Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁-၈-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၉၄ / ၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) နှင့်စပ်လျဉ်၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆ / ၂၀၁၈) ဖြင့် ထုတ်ပြန်ထား ပါသည်။

          အဆိုပါ အမိန်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အာဏာ သက်ရောက်မည်ဖြစ်ပြီး တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း ( Multi Level Marketing ) လုပ်ကိုင်ဆောင်ရွက်နေသည် ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

စားသုံးသူ(ပြည်သူများ)အား တိုက်တွန်းချက်

၁။      ယခုအခါ တိုးတက်လာသော ခေတ်နှင့်လျှော်ညီစွာ Online Shopping လုပ်ငန်းများ များပြာစွာ ပေါ်ပေါက်လာပါသည်။ ထိုကဲ့သို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများရှိသကဲ့သို့ မမှန်မကန် တာဝန်ယူမှုမရှိသော လုပ်ငန်းများ၊ ပြန်လည်ဆက်သွယ်၍မရရှိသော လုပ်ငန်းများ ရှိနေသည့် အတွက် စားသုံးသူရေးရာဦးစီးဌာန Website Complaint System နှင့် CICC Facebook Page သို့ တိုင်ကြားမှုများ၌ အချို့သော ကိစ္စများတွင် ဖြေရှင်းပေးရန် အခက်အခဲများ တွေ့ကြုံလာရပါသည်။

၂။      အောက်ပါအခြေအနေများကဲ့သို့ အာမခံချက်ရှိသော ဝန်ဆောင်မှုများတွင် ဝယ်ယူသုံးစွဲကြပါ ရန် တိုက်တွန်းအပ်ပါသည်-

  • မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Website များ (ဥပမာ - https://www.xyz.com.mm) တွင်လည်းကောင်း
  • လုပ်ငန်းတည်နေရာ၊ လိပ်စာ၊တိကျစွာဖော်ပြပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Fax တို့ ဖော်ပြပြီး အမှန်တကယ် တည်ရှိကြောင်း အာမခံမှုရှိသည့် Online Shopping တွင် လည်းကောင်း
  • အခက်အခဲ ပြဿနာပေါ်ပေါက်ပါက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနိုင်ကြောင်း အာမခံချက်ရှိသည့် Online Shopping တွင်လည်းကောင်း
  • မိမိကဲ့သို့ ဝယ်ယူသုံးစွဲခဲ့သော စားသုံးသူများ၏ ထောက်ခံအားပေးမှုရှိသော Online Shopping တွင် လည်းကောင်း
  • Facebook နှင့် website (၂)ခုစလုံးတွင် တိကျသောတာဝန်ခံမှု၊တာဝန်ယူမှုရှိသော Online Shopping တွင်လည်းကောင်း ရွေးချယ်ဝယ်ယူကြပါရန်

 

မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

         မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကို ၁၀.၉.၂၀၁၈ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ထို့နောက် မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် GRO Myanmar Project Director Ms.Sarah Elizabeth Constance မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

              ဆက်လက်၍ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ကဏ္ဍအလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးကြပြီး ဆွေးနွေးရရှိချက်များအပေါ် သက်ဆိုင်ရာဌာနအသီးသီးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအဖွဲ့ ဥက္ကဌ (ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး) ဦးစောအောင်မြင့်ခိုင် မှ အစုအဖွဲ့ (၇) စု မှ ဆွေးနွေးခဲ့သော လိုအပ်ချက်များအား ရာဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း၊ မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် အတွင်းရှိ ရာဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း အသင်းဝင်များ၊ ရာဘာလုပ်ငန်း ဆောင်ရွက်နေ သော အဝယ်ဒိုင်၊ စက်ရုံ၊ အလုပ်ရုံနှင့်ရာဘာသစ်ထုတ်လုပ်နေသော လုပ်ငန်းရှင် များတက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲအား (၁၆:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ချက်များ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကျိုင်းတုံမှ ဝန်ထမ်းများ သည်  (၇.၉.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍  ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စုံစမ်းထောက်လှမ်းခြင်းနှင့် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကြိုတင်အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါတယ်။  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ကျိုင်းတုံမြို့မစျေးအတွင်းရှိ ပိုးသတ်ဆေး/ပေါင်းသတ်ဆေး / မျိုးစေ့အရောင်းဆိုင်များ ကုန်ဆုံဆိုင်များ အေးခဲအသားဆိုင်များ မုန့်မျိုးစုံဆိုင်များအား စျေးကွက် စောင့်ကြည့်စုံစမ်းထောက်လှမ်းခြင်းနှင့်အတူ ကုန်စည်နှင့်ဝန်ဆောင်မှုများရောင်းချရာတွင် လိုက်နာရမည့်အချက် များအား အသိပညာပေးခြင်းလုပ်ငန်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း  လိုက်နာမှုအားနည်းနေသည်ကို တွေ့ရှိရသဖြင့်  ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏(၇/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်အရ  ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အောက်တိုဘာလမှစ၍ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းအား ကြိုတင်အသိပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ 

                                                                            

ကသာခရိုင်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပြပြီး သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ကသာခရိုင်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၂၉)ရက် ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ကျင်းပပြု လုပ်ခဲ့ရာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦး၊ အခြားတက် ရောက်သူ (၄)ဦး၊စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူးလက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်အုန်းက ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာအနေဖြင့် ကွင်းဆင်းအသိပညာပေးဟော ပြောပွဲ(၂၉) ကြိမ်၊ကွင်းဆင်းစစ်ဆေးမှု(၂၄) ကြိမ်၊ လုပ်ငန်းရှင်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း(၈)ကြိမ်၊ SME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်း(၇)ကြိမ်၊ စုစုပေါင်း(၆၁)ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇူလိုင်လ(၁၈)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည်များကို အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ထီးချိုင့်မြို့ နယ် မောင်းကုန်းကျေးရွာမှ Oxygen သောက်ရေသန့်ထုတ်လုပ်နေမှုသည် တရားမဝင်ထုတ်လုပ်နေ ကြောင်း ထီးချိုင့်မြို့နယ် လွတ်တော်ကိုယ်စားလှယ်မှ ခရိုင်အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ နသို့ သတင်းပေးမှုအပေါ် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သြဂုတ်လ အတွင်း  ကသာမြို့ဆေးဆိုင်များမှ သိမ်းဆည်းထားသည့် သက်တမ်းလွန်ဆေးဝါးများ၏ တန်ဖိုး(၄၉၁၈၀၀/-)ကျပ်တန်ဖိုးရှိ ကုန်ပစ္စည်းများကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ခရိုင် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ အဖွဲ့စုံဖြင့် (၆)ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

 

လှလှခိုင်(ကသာ)

စားသုံးသူရေးရာဦးစီးဌာနတွင်Tuesday Talk အခမ်းအနားကျင်းပခြင်း

၂၀၁၈ခုနှစ် ၊စက်တင်ဘာလ ၄ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ Tuesday Talk အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွန်ကြားရေးမှူး ဦးဆွေတင်ကြူးမှ Consumer Redress System in KOREA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေအေးလွင်မှ ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများထိခိုက်နစ်နာမှုလျော့ပါး သက်သာစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီမံခန့်ခွဲဆောင်ရွက်မှုအချက်အလက်များ လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း ချင်းစျေးကွက်အခြေအနေ

ယခုတစ်ပတ်အတွင်း အောင်ပန်းစျေးကွက်နှင့် ဟိုပုံးစျေးကွက်တို့တွင် ချင်း(စို) စျေးနှုန်းမှာ ယခင်အပတ်အတွင်းစျေးကျသွားသော်လည်း ယခုတစ်ပတ်အတွင်းတွင် တစ်ပိဿလျှင် ၁၀၀ိ/ မှ ၃၀၀ိ/ အထိ စျေးနှုန်းမြင့်တက်လာပါတယ်။ ပြည်ပတင်ပို့ဖို့ရှိသည့်အတွက် စျေးတက်လာခဲ့ကြောင်း သိရပါတယ်။ ချင်းဥမ တွေက လက်ကျန်သိပ်မရှိတော့ပဲ အဝင်နည်းပါးနေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ အတွက် စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် ဝယ်လက်တွေက အဝယ်ရှိနေသလို အိန္ဒိယကို တင်ပို့ဖို့အတွက် တမူးဝယ်လက်တွေကလည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်း(ဥမ)တွေစျေးကောင်းလာတော့ အရင်က မဖော်ဘဲထားခဲ့တဲ့ချင်း(တက်) တွေကို လည်းတူးဖော်လာပြီးစျေးကွက်ဝင်လာပါတယ်။ အဲဒီ့အခက်လှကြီးတွေကတော့ ပြည်တွင်းသုံး အတွက် ဝယ်ယူကြတယ်လို့လည်းသိရပါတယ်။ ဝယ်လက်တွေက ဝယ်ယူမှုများနေပြီး ပစ္စည်းလက်ကျန် နည်းနေတာကြောင့် စျေးကလည်း တက်လာပါတယ်။ ဥမ လက်ကျန်ကလည်း နည်းသွားပြီဖြစ်ပြီး ချင်းတက် (သစ်)တွေက စျေးကွက်ကိုဝင်လာဖို့ လိုပါသေးတယ်။ နောက်နှစ်ဆန်းလောက်မှသာ ဝင်လာနိုင်တယ်လို့လည်း သိရပါတယ်။

          ဟိုပုံးစျေးကွက်မှာလည်း ချင်းအဝင်နည်းသွားပြီးစျေးတက်လာပါတယ်။ ယခုအပတ် ချင်းစို ပေါက်စျေးတွေကတော့ အောင်ပန်းစျေးကွက်မှာ ချင်း (ဥမ) က တစ်ပိဿကို ၇၅၀ိ/ မှ ၈၈၀ိ/ စျေးရှိပြီး ချင်းတက် ကတော့ တစ်ပိဿကို ၁၁၀၀ိ/ မှ ၁၀၅၀ိ/ ရှိပါတယ်။

ဧဧခိုင်(တောင်ကြီး)

Country Planning Framework (CPF) ရေးဆွဲရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့အား CPF- Senior Consultant ဖြစ်သူ Mr.Seiichi Sasaki၊ GGGI-Myanmar Programme Officer နှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် မြန်မာနိုင်ငံတွင် (၅)နှစ်စာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင်းဖွံ့ဖြိုးမှုဆိုင်ရာ Country Planning Framework(CPF) ရေးဆွဲပြုစုနိုင်ရေးအတွက် ဌာန၏တာဝန်နှင့် ၀တ္တရားများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ/စီမံကိန်းများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ၊ဌာန၏ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့ပါသည်။

 

စစ်ကိုင်းတိုင်းဒေကြီးတွင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့၌ (၉.၈.၂၀၁၈) ရက်နေ့တွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်မှ နှုတ်ခွန်းဆက်စကားပြောကြား၍  လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူတောင်သူများ များနေ ပြီဖြစ်ပြီး အသင်းဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက စည်းလုံးညီညွတ်စွာ  အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်ပြခြင်းထက် အသင်း အဖွဲ့အနေဖြင့် တင်ပြခြင်းက ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ခရိုင်များရှိ လျှော်ဖြူ စိုက်ပျိုးထုတ်သူများကိုလည်း အသင်းတွင်ပါဝင်နိုင်ရေး ဖိတ်ခေါ်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လျှော်ဖြူအသင်းဥက္ကဌမှလည်း လာရောက်ဆွေးနွေးပေးရန်လိုအပ်ကြောင်းပြေကြားခဲ့ပါသည်။ ဆက်လက်၍ ယခင်က စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူအသင်းဟူ၍ မဖွဲ့စည်းရသေးဘဲ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း တာဝန်ခံများသာရွေးချယ်ထားခြင်းမှ စစ်ကိုင်းတိုင်းလျှော်ဖြူအသင်း အဖြစ် ဖွဲ့စည်းလိုကြောင်းတင်ပြရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရေးအတွက် အသင်းဖြစ်မြောက်ရေးကော်မတီကို ဦးစွာဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အသင်းဥက္ကဌကို အသင်းသားများ၏ မဲအရေအတွက်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ဒု-ဥက္ကဌများ ကိုခရိုင် (၇)ခုမှ (၁)ဦးနှုန်းဖြင့် ဒု-ဥက္ကဌ (၇)ဦးရွေးချယ်တင်မြှောက်ပြီး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများကို မဲဖြင့် ရွေးချယ်သွားရန် စီစဉ်ထားပါကြောင်း၊ အသင်းဖွဲ့စည်းပြီးစီးပါက  ဝန်ကြီးဌာနသို့ အမည်ပေါက်စာရင်းသွင်း မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ အသင်းတွင် အမြဲတမ်း EC အဖွဲ့ဝင်ပါဝင်နိုင်ရေးကို ခရိုင်များသို့လည်းအကြောင်းကြား အမည် စာရင်းကောက်ယူ မည်ဖြစ်ပါကြောင်း၊ အမည်စာရင်းပေးထားသည့် EC အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေး ကျင်းပ ရာတွင် မပျက်မကွက် တက်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများမှ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ လက်အောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလျှော်ဖြူအသင်းခွဲဖွဲ့စည်းရန် ဆန္ဒရှိကြပါကြောင်း ပြောကြား ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယင်းအစည်းအဝေးတွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းခွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီဝင်(၁၃)ဦးရွေးချယ်နိုင်ခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး သို့တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဩဂုတ်လ (၁၆)ရက်နေ့၊ (၁၇)ရက် နေ့နှင့် (၁၈)ရက်နေ့များတွင် ကျင်းပသည့်(SMEs)ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်သူများပူးပေါင်း၍ မြန်မာနိုင်ငံလျှော်ဖြူအသင်းအမည်ဖြင့် ပြခန်း(၂)ခန်း ပြသသွားကြမည်ဖြစ် ကြောင်းသိရှိရပါတယ်။

                                                                                                                                                                                                                                                             

တမူးမြို့နယ်၏ အုန်းသီးရောင်းဝယ်မှုနှင့် စျေးနှုန်းစျေးကွက်

တမူးမြို့သို့ အုန်းသီးများကို မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၏ ကျေးရွာများဖြစ်သည့် နတ်ချောင်း၊ ထိုမာ၊ သာစည်ကျေးရွာများမှလည်းကောင်း၊ ရန်ကုန်မြို့ထွက်အုန်းသီးများ  တမူးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း၊ အုန်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလ ( ၂၇/၂၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အုန်းသီးမျော ပွဲတော်အတွက် ကြိုတင်ဝယ်ယူစုဆောင်းနေပြီဖြစ်ကြောင်းသိရှိရပြီး ယခုကာလတွင် ဝင်ရောက်မှု အစဖြစ်သောကြောင့် တစ်ရက်လျှင် အုန်းသီး အလုံးရေ (၅၀၀၀) ခန့် ဝင်ရောက်လျှက်ရှိပါကြောင်း၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဒေသတွင်းအုန်းသီးတစ်လုံးလျှင် ( ၅၀၀/- ) ဝန်းကျင်နှင့် ရန်ကုန်မှ ထွက်ရှိသောအုန်းသီးတစ်လုံးလျှင် ( ၁၂၀၀/- ) ဝန်းကျင် ရောင်းဝယ်လျှက်ရှိပါသည်။ ဒေသထွက် အုန်းသီးနှင့် ရန်ကုန်ဒေသထွက်အုန်းသီးစျေးနှုန်း ကွာခြားရခြင်းမှာ အုန်းသီးအရွယ်အစား ကွာခြားမှုနှင့် အုန်းသီးအတွင်းသားမာကြောပြီး အဆံထူခြင်းတို့ကြောင့်ဖြစ်ကြောင်း တမူးမြို့နယ် အတွင်း အုန်းသီးရောင်းဝယ်သူများထံမှ ပြောကြားချက်အရ သိရှိရပါသည်။

 

စွမ်းရည် ( တမူး )

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ