Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

       ၁၀.၁.၂၀၂၀ ရက်နေ့ တွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးခင်အောင်သွင်က ကော်မတီဖွဲ့စည်းမှုဥပဒေပါပြဌာန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်မှု အခြေအနေများရှင်းလင်းဆွေးနွေးကာ ကော်မတီဝင်များမှအကြံပြုဆွေးနွေးကြပြီး နောက်ဝန်ကြီးမှ ဆက်လက်အကြံပြုနိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။

မော်လမြိုင်ကုန်စည်ဒိုင်ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

      ၈.၁.၂၀၂၀ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာနပြည်နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီး ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ ကုန်စည်ဒိုင်အသင်းလုပ်ငန်း ကော်မတီများ ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များသတ်မှတ်ရန် စသည့် အချက်များကို  ဆွေးနွေးခဲ့ကြသည်။

DDPC နှင့် အလှသစ် Shopping Centre ရှိ အစားအသောက်နှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ DDPC နှင့် အလှသစ် Shopping Centre ရှိ ဈေးဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှုမရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား ဖြစ်ပွားတတ်သော အငြင်းပွားမှုအခြေအနေများ၊ ကုန်ပစ္စည်းများတွင် မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာ သိပ္ပံချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့်ရက်ကန်းပညာဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်သို့ ဒုတိယဝန်ကြီး တက်ရောက်

    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းတွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာဆိုင်ရာဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်မှ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နံနက် (၀၉:၂၀)မိနစ်တွင် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ မန္တလေးစည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန် တို့မှ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

          ယနေ့ကျင်းပသည့်ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲတွင် သင်တန်းသား များနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် သင်တန်းကျောင်း (၁၃)ခုတို့မှ သင်တန်းသား/သင်တန်းသူ များ၏ လက်ရာများ၊ အမရပူရမြို့နယ်အတွင်းမှ ရက်ကုန်သည့် ရိုးရာချည်ထည်၊ ပိုးထည်သဘာဝ ဆိုးဆေးများကိုသာ အသုံးပြုရက်လုပ်သည့် ချည်ထည်များကို ပြခန်း ပေါင်း(၂၃)ခန်းဖြင့် ခင်းကျင်း ပြသရောင်းချလျှက်ရှိပါသည်။ အဆိုပါ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့် ဈေးရောင်းပွဲ တော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါရက်ကန်းပညာဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲ ဝင်ရောက်ခဲ့ကြသည့် အဖွဲ့များကို ၁၁.၁.၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

တောင်ကြီးမြို့ပေါ်ရှိ လက်လီရောင်းချသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား(Labelling) အကြောင်းရှင်းလင်းဆွေးနွေး

          စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား (Labelling) အကြောင်း ရှင်းလင်းဆွေးနွေးပွဲကို တောင်ကြီးမြို့ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၉) ရက်နေ့ နံနံ (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်် လက်လီရောင်းချသူများအသင်း ဥက္ကဌ ဦးအောင်ဝင်းကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ၌ ယခုအခမ်းအနားကျင်းပရခြင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား(Labelling) အကြောင်း အသေအချာ သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

          ဆက်လက်၍ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈) ပုဒ်မ(၄၁) ပါကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား(Labelling) ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရန်အချက်များ၊ မြန်မာစာဖြင့်ထည့်သွင်းဖော်ပြရန် လိုအပ်သော အချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားအချက်အလက်များ ထည့်သွင်းပြီးပါက ပြည့်စုံမှုရှိ/မရှိကို စစ်ဆေးပေးစေလိုပါက အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ ၂၀၂၀ မတ်လ(၁၆) နောက်ပိုင်း ကုန်အညွှန်းအအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကို အရေးယူဆောင်ရွက်မှုများပြုလုပ် ရမည် ဖြစ်ပါကြောင်းရှင်းလင်းဆွေးနွေးပါတယ်။

          ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်စိုးမင်းက အမျိုးသား အစားအသောက် ဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့အပြီးတွင် မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးကြပါတယ်။

          အခမ်းအနားအပြီးတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ပြီးဈေးကွက်အတွင်းဖြန့်ချီထားသော နမူနာပစ္စည်းများကို တက်ရောက်လာသူ များက ကြည့်ရှုလေ့လာခဲ့ကြပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြပါတယ်။ အခမ်းအနားသို့ တောင်ကြီးမြို့ပေါ်မှ လက်လီရောင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင် (၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါသည်။

(စောမောင်)

ဦးစီးအရာရှိ

“ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း၌ စားသုံးသူကာကွယ်ရေး ဟောပြောဆွေးနွေး”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် အရာထမ်း၊ အမှုထမ်းများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း၊ ဇဗ္ဗူရာဇ်ရွှေစင်ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာများ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ရာ ဘဏ်လုပ်ငန်းရှင် (၇၀)ဦးခန့်တက်ရောက် ခဲ့ပါသည်။

            အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ပေါ်ပေါက်လာပုံနှင့် ဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်ဝန်ဆောင်မှုဆိုင်ရာ တာဝန်ယူရမည့် အချက်အလက်များ၊ စားသုံးသူများမှ ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုများအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် အချက်အလက်များ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ ဘဏ်လုပ်ငန်းရှင်များမှလည်း ၎င်းတို့ သိရှိလိုသည့်အချက်များအား ပြန်လည် မေးမြန်းခဲ့ရာ အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဥပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါတယ်

(နှင်းနွယ်)

YGN, DOCA

မြောက်ပိုင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အင်းစိန်မြို့နယ် အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ဧရာ၀တီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်များသို့ စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့သည်။

            ရှေ့ဉီးစွာ အင်းစိန်မြို့နယ် ဧရာ၀တီဘဏ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုတိယခရိုင်ဉီးစီးမှူး ဒေါ်ထားထားလှိုင်က စားသုံး သူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းချက်ပါ ရည်ရွယ်ချက်၊ ကုန်စည်/ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖော်ပြ ချက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်က ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်များတွင် ဖော်ပြရမည့်အချက်အလက်များ၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ တိုင်ကြားခဲ့မှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသည့်ဖြစ်စဉ်များ ယခုအခါ တွင် ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များသည် ကြော်ငြာပါအချက်များနှင့်အညီ ဝန်ဆောင်မှု မရှိခြင်း၊ ငွေကြေးများ မှားယွင်းဖြတ်တောက်ခြင်း၊ Account တစ်ခုမှ အခြားAccountတစ်ခုသို့ ငွေလွှဲပြောင်းသော်လည်း စာရင်းရောက်ရှိလာမှုမရှိခြင်း၊ Call Center များအနေဖြင့် စားသုံးသူများအပေါ် မလေးစားပြောဆိုမှု၊ ဖြေရှင်းပေးမှုမရှိခြင်း၊ ဗဟိုဘဏ်၏ညွှန်ကြားမှုများ မရှိဘဲ ဒေါ်လာအကြွေများ ထည့်သွင်းပေးအပ်သည့်အတွက် တိုင်ကြားလာခြင်းများရှိသည့်အတွက် လာရောက်ဟောပြောခြင်း ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် စားသုံးသူ၏လိုအပ်ချက်များကို လေးစားစွာဝန်ဆောင်မှု ပေးစေလိုကြောင်း၊ ယခုဟောပြောချက်များကို ဂရုပြုဆောင်ရွက်ပြီး ဆင့်ပွားအသိပညာပေး စေလိုကြောင်း၊ ဘဏ်ဝန်ထမ်းများကလည်း ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါကလည်း မိမိတို့၏ဌာနကို အထောက်အထားပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။

            ဆက်လက်၍ မြန်မာ့ရှေ့ဆောင်ဘဏ်သို့လည်း ဟောပြောဆွေးနွေးခဲ့သည်၊ ဟောပြောပွဲသို့ ဧရာဝတီဘဏ်မှ မန်နေဂျာ (၁)ဉီး၊ ဝန်ထမ်း(၂၁)ဉီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်က မန်နေဂျာ(၁)ဉီး၊ ဝန်ထမ်း (၉)ဉီးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

            အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ ဧရာ၀တီ ဘဏ်၊ မြဝတီဘဏ်၊ CB ဘဏ် စုစုပေါင်း (၄)ဘဏ်နှင့် အင်းစိန်မြို့နယ်အတွင်းရှိ CB ဘဏ်သို့လည်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များကို အသိပညာပေးဟောပြောခဲ့သည်။

            အလားတူ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ (၂၇)ရက်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိဘဏ်ဖြစ်သည့် ကမ္ဘော့ဇဘဏ်နှင့် လှည်းကူးမြို့နယ်ရှိ CB ဘဏ်၊ ဧရာ၀တီဘဏ်များသို့ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုတိယ ဉီးစီးမှူး ဒေါ်နီလာဉီးက ဆွေးနွေးခဲ့သည်။

နီလာဉီး

(ရန်ကုန်)

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ ကွင်းဆင်းဟောပြောဆွေးနွေးခြင်း

            ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး ချိုးဖောက်မှု မရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရန် ရေးဆွဲဖော်ပြထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဒလမြို့နယ်အတွင်းရှိ ကုန်ပစ္စည်း ထုတ်လုပ်/ ဖြန့်ဖြူး/ ရောင်းချသူများသိရှိ လိုက်နာစေရန်အတွက် အသိပညာပေးဟောပြောပွဲ အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်၊ နံနက် (၉:၀၀) နာရီတွင် ဒလမြို့နယ် အောင်ဇေယျဈေးရှိ ဈေး တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ  စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသိန်းမင်း (ဒု-ကြီးကြပ် ရေးမှူး) နှင့် အောင်ဇေယျဈေးတာဝန်ခံ ဦးအောင်သွင်ဦးတို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသိန်းမင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ရှင်းလင်းခြင်း၊ (CICC) ရုံးများသို့ တိုင်တန်းနိုင်မှုမျာအား စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့မှု အခြေအနေ တို့ကိုလည်းကောင်း အောင်ဇေယျဈေးတာဝန်ခံ ဦးအောင်သွင်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်း ချက်များနှင့် ညီညွတ်သော ကုန် ပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား လေးစား လိုက်နာရန် လိုအပ်ကြောင်းဆွေးနွေးရာ ဈေးအတွင်း ဖြန့်ဖြူးရောင်းချ နေသူ လုပ်ငန်းရှင် (၁၇) ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။

            တက်ရောက်လာသော လုပ်ငန်းရှင်များမှ မေးမြန်းချက်များအား ဒလမြို့နယ်တာဝန်ခံမှ ပြန်လည် ဆွေးနွေးခဲ့ပြီး အောင်ဇေယျဈေးအတွင်းရှိ ဈေးဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေးအတွက် ကွင်းဆင်းပညာပေးလုပ် ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး

မန္တလေးမြို့၌ စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍အများပြည်သူထံ သဘောထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကျင်းပခြင်း

        စားသုံးသူကာကွယ်ရေးနည်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘော ထားရယူဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Public Consultation Workshop for Consumer Protection Rules – Draft) ကို မန္တလေးမြို့ Hotel Hazel Mandalay တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၉:၃၀ နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

          ထို့နောက် နည်းဥပဒေမူကြမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က နည်းဥပဒေမူကြမ်း ပြုစုရေးဆွဲထားမှုအခြေအနေနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်အောင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းရည်မွန်ဟန်တို့က နည်းဥပဒေ မူကြမ်း၏ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြ သူများမှ နည်းဥပဒေမူကြမ်းတစ်ပုဒ်ချင်းအလိုက် အသေးစိတ်ဆွေးနွေးမေးမြန်းပြီး တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှတာဝန်ရှိသူများ၊ မြန်မာစားသုံးသူများသမဂ္ဂ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်၊

Consumer Complaint Management System သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၈

          Consumer Complaint Management System သင်တန်းဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ် ရုံးအမှတ်(၅၂) နေပြည်တော်၌ (၁၈.၁၂.၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်က အဖွင့်အမှာ စကားပြောကြားပါသည်။

          ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် Upgrade Consumer Complaint Management System သင်တန်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၏ Website ဖြစ်သော www.doca.gov.mm ကို ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်လည်းကောင်း DOCA Myanmar Mobile Application ကိုလည်း ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် လည်းကောင်း စတင်အသုံးပြုနိုင်ရန် ကြေငြာနိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှင့် တိုက်ဆိုင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဌာန၏ Website မှာ Consumer Complaint System ပါရှိပြီးဖြစ်ကြောင်း၊ ယခုအခါ Consumer Complaint System အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိ သောကြောင့် ဒီစနစ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးသင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် ဌာနတွင်း၊ ဌာနပြင်ပ ဆက်ဆံရေးကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ သင်တန်း တက်ရောက်သူများအနေဖြင့် သင်ခန်းစာပို့ချမှုများကို သေချာဂရုစိုက်၍ လေ့လာမှတ်သားကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေ က Upgrade ပြုလုပ်ထားသော Consumer Complaint System နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လက်ရှိအသုံးပြုလျက်ရှိသော Consumer Complaint System တွင် စားသုံးသူတိုင်ကြားမှုများကို ရုံးချုပ်က Website မှတစ်ဆင့် Download ပြုလုပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ Hard Copy ပို့ပေးရပါကြောင်း၊ အဆင့်မြှင့်တင်မည့် Consumer Complaint System တွင် စားသုံးသူတိုင်ကြားမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများက Website မှတစ်ဆင့် တိုက်ရိုက်လက်ခံပြီး ဆက်လက် ဖြေရှင်းဆောင်ရွက်ရမည့်စနစ်ဖြစ်ပါကြောင်း၊ ယခင် Partially Online စနစ်မှ Fully Online စနစ်သို့ အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး တိုင်ကြားသည့် စားသုံးသူများကလည်း ၎င်းတို့၏ တိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်နေမှုကို ၎င်းတို့ကိုယ်တိုင် Website မှတစ်ဆင့် စစ်ဆေး ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် Consumer Complaint များကို လက်ခံဖြေရှင်းဆောင်ရွက်ရာတွင် စားသုံးသူများနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ ရမည်ဖြစ်သောကြောင့် အမှားအယွင်းတစ်စုံတစ်ရာ မဖြစ်ပွားစေရေး အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ယခုသင်ကြားပေးမည့် Upgrade Consumer Complaint System ကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

             သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား (၃၄)ဦး USAID အဖွဲ့မှ နည်းပညာကျွမ်းကျင်သူနှင့် သင်တန်းပို့ချပေးမည့် Information Matrix Co.,Ltd မှ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီ တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM, DoCA

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ