာများ၊

(ဃ)    ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်း မရှိသော ကြော်ငြာများ၊

(င)     သက်ဆိုင်သူ၏ ခွင့်ပြုချက် မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခု အပေါ် အသုံးပြုထားသော ကြော်ငြာများ၊

(စ)     တည်ဆဲဉပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှု မရှိသည့် ကြော်ငြာများ။

သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များက စားသုံးသူ ကာကွယ်ရေး ဉပဒေပါ ကြော်ငြာလုပ်ငန်းများအပေါ် တားမြစ်ချက်များကို ဖောက်ဖျက်၍ ကြော်ငြာ ခြင်းပြုလုပ်ကြောင်း တွေ့ရှိပါက ခိုင်လုံသော အထောက်အထား၊ အချက်အလက်များဖြင့် စားသုံးသူ ရေးရာဦးစီးဌာနသို့ သတင်းပေးပို့နိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရန် တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ခြင်း

သုံးစွဲရန်မဖြစ်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျက်ဆား (KOVITNAI MEDICAL SALT) အား ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ၈.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့ထိ ကချင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်းရင်းဆေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍  တိုင်းရင်းဆေးဦးစီးဌာနမှ သုံးစွဲရန်မသင့်တားမြစ်ထားသော Oline တွင် ရောင်းချနေသည့် ကိုဗစ်နိုင် လျှက်ဆား COVITNAI MEDICINE SALT အား ရောင်းချနေမှု ရှိ/မရှိ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ဧရာရပ်ကွက်နှင့် ဒူကထောင်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း၊ ဗန်းမော်မြို့နယ်၊ မင်းကုန်းရပ်ကွက်၊ အလယ်ရပ်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ နားခါတောင်ရပ်ကွက်၊ နားခါမြောက်ရပ်ကွက်ရှိ ဆေးဆိုင်များတွင်လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ Talk Show အစီအစဉ်ကျင်းပပြုလုပ်

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးနှင့် ဝန်ထမ်းများသည် ၆.၁၀.၂၀၂၀ရက်နေ့  နံနက် ၁၀:၀၀နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်သော Talk Show အစီအစဉ်တွင် စားသုံးသူ ကာကွယ် ပေးရေးဆိုင်ရာနှင့်ပတ်သက်သည့် စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉ ) ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် Covid-19 ကာလတွင် စျေးကွက်အတွင်းရှိ ကုန်စည်စျေးနှုန်းများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်းများ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်များအပေါ် မိမိတို့၏အခွင့်အရေးများဆုံးရှံးနစ်နာမှုများရှိပါက ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ဗန်းမော်မြို့နယ်ရှိ အမှတ်(၁)ဈေးနှင့် ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ၁.၁၀.၂၀၂၀ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၀ပြည့်နှစ် ဇူလှိုင်လအတွင်း Mobile Lab  Van ဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော လှည်းယဉ်အမှတ်တံဆိပ် တော်ဖီ (mfg date-May 2020 to Exp date April 2021)တွင် Sodium Cyclamate သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း ဓါတ်ခွဲ စစ်ဆေးတွေ့ရှိချက်အဖြေ အကြောင်းပြန်ကြားလာသည့်အတွက် ဗန်းမော်မြို့ဈေးကွက်အတွင်း အဆိုပါ ကုန်ပစ္စည်းများအား ရောင်းချနေမှု ရှိ/မရှိ စိစစ်သိမ်းဆည်းခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်၍ Online Shopping Page အချို့ လိမ်လည် ဆောင်ရွက်နေခြင်းအား စားသုံးသူပြည်သူများသို့ အသိပေးခြင်း

  • Online Shopping လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ စားသုံးသူတို့သည်လည်း Online မှတစ်ဆင့် ကုန်စည် နှင့် ဝန်ဆောင်မှုများကို နည်းပညာ အကူအညီဖြင့် အလွယ်တကူ ဝယ်ယူမှု ပြုနိုင်လျက်ရှိပါသည်။
  • သို့ရာတွင် စားသုံးသူ၏ အင်တာနက် အခြေခံ ဝယ်ယူမှုစနစ် (Online Shopping Technique) ဆိုင်ရာ အသိပညာ ဗဟုသုတ အားနည်းမှုတို့ကို အခွင့်ကောင်းယူ၍ သော်လည်းကောင်း၊ မမှန်ကန်သော ရောင်းချခြင်း နည်းလမ်းများ အသုံးပြု၍သော် လည်းကောင်း Online Shopping လုပ်ငန်းများက စားသုံးသူများကို လိမ်လည်မှုများ ပြုလုပ်လျက် ရှိပါသည်။
  • Online Shopping Page များသည် ကုန်ပစ္စည်းများ ရောင်းချရာတွင် အများယုံကြည်စိတ်ချမှု ရရှိနေသည့် အစိုးရ နှင့် ပုဂ္ဂလိက ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ ကုန်ပစ္စည်းလက်ခံပြေစာကို အတုပြုလုပ်ခြင်း၊ ပြေစာ အတုပုံ ပေးပို့၍ မှာယူထားသည့်ပစ္စည်း ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စားသုံးသူ၏ ယုံကြည်မှု ရရှိစေခြင်းဖြင့် ဝယ်ယူထားသည့် ကုန်ပစ္စည်းအတွက် ငွေကြိုတင် လွှဲခိုင်းခြင်း၊ ငွေလွှဲခိုင်းပြီးနောက် ကုန်ပစ္စည်းများ ပေးပို့ခြင်း မပြုဘဲ လိမ်လည်မှု ပြုကြ ကြောင်း စိစစ်တွေ့ရှိရပါသည်။
  • သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ပစ္စည်း လက်ခံ ပြေစာများကို အတုပြုလုပ်၍ လိမ်လည်မှုပြုနေသည့် Online Shopping လုပ်ငန်းများကို အထူးသတိထား ဂရုပြုနိုင်ပါရန် အသိပေး တင်ပြအပ် ပါသည်။

ကုန်စည်စီးဆင်းမှုနှင့်အခြေခံစားကုန်ဈေးနှုန်းအခြေအနေများအား ညှိနှိုင်းဆွေးနွေး

           Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလနှင့်အညီ  ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း ရောဂါပိုမိုဖြစ်ပွားမှုများပြားလာခြင်းကြောင့် မြို့နယ်အချို့တွင် Stay At Home သတ်မှတ်ထား ရှိြခင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကုန်တင်ကားများ ဝင်ရောက်မှု အခြေအနေများကို စိစစ်ဆောင်ရွက်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် အခြေခံစားကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးညွန့်ရွှေ မှဦးဆောင်၍ ၂၉.၉.၂၀၂၀ရက်နေ့တွင် Online Meeting ဖြင့်ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

     အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်စွာဝင်းနှင့်အတူ ဆန်စက်လုပ်ငန်းရှင်အသင်း ၊ ဆန်ကုန်သည် အသင်း၊ ကုန်စည်ဒိုင်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊လက်လီရောင်းဝယ်ရေး လုပ်ငန်းရှင် များမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း၁၅ဦးခန့် တတ်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အရေးကြီးကုန်စည်များစီးဆင်းမှုအဆင်ပြေချောမွေ့စေရန်၊ ကုန်တင်ကားမောင်းသူနှင့်ယာဉ်နောက်လိုက်တို့အား Covid-19 ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးရန်၊ ယခုကာလသည်မိုးစပါးကာလဖြစ် သည့်အတွက် စပါးတင်ဆောင်သည့် ကားများ တစ်မြို့နယ်နှင့်တစ်မြို့နယ် ဖြတ်သန်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် (၂၀၂၀-၂၀၂၁) မိုးစပါးအခြေခံဈေးနှုန်းအောက်ရောက်ရှိပါက    အခြေခံဈေးနှုန်းနှင့်အညီ ဝယ်ယူနိုင်ရေး စသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ