Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးခရိုင် တရားမဝင်ကုန်စည်များ သယ်ဆောင်လာခြင်းရှိ/မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဝင်းထွေး၏ ဦးဆောင်မှုဖြင့် တိုက်ကြီးခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူးဇော်လင်းထွန်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးနိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာချမ်းမြေ့ကျော်၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးရဲသွင်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၅-၅-၂၀၂၄ ရက်နေ့မှ (၁၇-၅-၂၀၂၄)ရက်နေ့အထိ နံနက် (၀၇:၀၀) နာရီအချိန်မှ နံနက်(၀၈:၃၀)နာရီအချိန်ထိ ရန်ကုန်-ပြည်လမ်းတိုးဂိတ်အဟောင်းတွင် မော်တော်ယာဉ်အစီးရေ (၁၅၈)စီးအား တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်လာခြင်းရှိ/မရှိ၊ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ရန်ကုန်-ပြည်လမ်းတိုးဂိတ်အဟောင်းတွင် ကြို့ပင်ကောက်၊ မင်းလှ၊ ပြည်၊ လက်ပံတန်း၊ သုံးဆယ်၊ သာယာဝတီ၊ အောင်လံ၊ မကွေးနှင့် တောင်တွင်းကြီးစသည့်ဒေသများမှ ဝင်ရောက်လာသော မတ်ပဲ၊ ဆန်၊ ပုလင်းခွံ၊ ငါး၊ ကျောက်မီးသွေး၊ ကုလားပဲကြမ်းခရီးသည်တင်ကားများ အများဆုံးတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီ လက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၂၁.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကုန်မျိုးစုံနှင့် စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်း ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်  စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီလက်လီအရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၄၀)ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ဆီစက်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန လေးမျက်နှာမြို့နယ်တာဝန်ခံသည် လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စု၊  တုံးတောကျေးရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ ဆီစက်လုပ်ငန်းရှင်များအား(၁၈-၅-၂၀၂၄) ရက်နေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဆီလုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် (၂၁.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီက ချေးငွေထုတ်တောင်သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉  အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါတားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များအကြောင်း အသေးစိတ်ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။  ထို့နောက် တောင်သူများမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ဟောပြောပွဲသို့ ချေးငွေထုတ်တောင်သူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လှည်းကူးခရိုင် တရားမဝင်သစ်များ သယ်ဆောင်လာခြင်းရှိ/မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒု-ရဲမှူးကြီးဌေးအောင်၏ဦးဆောင်မှုဖြင့် လှည်းကူးမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဌေး၊ လှည်းကူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထွဋ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၄:၀၀) နာရီအချိန်မှ နံနက်(၀၈:၀၀)နာရီအချိန်ထိ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ကား(၇၀)စီးအား မင်းလွင်ကုန်းဂိတ်တွင် တရားမဝင်သစ်များတင်ဆောင်လာခြင်းရှိ/မရှိ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ မင်းလွင်ကုန်းဂိတ်တွင် တောင်ကြီး၊ မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည်၊ မော်လမြိုင်၊ ပဲခူး စသည့်ဒေသများမှ ဝင်ရောက်လာသော ဘိလပ်မြေ၊ ပြောင်း၊ ဆန်၊ ကြက်စာ၊ ရော်ဘာ စသည့် ဒေသထွက်ကုန်များတင်ဆောင်လာကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့မှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကလကျေးရွာရှိ အိမ်တွင်းစက်ချုပ်သင်တန်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီက ဝါးခယ်မမြို့နယ် ကလကျေးရွာ ရှိ ကျေးရွာဥက္ကဌနေအိမ်တွင် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှကျင်းပသည့် အိမ်တွင်းစက်ချုပ်သင်တန်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ သင်တန်းသူ စုစုပေါင်း(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား ဟောပြောပွဲဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၈-၅-၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြို့နယ်စာသုံးသူရေးရာတာဝန်ခံရုံး၌ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်းသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့၌ သီဟိုဠ်အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ် ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးသည် ဧပြီလ (၁၉)ရက်၊  နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် သီဟိုဠ်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်၊ သီဟိုဠ်အထွက်နှုန်း၊ ဈေးနှုန်း/ဈေးကွက်အခြေအနေ၊ ကုန်ချောထုတ်လုပ်နိုင်မှုအခြေအနေ၊ အပင်များ ရေရှည်ထိန်းသိမ်းနိုင်ရန် မြေဆီလွှာ ရေရရှိနိုင်မှုအခြေအနေ၊ မြေပိုင်ဆိုင်မှုအခြေအနေများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ လုပ်ငန်းရှင်ပြည်သူအသိပညာပေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ရေကြည်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၁၈)ရက်၊  နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံက ဆီထုတ်ကိုယ်စားလှယ်များအား စားအုန်းဆီများဖြန့်ဖြူးရာတွင် ဌာနမှထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ လုပ်ငန်းရှင်ပြည်သူအသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ မြို့မစည်ပင်ဈေးအတွင်းတွင် ရေကြည်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၁၉)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံက ဆီထုတ် ကိုယ်စားလှယ်များအား စားအုန်းဆီများဖြန့်ဖြူးရာတွင် ဌာနမှထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ