စားသုံးဆီ ၁၀ ပိဿာဝင်ပုံးဖြင့် ဆီစက်မှာဝယ်သည်၊ တစ်ပိဿာဈေးနှုန်းဖြင့် ၁၀ ပိဿာ ကျသင့်ငွေပေးချေခဲ့သည်။ အဆိုပါ ၁၀ ပိဿာဝင်ပုံး ပါကင်ပိတ်စားအုန်းဆီ ၁ပုံး ဝယ်ယူသည်ဆိုပါက အချို့က ၁၀ ပိဿာဟုပင်ထင်သည်။ ပုံးပေါ်တွင် ၁၈ လီတာဟုဖော်ပြထားသည်။ အပြင်ပေါက်ဈေး စားအုန်းဆီ တစ်ပိဿာဈေးနှုန်းကို ၁၀ဖြင့်မြှောက်တွက်ချက်၍ မရတော့ပါ။ တံဆိပ်အမျိုးမျိုး ဈေးနှုန်း အမျိုးမျိုးဖြစ်မည်။ ၁၈လီတာသည် ၁၀ပိဿာအလေးချိန်မရှိပါ။ ဈေးအတွင်းတွင် လက်လီ ဆီချင်ခွက်များဖြင့် ရောင်းဝယ်ဖြစ်နေဆဲဖြစ်သည်။ ၂၅ကျပ်သားဆီချင်ခွက်ဖြင့်အပြည့်ထည့် ပေးလိုက် သော်လည်း ခွက်အတွင်း ပြန်ကပ်ပါသွားသည်ဟုဆိုကာ ခွက်မှောက်ခွက်လှန်စနစ်ကိုပြောင်း၍ လက်လီကိုလည်း ကတ္တားဖြင့် ချိန်တွယ်သည့်စနစ်နှင့် ကုန်အညွှန်းပါယုံကြည်စိတ်ချရသည့်ပါကင်စနစ်ကို ကူးပြောင်းနေပြီဖြစ်သည်။
မော်တော်ယာဉ်စက်သုံးဆီဖြည့်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးကို လီတာဖြင့်ထုတ်ပြန်သလို ဆိုင်ကြီးများက လီတာဖြင့်ရေတွက်ဖြည့်ပေးသည်။ ဆိုင်ငယ်များတွင် ဂါလံပုံးများဖြင့် ရောင်းချသည်။ ဂါလံပုံးများကို အချင်းမည်မျှ၊ အမြင့်မည်မျှသည် စံဖြစ်သည်ဟု မှန်ကန်မှုရှိ၊ မရှိ မစိစစ်နိုင်၊ တစ်ဂါလံလျှင် ၃.၇၈ လီတာသတ်မှတ်ထားကြောင်းချိန်ကိုက်၍တွက်ရမည်ဖြစ်သည်။ တစ်ဂါလံသုံးစွဲလျှင်ရောက်ရှိမည့် ခရီးမိုင် မှတ်သားထားပါက တစ်လီတာသုံးစွဲလျှင်ရောက်ရှိမည့် ခရီးမိုင် တွက်ချက်ကြည့်ရမည်။ ခရီးအကွာအဝေးကို ပြည်ပနိုင်ငံများတွင် ကီလိုမီတာဖြင့်တိုင်းတာဖော်ပြကြသဖြင့် မြန်မာနိုင်ငံ တွင်လည်း ၂မျိုးလုံးသုံးစွဲရန်ပြင်ဆင်လာကြသည်။
ဟင်းချက်စားရန် ပဲလက်လီဝယ်သည်။ ပဲရာဇာ၊ ကုလားပဲ အမျိုးအစားကို ပိဿာဖြင့် ချင့်တွက်လာကြသည်ရှိသော်လည်း ပဲအများစုကို နို့ဆီဗူး၊ ပြည်တောင်းဖြင့် ဝယ်ယူရသည်။ စူပါမားကက်တွင် ကီလိုဟုဖော်ပြထားသည့် အိတ်များဖြင့်ထုပ်ပိုးရောင်းချသည်။ အမျိုးအစားတူ ပဲတစ်မျိုးကို ဈေးမှာ ဝယ်တာနှင့် စီးတီးမတ်မှာဝယ်တာ မည်သည်ကဈေးကြီးပြီး မည်သည်က ဈေးချိုသည်ကို နှိုင်းယှဉ်ကြည့်ချင်သော်လည်း အတိုင်းအတာမတူသဖြင့် တွက်ချက်မရဘဲ ဒွိဟဖြစ်နေ ရသည်။ ဈေးကွက် အတွင်း နို့ဆီ Brand တစ်မျိုးက နို့ဆီဗူးကို ပုံမှန် Size ဖြင့်မဟုတ်ဘဲ ပိုရှည်သည့် ဗူးဒီဇိုင်း ထွင်ထုတ်လုပ်သည်။ အဆိုပါနို့ဆီဗူးကို တစ်ပြည်တွင်ရှိသည့် နို့ဆီဗူး ၈လုံးအဖြစ် သုံးစွဲ၍ မရတော့ပေ။ ထိုအခါ ပုံမှန် Size ဖြင့်ထုတ်လုပ်သောအခြားနို့ဆီဗူးများကရော တစ်ပြည်တွင်ရှိရမည့် နို့ဆီဗူးနှင့် စံကိုက်ပါတော့မည်လားသံသယဖြစ်လာစေသည်။ စားသုံးသူသည် ဝယ်ယူခဲ့သော တန်ဖိုးနှင့် ညီမျှသည့် ပမာဏကို မှန်မှန်ကန်ကန်ရရှိလိုကြသည်သာဖြစ်ပါသည်။
ကြက်ဥကိုဈေးတွင် အလုံးရေဖြင့် အကြီးအသေးအလိုက်ဈေးနှုန်းသတ်မှတ်ထားမှုအားဝယ်ယူ လေ့ရှိရာ တစ်ဆိုင်နှင့်တစ်ဆိုင် အရွယ်အစား၊ အကြီးအသေး သတ်မှတ်ချက်မတူဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့် ပြဿနာမဖြစ်ခဲ့ကြသော်လည်း ဥရေအများအပြားကို ရွေးနေဈေးနှုန်းသတ်မှတ်နေရ သည်မှာ အခက်အခဲတွေ့လာသည်။ ထို့ကြောင့် ကြက်ဥဒိုင်တွင် ကြက်ဥကို ပိဿာချိန်ဖြင့် အရောင်း အဝယ်ပြုလုပ်လာကြောင်းတွေ့ရသည်။ ဈေးတွင် အသား၊ ငါး၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်သီးတို့ကို ပိဿာ၊ ကျပ်သား အလေးချိန်သုံးစွဲရောင်းဝယ်ကြရာ ချိန်ခွင်နှင့်အလေးတို့ အသုံးပြုခဲ့သည်။ ယခုခေတ်တွင် ဒီဂျစ်တယ်ကတ္တားများ အသုံးပြုလာကြသည်။ ဈေးများတွင် သမာဓိချိန်ခွင်ထားသည့် စနစ်ရှိခဲ့သည်။ ရောင်းသူဝယ်သူကြားအလေးခိုးသည်ဟုဆိုကာ အငြင်းပွားမှုဖြစ်စဉ်များရှိခဲ့သည်။ အဆိုပါ တိုင်းတာသည့်ကိရိယာများဖြစ်သည့် ချိန်ခွင်၊ အလေးတုံး၊ ကတ္တား၊ ဆီချင်ခွက်များကို မှန်မမှန် ကြီးကြပ် ပေးစေလိုကြသည်။
ပြည်ပနိုင်ငံများတွင် ဆန်၊ သရက်သီး၊ ကြက်ဥ အားလုံးကို ဂရမ်၊ ကီလိုဂရမ်အလေးချိန်ဖြင့် ရောင်းချသည်။ မိမိတို့နိုင်ငံတွင် အထည်စများကို ကိုက်၊ တောင်ဖြင့်တိုင်းတာရောင်းချသည်။ ပြည်ပတွင် မီတာဖြင့်တိုင်းတာသည်။ ဟင်းချက်နည်းများတွင် နိုင်ငံတကာသုံး စီစီ၊ ဂရမ် စသည်တို့က ချင့်ရန် ခက်ခဲသည့်အနေအထားဖြစ်နေသည့်အတွက် လက်ဖက်စားဇွန်းတစ်ဇွန်း၊ ထမင်းစားဇွန်းတစ်ဇွန်း စသည်ဖြင့် ခိုင်းနှိုင်းသတ်မှတ်ကြသည်မှာပြဿနာမရှိသော်လည်း တိုင်းရင်းဆေးများတွင် ပါဝင်ပစ္စည်း အလေးချိန်ဖော်ပြရာ၌ ပြဿနာရှိနိုင်သည်။ ဥပမာ တိုင်းရင်းဆေးအညွှန်းတွင် ကွမ်းသီးလုံးခန့်ဟု ရေးထားလျှင် အရွယ်အကြီးအသေးကိုမှန်းဆရခက်ရာ အတိအကျမဟုတ်သော်လည်း ပြဿနာမရှိသည့် ဆေးမျိုးဖြစ်ပါက ဘေးအန္တရာယ်မဖြစ်စေသော်လည်း အမှားအယွင်းမခံသည့်အခြေအနေမျိုးအတွက် အသုံးမပြုသင့်ပါ။
စပါးကုန်သွယ်ရောင်းဝယ်ရာတွင် စပါး ၄၆ ပေါင် တစ်တင်းဟု သတ်မှတ်ရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ်ထားရာ ကုန်သည်ပွဲစားတို့အနေဖြင့် ဝယ်ယူရာတွင် ပါဝင်သည့် စပါး၏ အစိုဓာတ်၊ သန့်စင်မှု၊ ဖုန်၊ သဲ၊ ခဲ ပါဝင်မှု အမျိုးမျိုးအပေါ်မူတည်၍ ပေါင် ၅၀၊ ၅၂ ပေါင် တစ်တင်း စံနှုန်းများဖြင့် ဝယ်ယူကြရာ ဒေသအမျိုးမျိုးတွင် စံနှုန်းအမျိုးမျိုးကွဲပြားနေကြပါသည်။ တင်းတောင်းကို စံကိုက်မှုမရှိသဖြင့် မသေချာသောသံသယဖြင့် မိမိဘက်၌အရှုံးမရှိစေရန် စပါးဈေးနှုန်းကို တတ်နိုင်သမျှ နှိမ့်ချ၍ ဝယ်ယူသည့်အခါ တောင်သူလယ်သမားရရှိသည့်စပါးဈေးနှုန်းမှာ အလွန်နိမ့်ကျသွားသည်မျိုးဖြစ် ကြသည်။ ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းဖြစ်ဖြစ် နယ်စပ်ကုန်သွယ်ရေးဖြစ်ဖြစ် ပိုမိုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း မြန်မာ့ဆန်စပါး စံချိန်စံညွှန်း၊ အလေးချိန် အခြင်အတွယ်တွေကို နိုင်ငံတကာစံနှုန်းနဲ့အညီ သတ်မှတ်နိုင်ရေးပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။
ပြည်ပတင်ပို့ရလျက်ရှိသော ပဲမျိုးစုံတွင်လည်းအလားတူအဖြစ်မျိုးအပြင် ထုပ်ပိုးမှုအပိုင်း တွင်လည်း အလေးချိန်အထူအပါးမတူညီသော ပီနန်အိတ်ခွံများဖြင့် ထည့်သွင်းထုပ်ပိုးရောင်းချနေကြရာ နိုင်ငံတကာစျေးကွက်တွင် မျက်နှာပန်းမလှဖြစ်ရပါသည်။ အိတ်ခွံအလေးချိန်ကို ၁၂.၅ကျပ်သား သတ်မှတ်သည့်ပွဲရုံ၊ ၂၅ ကျပ်သားသတ်မှတ်သည့်ပွဲရုံ စသည်ဖြင့် အမျိုးမျိုးတွေ့ရသည်။ လက်ရှိ ပီနန်အိတ်ခွံအရည်အသွေးတန်ဖိုးကို ဂရမ်အလိုက် သတ်မှတ်ဝယ်ယူရသည်။ ပဲတစ်တင်းတွင် သတ်မှတ်ထားသည့် ပိဿာချိန်(၁၉)ပိဿာ၊ (၂၀)ပိဿာစသည်ဖြင့် ပွဲရုံများကချင်တွယ်ယူပြီး ပြည်ပတင်ပို့ရောင်းချရာတွင် တန်ချိန်ဖြင့်သာသတ်မှတ် ရောင်းချရသည်။ ရောင်းသူဘက်မှလည်း ဈေးနှုန်းအမြင့်ဆုံးနှင့် အမြတ်အများဆုံး ရချင်ကြသကဲ့သို့ ဝယ်သူဘက်မှလည်း ဈေးအသက်သာဆုံးနှင့် အကောင်းဆုံး ပစ္စည်းကိုသာရလိုကြသည်။ ထိုအစွန်း နှစ်ဖက်အကြား ချိန်ညှိရင်း အရောင်းအဝယ် ဖြစ်သည့် ကုန်စည်များ၏ ဈေးနှုန်းများမှန်ကန်ရေး၊ ပစ္စည်းအရည်အသွေးနှင့် အမျိုးအစားမှန်ကန်ရေး၊ အလေးချိန် တင်းတောင်း မှန်ကန်ရေး စသည်ဖြင့် အရောင်းအဝယ် မှန်ကန်အောင် ဖော်ဆောင်ပေးရန်မှာ အလွန်အရေးပါသည်။ သင့်တော်သော ဈေးနှုန်းမရရှိပါကတွက်ခြေကိုက်အောင် မသမာမှုများနှင့် အလေးခိုးယူခြင်း၊ ပစ္စည်းအညံ့များဖြင့် ရောနှော ရောင်းချခြင်းတို့ဖြစ်ပေါ်စေသည်။ ရောင်းသူနှင့် ဝယ်သူတို့အကြား တစ်ဖက်နှင့်တစ်ဖက် သမာသမတ်ဖြစ်ရေးအတွက် မှန်ကန်စွာ ထိန်းကျောင်း ပေးရန်လည်း လိုအပ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်ရာတွင် စံနှုန်းထားများ၊ အလေးချိန် အတိုင်းအတာများနှင့်ပတ်သက်၍ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဖြစ်နေသော အလေးတင်းတောင်း၊ အချိန်အတွယ်များကို တညီတညွတ်တည်းဖြစ်စေရေး အစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများအပါအဝင် အားလုံးပူးပေါင်း အဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အချင်အတွယ်ကိုကြည့်လျှင် စပါး၊ ပဲမျိုးစုံကို တင်းတောင်းနှင့် ချင့်တွက်ကြသည်။ အထွက်နှုန်းကို ဖော်ပြရာတွင် စပါး၊ ပဲမျိုးစုံကို တင်းရေဖြင့်၊ စားဖိုဆောင်သီးနှံကို ပိဿာဖြင့်၊ သစ်သီးဝလံကို လုံးရေဖြင့်ဖော်ပြသော်လည်း ထွက်ရှိမှုကို ပြည်ပတင်ပို့နိုင်ရေးအတွက် တန်ချိန်ဖွဲ့တွက်သည်။ သယ်ယူပို့ဆောင်စရိတ်ကားတန်ဆာခကို တစ်ပိဿာဈေးနှုန်းဖြင့် သတ်မှတ်ကြ ပြန်ကြောင်းတွေ့ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲတို့ကျောက်တို့ကို ကျင်းနှင့်ချင်သည်။
ကွန်ကရိမှာတော့ ကုဗမီတာနှင့်မှာသည်။ အတိုင်းအထွာတွင် အတောင်၊ ပေ၊ လက်မ၊ မီတာ စသည်ဖြင့် အမျိုးမျိုးသုံးစွဲသည်။ သစ်ကိုတိုင်းရာ၌ အင်္ဂလိပ်၊ မြန်မာနှစ်မျိုးရောတိုင်းထွာသည်။ ထို့ကြောင့် ဗြိတိသျှစနစ်၊ မက်ထရစ်စနစ်၊ မြန်မာ့ရိုးရာအတိုင်းအတာများကို တွဲ၍ စုပေါင်းစပ်ပေါင်းစနစ် သုံးစွဲကြောင်း တွေ့ရသည်။ ထို့ကြောင့် ထုထည်ဆက်သွယ်ချက်၊ အလေးချိန်အချင်အတွယ်ဆိုင်ရာ ဆက်သွယ်ချက်၊ ယူနစ်ပြောင်းဇယားတို့ကို များစွာမှတ်သားထားရသည်။ မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းရမည့်ယဉ်ကျေးမှုအမွေအနှစ်မဟုတ်လျှင် လိုက်လျောညီထွေပြောင်းလွယ်ပြင်လွယ် ဆောင် ရွက်ရပါတော့မည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးကိုကျင့်သုံးရာတွင် နိုင်ငံတကာနှင့် ဆက်သွယ်ကုန်သွယ်ရသဖြင့် ပြည်ပတင်ပို့သည့် ကုန်စည်များကတော့ စံနှုန်းကိုက်ညီမှု မဖြစ်မနေ လိုအပ်သကဲ့သို့ ပြည်တွင်းတွင်ရောင်းနေသည့်ကုန်စည်များအတွက်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်ပခရီးသွားလုပ်ငန်းများမှ ရောက်ရှိနေသော နိုင်ငံခြားသားများအတွက် မိမိနိုင်ငံအတွင်းရှိ ကုန်စည် များကို ယုံကြည်မှုရှိအောင်၊ ဝယ်ယူအသုံးပြုချင်စိတ်ရှိအောင်၊ ပိုက်ဆံသုံးစွဲချင်အောင် စွဲဆောင်ရာတွင် စံနှုန်းကိုက်ညီမှုသည် လိုအပ်သည့် အချက်တစ်ချက်အနေဖြင့်ပါဝင်ပါသည်။
မြန်မာ့သမိုင်းတွင် သာလွန်မင်းတရားကြီးသည် အလေးချိန်ခွင်၊ တင်းတောင်း စသည့် အတိုင်းအတာများကို စနစ်ကျအောင်အရေးတယူဆောင်ရွက်ခဲ့ကြောင်း မှတ်သားသိရှိရသည်။ ဗိုလ်ချုပ် အောင်ဆန်းကလည်း လယ်သမားတွေအတွက် အလွန်အရေးကြီးသော စပါးဝယ်ယူသည့် တင်းတောင်း အရွယ်အစားအမျိုးမျိုး ဖြစ်နေသည်ကို မမေ့မလျော့ သုံးသပ်ပြီး စံကိုက် တင်းတောင်း ဥပဒေကို စနစ်တကျ ကျင့်သုံးဆောင်ရွက်ရန် မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ခဲ့ကြောင်းသိရသည်။ သို့ဖြစ်၍ ဆံ့သောပမာဏ၏ အလေးချိန်များနှင့် အခြင်အတွယ်များဆိုင်ရာအက်ဥပဒေ၊ အလျားတိုင်းထွာခြင်း အက်ဥပဒေ၊ တင်းတောင်းစံပမာဏအက်ဥပဒေများကို ပြဌာန်းထားရှိပြီး ထည့်သိုစရာကိုစစ်ဆေး၍ မှန်ကန်ကြောင်း အမှတ်အသားဖြင့် တံဆိပ်ခပ်နှိပ်ရန် အာဏာပိုင်အဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားနိုင်ကြောင်းပြဌာန်းထားရှိသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများ၏အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ပနိုင်ငံအချို့တွင် လုပ်ထုံးလုပ်နည်းများဖြင့်ချိန်ညှိပြီး သက်တမ်းသတ်မှတ်ချက်ဖြင့် လက်မှတ်ထုတ်ပေးသည့် ချိန်ကိုက်ခြင်းလိုင်စင်ရ အဖွဲ့အစည်း များရှိကြောင်းသိရသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည်။ အမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။ တိကျစွာတိုင်း တာခြင်း နည်းပညာသိပ္ပံမှ နိုင်ငံတကာစံနှုန်းများဖြင့် ချိန်ကိုက်ထုတ်ပြန်ပေးမည်ဖြစ်သည်။ စံဖြင့်ကိုက်ညှိ စစ်ဆေးခြင်း၊ ဥပဒေအရစံတိုက်စစ်ဆေးခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာတိကျစွာတိုင်းတာခြင်း တို့ကို အသုံးပြုမည့်သူအားလုံးပါဝင်သဘောတူညီပြီးဖြစ်သော ချိန်ညှိခြင်းဖြစ်အောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထုထည်၊ အရွယ်အစားအပြင် လျှပ်စစ်၊ အပူချိန်၊ စိုထိုင်းစ၊ ဖိအား စသည့် ကိရိယာများ၏ တိကျမှုကို ချိန်ကိုက်ပေးမည် ဖြစ်ပြီး သတ်မှတ်ချက်များကို အတိအကျ ထုတ်ပြန် ပြဌာန်းပြီးလျှင် လိုက်လံစစ်ဆေးမည့် အရည်အသွေး ထောက်ခံချက်ပြုရေး အဖွဲ့ဖွဲ့စည်း ထားရှိကြောင်း သိရသည်။ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် စံချိန်စံညွှန်းများ၏ အရေးကြီးခြင်းကို ပိုမိုသိရှိနားလည် စေရန်နှင့် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရနှင့် စားသုံးသူများ၏လိုအပ်ချက်များကို စံချိန်စံညွှန်းကဏ္ဍဖြင့် အကူအညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံထုတ်ကုန်များ အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက် ဝင်ရောက်နိုင်စေရန်မှာ ပစ္စည်းအမျိုးအစားမှန်ကန်ခြင်းအပြင် မှန်ကန်သည့် တိုင်းတာမှုနှင့် အလေးချိန် မှန်ကန်ရန် အလွန်အရေးပါသည်။ အပြည်ပြည်ဆိုင်ရာ ဈေးကွက်များ အထိ ထိုးဖောက်ဝင်ရောက် နိုင်စေရေး မြန်မာ့စီးပွားရေးလုပ်ငန်းများသည် နာမည်ကောင်းရရှိစေရန် သမာသမတ်ကျရန် လိုအပ်ပါသည်။ သို့မှသာ စားသုံးသူများအနေဖြင့် မြန်မာ့ကုန်စည်များကို စိတ်ချယုံကြည်စွာ စားသုံးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အစည်းနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် ယုံကြည်မှုများရရှိခြင်းမှ တစ်ဆင့်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာနိုင်ပေသည်။ စီးပွားရေး လုပ်ငန်းများသည် ဈေးကွက်မှတစ်ဆင့် စားသုံးသူများစိတ်ကျေနပ်မှုကိုစွမ်းဆောင်ရမည်။ စီးပွားရေး လုပ်ငန်းများအား လိမ်လည်မှု၊ တရားမျှတမှု မရှိသောလုပ်ရပ်များဖြင့် အကျိုးအမြတ်များရယူခြင်း မဖြစ်စေရန် စားသုံးသူကာကွယ်ရေးဥပဒေထုတ်ပြန်ထားရာ သမာသမတ်ရှိသော စီးပွားရေးအသိုက် အဝန်း ဖြစ်ပေါ်စေနိုင်ရန် စားသုံးသူများ၏ အခွင့်အရေးများအား ကာကွယ်ပေးသည်။ ပြေစာပေးအပ် ရာတွင် ပစ္စည်းအရေအတွက်၊ ပမာဏနှင့် တန်ဖိုးမှာ အဓိကပါဝင်ရမည့်အချက်များဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည်၏ အရွယ်အစား(size)၊ အရေအတွက်(quantity)နှင့် အသားတင်ပမာဏ(net amount)တို့ကို ဖော်ပြပါရှိရမည်။ သို့မှသာ ကုန်ပစ္စည်းအမျိုးအစားတူ တံဆိပ် များအနက် ပါဝင်မှုပမာဏနှင့် ဈေးနှုန်းကို နှိုင်းယှဉ်၍ စိတ်ကြိုက်ရွေးချယ်နိုင်မည်။ စီးပွားရေးလုပ်ငန်း ရှင်သည် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရေးကို အာမခံချက် ပေးရမည်ဟုပြဌာန်းထားသည်။ စားသုံးသူများအား စိတ်ကျေနပ်မှုရစေရေးအတွက် အရည်အသွေး အပြည့်အ၀ အာမခံချက်ရှိသည့် ကုန်စည်ကိုဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ သမာသမတ်ရှိသော စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်စေရန် စီးပွားရေးကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် နိုင်ငံတော်အား ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။
DOCA(စစ်ကိုင်း)