Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့ သည်Toyota Myanmar Co., Ltd. မှ Managing Director ဖြစ်သူ Mr. Oideနှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်သောအဖွဲ့သည် Toyota Myanmar Co., Ltd. မှ Managing Director ဖြစ်သူ Mr. Oide နှင့်အဖွဲ့အား ၂ဝ၂၀ ပြည့်နှစ် ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) ၁၄:၀ဝ နာရီ အချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) ၌ လက်ခံတွေ့ဆုံခဲ့သည်။  

    ယင်းသို့ လက်ခံတွေ့ဆုံစဉ် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နိူင်ရေးကိစ္စများနှင့် Toyota Myanmar Co., Ltd. မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် စတင် ထုတ်လုပ်မည့် Double Cup မော်တော်ယာဉ်နှင့်ပတ်သက်၍ Owner Manual နှင့် Quick Reference Guide ရေးဆွဲထားရှိမှုအခြေအနေများ၊ Owner Manual နှင့် Quick Reference Guide တို့တွင် မဖြစ်မနေ ဖော်ပြရန်လိုအပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဌာနခွဲ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇူလိုင် ၂ ရက်နေ့၊  စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေး၌ စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကချမှတ် ထားသော မူဝါဒလမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်လုပ်ငန်းဖြစ်သည့် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်မှသာ အောင်မြင် သောလုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်မည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇွန်လအထိ အသိပညာပေးဟောပြောပွဲများ၊ ကွင်ဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ တယ်လီဖုန်းဝန်ဆောင်မှုများ၊ online မှတဆင့် ပစ္စည်းများဝယ်ယူရာတွင်နစ်နာမှုရှိ၍ တိုင်ကြားမှုများနှင့်ပတ်သက်သောဖြေရှင်းဆောင်ရွက်ထားရှိမှုများအခြေအနေများကိုလည်းကောင်း၊ စားသုံးရေးရာကော်မတီ၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အခြေအနေများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်တွေမြို့ ကျေးတောပိုက်ဆိပ်ရှိ ငပိထုတ်လုပ်သောစက်ရုံအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တာရာယ်ကင်းရှင်စေရေးအတွက် FDA၊ ကျန်းမာရေး၊ မွေးကု၊ စည်ပင်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် (၂၄.၆.၂၀၂၀) နေ့တွင် စစ်တွေမြို့ ကျေးတောပိုက်ဆိပ်ရှိ ငပိစက်ရုံအား သွားရောက်စစ်ဆေးပြီး ငပိများတွင် ဓာတုဆိုးဆေးများ သုံးစွဲထားရှိမှု ရှိ၊ မရှိ (mobile lab van)ဖြင့် စစ်ဆေးခြင်းကို FDA၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပြီး ဓာတုဆိုးဆေးများ သုံးစွဲထားရှိသည့် ငပိ(၅)ပိဿာအား သိမ်းဆည်းခဲ့ခြင်း ဆောင်ရွက်ခဲ့ပြီး နောက်ထပ် ငပိများတွင် ဓါတုဆေးဝါးများသုံးစွဲမှုမရှိစေရေး အသိပညာပေးပြောကြားခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။

ရခိုင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

 

လယ်ယာထုန်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   -  ဇွန် ၂၅ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

               အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ယခင်နှစ်မှစ၍ တောင်သူ လယ်သမားအကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဦးဆောင်အဖွဲ့ကို တင်ပြခဲ့ပြီး စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်း  သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်နိမ့်ကျနေသော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် စပါးဝယ်ယူရန်အတွက် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျပ် ၁၅ ဘီလီယံမှ ကျပ် ခုနစ်ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး ဝယ်ယူလက်ခံထားသော ဆန်များထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၈၀၀ နှင့် အခြေခံလူတန်းစားများကို ရောင်းချရန်အတွက် ဆန်တန်ချိန် ၈၀၀၀ အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တစ်ဆင့် ရောင်းချပေးခဲ့ပါကြောင်း၊ ယခုနှစ်အတွက်  အခြေခံစပါးဈေးနှုန်းသတ်မှတ်ရန် ဝယ်ယူမည့်ပမာဏ၊ လိုအပ်မည့်ငွေ၊ တင်ဒါစနစ်ဖြင့် ဆန်ပြန်လည်လက်ခံရာတွင် ဆန်အရည်အသွေးပိုင်းအနေနှင့်ပတ်သက်ပြီး ဆွေးနွေး ပေးစေလိုကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ဖြစ်သင့်သည့်ဈေးနှုန်းကို တင်ပြစေလိုပါကြောင်း၊ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူခဲ့ရာတွင် အခက်အခဲရှိသော်လည်း စပါးဈေးနှုန်း ငါးသိန်းအောက် မကျသည့်အတွက် အောင်မြင်သည်ဟု သုံးသပ်ရပါကြောင်း၊ ထို့အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်ရန်ကိစ္စ၊ ဝယ်ယူမည့်ပမာဏ၊ လိုအပ်သည့်ငွေကြေးပမာဏ၊ တင်ဒါလက်ခံမည့် ဆန်အရည် အသွေးကိစ္စရပ်များကို ဆွေးနွေးပေးရန် ပြောကြားသည်။

               ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဆန်စပါးစျေး ကွက်နှင့် စျေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိ သူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်ကြီးနားခရိုင်ခရိုင်ရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ်(ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ)(Apron& Drain)အပါ အဆောက်အဦဆောက်လုပ်ခြင်း လုပ်ငန်းအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ရာ အမိုးမိုးခြင်း၊ အပေါ်ထပ်အုတ်စီခြင်း၊ တံခါးကျည်းခွေပြုလုပ် ခြင်း၊ အုတ်ရိုးနံရံအချောကိုင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၄.၆.၂၀၂၀ ရက်နေ့အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ ၇၈% ခန့် ပြီးစီးပြီးဖြစ်ပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

စစ်ကိုင်းခရိုင် ရေသန့်လုပ်ငန်းရှင်များအသင်းဖွဲ့စည်း

စစ်ကိုင်းခရိုင် ရေသန့်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို စားသုံးသူ ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးခန်းမ၌ (၁၈.၆.၂၀၂၀)ရက်နေ့ (၁၃:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး  အဆိုပါအခမ်းအနားကို စစ်ကိုင်းခရိုင်ရေသန့်လုပ်ငန်းရှင်များ စုစုပေါင်း (၂၁)ဦး  တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထ ညွှန်ကြားရေးမှူး) မှ  ယခုလို စစ်ကိုင်းခရိုင် ရေသန့်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း ပြုလုပ်ရသည့်အတွက်  အလွန်ဝမ်းသာမိပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရသလို ပြည်တွင်းကုန်သွယ်ရေးမြှင့် တင်ရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန်မြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်ရကြောင်း၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ မျှော်မှန်းချက်မှာ ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသား စီးပွားရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရန် ဖြစ်ပါကြောင်း၊ မျှော်မှန်းချက်အပေါ် အခြေခံ၍ ကုန်သွယ်ရေးကဏ္ဍရည်မှန်းချက်များကို ကုန်သွယ်မှုပမာဏ တိုးတက်ရေးဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင် ဆောင်ရွက်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ ဈေးကွက်ဝေစု ပိုမိုအောင် ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီရန် ရည်မှန်းချက်များကို ထားရှိပါကြောင်း၊ အသင်းဖွဲ့စည်းခြင်းအားဖြင့် လုပ်ငန်းရှင် အချင်းချင်း စည်းလုံးညီညွှတ်မှုရှိခြင်း၊ တစ်ဦး အခက်အခဲကို အသင်းကြီးက ကူညီဆောင်ရွက် ပေးနိုင်ခြင်း၊ ဒေသတွင်း ရေသန့်လုပ်ငန်း အားကောင်းလာလျှင် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင် သည့် အဖွဲ့အစည်း ဖြစ်လာမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အသင်းကြီး၏ အင်အားနှင့်လိုအပ်သည့် အကူအညီ များအား ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသည့် ရေသန့်များအား ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်းစသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်စေလိုပါကြောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ရေသန့်လုပ်ငန်း ရှင်များ၏ အဆိုပြုချက်နှင့်တာဝန် ပေးအပ်ခြင်း ခံရသော ရေသန့်လုပ်ငန်းရှင်များ၏ သဘောတူညီ မှု ဆန္ဒအရ စစ်ကိုင်းခရိုင်ရေသန့်လုပ်ငန်းရှင်များ၏ သဘောတူညီမှုဖြင့် အလုပ်အမှုဆောင်(၂၁)ဦး၊ အသင်းသား (၂၁)ဦး ဖွဲ့စည်းထားရှိပါကြောင်း သတင်းရရှိပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့

စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး) ဦးဆောင်၍ ခရိုင်စစ်ဆေးရေးအရာရှိ၊ ဌာနခွဲတာဝန်ခံ၊ မြောင်မြို့နယ် တာဝန်ခံ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ (၁၆.၆.၂၀၂၀)ရက်နေ့၊ (ဝ၉း၃၀ )အချိန်တွင် မြောင်မြို့ နယ်၊ စည်ပင်ဈေးအပြင်ဘက်ရှိ ကုန်စုံဆိုင် (၄)ဆိုင်နှင့် တိုင်းရင်းဆေး အရောင်းဆိုင် (၁)ဆိုင် စုစုပေါင်း(၅)ဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးသူပြည်သူများအတွက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ရောင်းချသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်အမှတ်အသားများဖော်ပြရာ၌ ပြည့်စုံစွာ မှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများမှ တားမြစ်ထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချလျှက်ရှိသော ကုန်စည်အချို့သည် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ဆက်လက်ရောင်းချ ခြင်း မပြုရန် တားမြစ်ခဲ့ပြီး ဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေ၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။ ဝယ်ယူခဲ့သည့်ဆိုင်များကိုလည်း ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက် များနှင့် ကိုက်ညီအောင် ဖော်ပြပေးရေးတဆင့် ပြောကြားပေးရန် ဆွေးနွေး ပြောကြားခဲ့ပါကြောင်း သတင်း ရရှိပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကုန်မျိုးစုံဆိုင်များနှင့် အထည်ချုပ်လုပ်ငန်းအား အသိပညာပေးကွင်းဆင်းဆောင်ရွက်

(၂၃.၆.၂၀၂၀)ရက်နေ့တွင် ဒိုက်ဦးမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများမှ ဖအောင်ဝဲရပ်ကွက်ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် အထည်ချုပ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ  ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ ( စုံစမ်းစစ်ဆေးရေးအဖွဲ့ ) ဖြင့် ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး ) ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ(စုံစမ်းစစ်ဆေးရေးအဖွဲ့) ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

      အဆိုပါ ရေသန့်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝ မှန်ကန်ရမည်ဖြစ်ကြောင်း၊ ရေဘူးများကို စင်ပေါ်တွင် စနစ်တကျတင်ထားရန်နှင့် ရေဘူးများကို သေချာသန့်စင် စစ်ဆေးဆေးကြောပြီးမှ ရေများကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ ( CICC ) အား တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လုပ်ငန်း လိုင်စင်များရယူထားခြင်း ရှိ/မရှိ၊ COVID – ၁၉  ကာလအတွင်း ရေသန့်စက်ရုံများ လိုက်နာ ဆောင်ရွက်ရန်ချမှတ်ထားသော ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ၊  စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေခြင်း ရှိ၊မရှိ  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

      စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထ ညွှန်ကြားရေးမှူး)၊ စစ်ဆေးအရာရှိတာဝန်ခံ၊ ဌာနခွဲတာဝန်ခံ၊ မြင်းမူ၊ မြောင်မြို့နယ် တာဝန် ခံများနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍  မြင်းမူ၊ မြောင် စည်ပင်သာယာဈေးများသို့ COVID – 19  ကာကွယ်ရေးဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးသူ/သားများအား စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးကုန်များ ပြည့်စုံစွာ ပါရှိသည့် ကုန်စည်များကို ရွေးချယ်ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။   

        ဆက်လက်၍ ရောင်းချနေသော စားသုံးကုန်စည်မှ သက်တမ်းလွန်၊ FDA တားမြစ် စားသောက်ကုန်များ  တားမြစ်ခြင်းလည်း ဆောင်ရွက်ခဲ့ပြီး ဈေးပိုင်ရှင် များအား လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ