Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Mie Sedaap အမှတ်တံဆိပ်စားသောက်ကုန်များ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဇေယျာအောင်သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ဖြင့်ပူးပေါင်း၍ 14.10.2022 ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်းရှိ ကုန်စုံဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စားသုံးရန်မသင့်သော အစားအသာက်နှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန် အသိပေးကြေငြာချက်အရ အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်များသည် Ethylene Oxide သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသဖြင့် စားသုံးသူပြည်သူများစားသုံးမိပါက ချက်ချင်းအန္တရာယ် မဖြစ်နိုင်သော်လည်း ရေရှည်စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်မှုရှိ‌သော ဘေးအန္တရာယ်ရှိသည့် စားသောက်ကုန်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေး တွေ့ရှိပါက ဈေးကွက်အတွင်းမှ ဖယ်ရှားသိမ်းဆည်းနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)

 

စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

နေပြည်တော်၊ ၁၈-၁၀-၂၀၂၂

                   အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄) ဖွဲ့အနက် လုပ်ငန်းအဖွဲ့ (၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများအကောင် အထည်ဖော်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ၍ အဖွဲ့ဝင် (၁၂) ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့ (၄) ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၈-၁၀-၂၀၂၂ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

                  အဆိုပါအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအဖွဲ့ (၄) အနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (Trade Facilitation Agreement) ပါ Article 5.1: Notification for Enhanced Controls or Inspection နှင့် Article 5.3: Test Procedures တို့ကို အဓိကအကောင်ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ရာ  Article 5.1 နှင့် 5.3 တို့ နှင့်ပတ်သက်၍ သက်ဆိုင်ရာ Competent Authority အလိုက် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာ (Notification) များ၊ လမ်းညွှန်ချက် (Guideline) များအား စုစည်းတင်ပြသွားရန်၊ သွင်းကုန် ကြေညာလွှာတင်သွင်းထားသည့် ကုန်ပစ္စည်းနမူနာ၏ ပထမအကြိမ်စမ်းသပ်စစ်ဆေးမှု ရလဒ်သည် ကွဲလွဲမှုရှိနေပါက ကုန်ပစ္စည်းတင်သွင်းသူအနေဖြင့် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးမှုကို တောင်းခံ နိုင်ရေးအတွက် ခွင့်ပြုနိုင်သည့် လုပ်ထုံးလုပ်နည်း သို့မဟုတ် အမိန့်ညွှန်ကြားချက်များကို သတ်မှတ် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးရန် ခွင့်ပြုလိုက်မည်ဆိုပါက ဒုတိယအကြိမ်စစ်ဆေးနိုင်မည့် ISO/IEC 17025 လက်မှတ်ရ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည် ပြည်ဆိုင်ရာ ဓာတ်ခွဲခန်းများ၏ အမည်များနှင့် လိပ်စာများကို တရားဝင် ထုတ်ပြန်ကြေညာနိုင်ရေး ‌ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းအဖွဲ့ (၄) အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းအဖွဲ့(၄)၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (၄) အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိရပါသည်။

ITQM, DOCA

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ တာချီလိတ်-ကျိုင်းတုံသွားလမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာများသည် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်ဈေးအတွင်းသာ ရောင်းချရန်မှာကြားပြီး စက်သုံးဆီပြတ်လပ်မှုမရှိစေရေး လက်ကျန်အခြေအနေစစ်ဆေးခြင်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိဈေးကွက်စောင့်ကြည့်စစ်ဆေး

        ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သစ်ရပ်ကွက်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။

      အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အ.မ.က မြို့သစ်ကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာလ (၁၂)ရက် နံနက်(၁၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ အ.မ.က မြို့သစ်ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၄)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါ သည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များ အစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်မြို့အတွင်း စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ

         လတ်တလော စားသုံးဆီဈေးနှုန်းများမြင့်တက်လာမှုအပေါ် ပုသိမ်မြို့ပေါ်ရှိ စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးကို ရည်ရွယ်၍ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)နှင့်ပုသိမ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်စေရန်နှင့်စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်စားသုံးသူပြည်သူများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့်နေ့စဉ် ရောင်းချပေးလျက်ရှိရာ (၃.၁၀.၂၀၂၂)ရက်နေ့တွင် မှန်စက်ရုံဝန်းနှင့်မာတရပ်ကွက်၊ (၄.၁၀.၂၀၂၂)ရက်နေ့တွင် စက်ကုန်းနှင့်ဘိုကုန်းရပ်ကွက်၊ (၅.၁၀.၂၀၂၂)ရက်နေ့တွင် ရေခဲစက်ဟောင်းလမ်းနှင့်ရွှေဝတ်မှုန်ရပ်ကွက်၊(၆.၁၀.၂၀၂၂)ရက်နေ့တွင် ကင်မလင်း ကျွန်းရပ်ကွက်နှင့် မြကျွန်းသာရပ်ကွက်၊ (၇.၁၀.၂၀၂၂)ရက် နေ့တွင် အလယ်ကုန်းနှင့် မြဝတီရပ်ကွက်၊ (၈.၁၀.၂၀၂၂) ရက်နေ့တွင် တန်တစ်ရာ၊ စံစီဖိုး ရပ်ကွက် စသည့် ရပ်ကွက်များအား တစ်ရက်လျှင်ရပ်ကွက်(၂)ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ (၆)လုံး၊ တစ်နေ့လျှင် ဆီပေပါ(၁၂)လုံး၊ လူတစ်ဦးလျှင်(၁)ပိဿာဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူ များမှ စနစ်တကျတန်းစီဝယ်ယူအားပေးကြကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများအကျိုးကို မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်လျှက်ရှိရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် သာပေါင်းမြို့နယ်အတွင်းရှိ နေယုဆန်စက်သို့သွားရောက်၍ ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့ပါသည်။

       ကွင်းဆင်းစစ်ဆေးမေးမြန်းရာတွင် ထုတ်လုပ်နိုင်မှု၊ စပါးဆန်ဈေးနှုန်း ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှစေရေးအတွက် အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၁၂)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောဈေးနှုန်းနှင့် ရောင်းချခြင်းရှိစေရန်၊ အချိန်အတွယ်မှန်ကန်မှုရှိစေရန် စသည်တို့အားစစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ငပုတောမြို့နယ်ရှိ ကုန်စုံဆိုင်များမှ ဆပ်ပြာမှုန့်များအား ကွင်းဆင်းစစ်ဆေး

        ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာမှုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      အဆိုပါဈေးအတွင်းရှိအရောင်းဆိုင်များတွင် E-Land,Win အစရှိသည့် ဆပ်ပြာမှုန့်များအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှု မရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့မဈေးအတွင်း ရောင်းချနေသည့် စားသုံးဆီဘူးများအား ကွင်းဆင်းစစ်ဆေး

        ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ ရောင်းချနေသော စားသုံးဆီများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အောက်တိုဘာလ(၁၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     အဆိုပါဈေးအတွင်းရှိအရောင်းဆိုင်များတွင် Goody အမှတ်တံဆိပ် စားသုံးဆီဘူးများအား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှု မရှိသောကုန်စည်များ၊ မြန်မာဘာသာ ဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ