Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

        တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်(၉:၃၀) အချိန်နှင့် နေ့လယ် (၁၃:၃၀)အချိန်တို့ တွင် ကော့သောင်းမြို့ အ.ထ.က (၁၀)မိုင်ကျောင်းနှင့် အ.လ.က(ခွဲ)(၇)မိုင်ကျောင်းတို့တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် ဦးစီးမှူး ဒေါ်မြသီတာက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန် များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဆေးဖက်ဝင်အပင်များအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်း ကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အ.ထ.က(၁၀)မိုင်ကျောင်းနှင့်အ.လ.က(ခွဲ) (၇)မိုင် ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန် များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဂျုံခေါက်ဆွဲလုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးခြင်း

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အသေးစားစက်မှု လက်မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ တော်ကော့ရပ်ကွက်အတွင်းရှိ ဂျုံခေါက်ဆွဲလုပ်ငန်း(၃)ခုတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ယုန်တံဆိပ်၊ ကျောက်စိမ်းတံဆိပ်နှင့် ငါးစုံတွဲတံဆိပ် ဂျုံခေါက်ဆွဲတို့ တွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါ သည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများမှစ၍ စနစ်တကျ သိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ကြပါသည်။

DOCA(ရှမ်း)

စားအုန်းဆီများ ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ လှိုင်ဈေး၊ တောင်ပေါ်တန်း၊ ကော့လှာကျေးရွာတို့တွင် ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချခဲ့သော စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့ရောင်းချသော ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၂၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၆.၁၀.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများအား လမ်းညွှန်မှာကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် တိုင်းပြည်အတွက် အရေးကြီးသော  ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ခုတွင် စီးပွားရေး ကောင်းမှ  လူမှုရေးနှင့် အခြားကဏ္ဍများ ကောင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကွာခြားခြင်းကို သိရှိထားဖို့လိုကြောင်း ၊ ကုန်သွယ်ရေးသည်  ဒေသတွင်းရှိပြီးသား ကုန်စည်နှင့်ထွက်ကုန်များကို  ပြည်ပသို့ ပို့ခြင်း၊  ကုန်စည်တွေကို ပြည်ပမှ တင်သွင်းခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးသည် ကျယ်ပြန့်ပြီး ပြည်ပသို့ ပို့မည့် ကုန်စည်မှန်သမျှကို ကုန်ကြမ်းစုဆောင်း စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ပြည်ပသို့ တင်ပို့နိုင်သည့် ကုန်စည်ဖြစ်သည်အထိ ကွင်းဆက် (Supply Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် လုပ်ငန်းတိုင်းကိုဆိုလိုကြောင်း၊ ပြည်တွင်းကုန်သွယ်မှုသည်လည်း ကူးသန်းရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းတိုင်းသည် တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ ဝန်ထမ်းများကလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင်  တာဝန်ထမ်းဆောင်ရခြင်းကို ဂုဏ်ယူ သင့်ကြောင်း ၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူအားလုံး အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှု ဖြစ်စေရန် မျှော်မှန်းပြီး ဝန်ကြီးဌာန၏ Vision ဖြစ်သည့် “ Inclusive  Trade  for National Development ” “ အားလုံးအကျိုးခံစားရသောကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ” ကို ဝန်ထမ်းတိုင်းအားလုံး စိတ်တွင်စွဲမှတ်၍ မျှော်မှန်းချက် ပြည့်မြောက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် လမ်းညွှန်ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း စားသုံးသူကာကွယ်ရေးအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ဖို့ မိမိဒေသတွင်ရှိသည့် သီးနှံအထွက်နှုန်း ၊ စိုက်ဧက ၊ စက်ရုံ ၊ အလုပ်ရုံ၊ ကုန်ချောထွက်ရှိမှုအခြေအနေ စသည့် ဒေသန္တရအချက်အလက်များကို သိရှိထားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတိုင်း မိမိလုပ်ရသည့် ဘာသာရပ်ကို ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ Technical Skills၊ Digital Skills ကျွမ်းကျင်ရန်၊ အင်္ဂလိပ်စာကိုလည်း လေ့လာထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်နှင့် စိတ်ခံစားချက်တွင် တာဝန်ကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် ၁၇.၁၀.၂၀၂၂ ရက်နေ့ (၁၀:၀၀) နာရီတွင် ကျိုက်ထိုမြို့၊ ရွှေဥဩရပ်ကွက်၊ မြို့ပတ်လမ်းပေါ်ရှိ မှူးနဒီ ဆိုင်ကယ်အရောင်းကုမ္ပဏီပြခန်းသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေပါလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ အာမခံပေးထားသည့်အတိုင်း ဝန်ဆောင်မှုအပြည့်အဝဆောင်ရွက်ပေးရန်၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မှီမှန်ကန်သော ကုန်စည်များအား ရောင်းချနိုင်ရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်များအား ရောင်းချရေး၊ အာမခံပေးထားသည့်ကာလအတွင်း တစ်စုံတစ်ရာ ချွတ်ယွင်း ပျက်စီးထိခိုက်မှုရှိပါက သတ်မှတ်ချက်အတိုင်း အမှန်တကယ်ဆောင်ရွက်ပေးရန်၊ ပြုပြင်ပေးရန်၊ လျော်ကြေးပေးရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

        ကယားပြည်နယ်သည် အစေ့ထုတ်ပြောင်းသီးနှံကို စီးပွားဖြစ်အဓိကစိုက်ပျိုးသော ဒေသဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်း(မိုး)ကို လွိုင်ကော်ခရိုင်တွင် (၃၄၆၇၇) ဧကခန့်နှင့် ဘောလခဲခရိုင်တွင် (၃၃၃) ဧကခန့်စိုက်ပျိုးလျက်ရှိပါကြောင်းသိရှိရပါတယ်။

       ကယားပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းကို ရန်ကုန်သို့အဓိကတင်ပို့ ကြလျက်ရှိပြီး အခြားမြို့ကြီးများဖြစ်သည့် မန္တလေး၊ တောင်ကြီးမြို့များသို့ အနည်းငယ်တင်ပို့မှု ပြုလုပ်ကြသည်ကိုလည်းတွေ့ရပါတယ်။ ပြည်နယ်အတွင်းဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀ ကျပ်မှ ၇၅၀ကျပ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ပါတယ်။ ယခင် စက်တင်ဘာလအတွင်း ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့ အစေ့ထုတ်ပြောင်း တင်ပို့မှုမှာ(၇၆၁)တန်ခန့်ရှိကြောင်းနှင့် အောက်တိုဘာလ  ယခုအပတ်အထိ ကယားပြည်နယ်မှ အခြားမြို့ကြီးများသို့အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ(၃၈၀)တန်ခန့် တင်ပို့လျှက် ရှိပါကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။

DOCA(ကယား)

ကုန်ပစ္စည်းအမျိုးစုံ အရောင်းဆိုင်နှင့်ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ကယားပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ် ကွက်နှင့် မင်းစုရပ်ကွက်ရှိ ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်အရောင်းဆိုင်များ၊ ဆေးဆိုင်များအား မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအ မှတ်အသားသတ် မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိ မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အများစုတွင် မြန်မာနိုင်ငံစားသုံးသူ ရေး ရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါကုန်အညွန်းအမှတ်အသား သတ်မှတ် ချက်များ နှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လွိုင်ကော်မြို့အတွင်းရှိ ဈေးဆိုင်များ၊ ဆေး ဆိုင်များ၊ ကုန်မျိုးစုံရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်၊ Covid-19 စည်းကမ်းချက်များနှင့်အညီ ရောင်းချသွားကြရန်နှင့် သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့် မကိုက်ညီသည့် အရောင်းဆိုင်များစစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း၊ Covid-19 စည်းကမ်းသတ်မှတ်ချက်များအရသော်လည်းကောင်း အရေးယူမှုများ၊ ပြစ်မှုပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း ကုန်မျိုးစုံအရောင်းဆိုင်နှင့်ဆေးဆိုင်(၂၀)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုးလုပ်ငန်းသို့ သွားရောက်လေ့လာခြင်း

        မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ ဒေါ်ကျင်လှိုင် အိုးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြသည်။

       အိုးထုတ်လုပ်ရာတွင် သဲ၊ ရွှံ့စေးတို့ကို အသုံးပြုရပြီး သဲတစ်ကျင်း၊ ရွှံ့တစ်ကျင်း အသုံးပြုလျှင် အိုးမျိုးစုံ (၁၀၀၀)ခန့်ထွက်ရှိပြီး အိုးတစ်ဖို ဖုတ်လျှင် အိုးမျိုးစုံပါဝင်သည့် အိုးအလုံးရေ (၅၀၀) ပါဝင်ရန် တန်ဖိုးငွေကျပ် (၃၀၀၀၀၀) ရင်းနှီးမြှုပ်နှံရကြောင်း၊ အိုးအမျိုးအစားများမှာ သောက်ရေအိုး၊ ပေါင်းအိုး၊ ပန်းအိုး၊ ငပိအိုး၊ ဘုရားပန်းအိုး အပါအဝင် (၂၅) မျိုးခန့် ထုတ်လုပ်ကြောင်း၊ အိုးတစ်လုံးထုတ်လုပ်ရန် ပျမ်းမျှကုန်ကျစရိတ် (၈၀၀)ကျပ်ဝန်းကျင်ရှိကြောင်း၊ ရောင်းဈေးမှာ ရေအိုးတစ်လုံးလျှင် လက်လီဈေး (၁၅၀၀)ကျပ်၊ လက်ကားဈေး (၁၂၀၀) ကျပ်ရောင်းချကြောင်း၊ အဆိုပါအိုးများကို မော်လမြိုင်၊ ဘားအံ၊ ပဲခူးမြို့များသို့ တင်ပို့ ရောင်းချကြောင်း၊ နွေရာသီတွင် ပိုမိုရောင်းချရကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၉.၁၀.၂၀၂၂ရက်နေ့တွင် ဗန်းမော်မြို့၊(3)မိုင်ရပ်ကွက်မှ ကုန်မျိုးစုံရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ၏အဓိပ္ပါယ်ဖော်ပြချက်မှ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့ အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူကို စမ်းသပ်နိုင်မည့်အခွင့်အရေးပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိ ပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်းတိုကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ထားဝယ်မြို့ပေါ်ရှိမုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဝန်ထမ်းများသည် အောက်တိုဘာလ၊ ၁၈ ရက်၊ နေ့ ၁၄:၀၀ နာရီ အချိန်တွင် ထားဝယ်မြို့ပေါ်ရှိ မုန့်တိုက်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

        ထိုသို့စစ်ဆေးရာတွင် မုန့်တိုက်လုပ်ငန်းရှင်များနှင့် မုန့်ဆိုင်ဝန်ထမ်းများအား ကုန်စည်နှင့် ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြထား ရှိရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့်အချက်အလက်များအား မိမိတို့ ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို လာရောက်လျောက်ထားစေလိုကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရ ပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ