Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်နယ် စားသုံးသူရေးရာကော်မတီ( ၅/၂၀၂၀ )လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

       ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ( ၂၈ ) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၅/၂၀၂၀ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဒု-ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက အစည်းအဝေးတွင် သနပ်ခါးအမည်ခံအလှကုန် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးတွေ့ရှိချက်များကို အမှာစာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင်များက အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၀ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း ရှိ/မရှိကို မြို့နယ် ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့်ပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် Covid ကာလအတွင်း အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အားဆေးများ၊ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel အမျိုးမျိုးကို ဝယ်လိုအား များပြားမှုမရှိသေးသဖြင့် ပုံမှန်သာရောင်းချနေရပြီး ပစ္စည်းပြတ်လပ်မှု အခြေအနေများမရှိသေးကြောင်း၊ Mask နှင့် Hand Gel များမှာ အမျိုးအစားအလိုက် ဈေးနှုန်းအနည်း ငယ်သာကွာဟမှုရှိ၍ ဝယ်ရင်းဈေးနှင့်အနည်းငယ်ကွာ ပြီးရောင်းချလျက်ရှိကြောင်း၊ ဆေးဝါးများကိုလည်း လက်ရှိကာလပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချနေကြောင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိကြောင်း တွေ့ရှိခဲ့ရပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော  ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်း  အမိန့်ကြော်ငြာ စာအမှတ်( ၂၁/၂၀၂၀ )အား လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မအူပင်မြို့ပေါ်ရှိဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန မှ စစ်ဆေးရေး အရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၇.၈.၂၀၂၀ ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရောင်းချလျှက်ရှိသော သနပ်ခါးအမည်ခံ အလှကုန်များတွင် စာသုံးသူကာ ကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ ပြည့်စုံကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစိစစ်ဆောင်ရွက် ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော (၂/၂၀၁၉) ညွှန်ကြားချက်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ အား လိုက်နာမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

           ၂၃.၈.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ သည် မော်လမြိုင်မြို့ရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၄.၈.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်မှ တာဝန်ရှိသူများသည် သထုံမြို့ရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၆.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များ၌လည်းကောင်း COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃၀.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် ကြေငြာထားပြီးဖြစ်ရာ အဆိုပါကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းများ ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး အသိပညာပေးမှုများဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်တွင် သနပ်ခါးအမည်ခံအလှကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်တွင် ဈေးကွက်အတွင်းရှိ ပြည်တွင်းပြည်ပမှ တင်သွင်းလာသော သနပ်ခါးအမည်ခံ အလှကုန်များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ၂၂.၈.၂၀၂၀ ရက်နေ့က ကျိုက်မရောမြို့မဈေးကြီးနှင့် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၊ အလှကုန်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်တွင်းပြည်ပမှ တင်သွင်းလာသည့် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ၌ ၁၀ ဂရမ်အထက် အလှကုန်များအား မြန်မာဘာသာဖြင့် ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး အလှကုန်များမှာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော သနပ်ခါးအမည်ခံအလှကုန်များ မတွေ့ရှိကြောင်း သိရှိရပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မပါရှိသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများ၊ Mask နှင့် Hand Gel များ စျေးနှုန်းမြှင့် ရောင်းချမှုရှိ/မရှိကွင်းဆင်းစိစစ်

         ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များသို့ သွားရောက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အများပြည်သူများထံ စျေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ Mask နှင့်  Hand Gel များ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ ရှိ/မရှိစိစစ်ခဲ့ပါသည်။ ဆေးဆိုင်များအနက်အချို့ သောဆေးဆိုင်များတွင် Mask နှင့်  Hand Gel ပြတ်လပ်နေပြီး အချို့ဆိုင်များတွင် သင့်တင့်မျှတ သောစျေးနှုန်းဖြင့် ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆိုင်ရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)နှင့်အညီ လိုက်နာ ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ   ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပေးရှင်းလင်းခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်နှင့် သနပ်ခါးအမည်ခံအလှကုန်များအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ Shopping Center များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၊ Shopping Center များ၌ စားသောက်ကုန်များတွင် အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များ နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထို့နောက် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားများတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းတို့ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

           အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် Covid -19 ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ  မုံရွာကုန်စည်ဒိုင် ဥက္ကဌနှင့် အဖွဲ့၊ တိုင်းဒေသကြီးရေသန့်အသင်းဥက္ကဌနှင့်အဖွဲ့၊ တိုင်းမုန့်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်အဖွဲ့၊ တိုင်းဆီစက် အသင်းဥက္ကဌ၊ မုံရွာခရိုင် စားသောက်ကုန်အသင်း၊ ရေချမ်းဆေးဆိုင်နှင့် မုံရွာမြို့ပေါ်ရှိ ဆေးဆိုင် ပိုင်ရှင်များ မြနဂါးစတိုးနှင့်  မုံရွာမြို့ပေါ်ရှိ  စတိုးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်က ထုတ်ပြန်ထားသည့် ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်ရရှိရေးနှင့် စဉ်ဆက်မပြတ် တိုးတက်စေရေး ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ခံချက်များကို လုပ်ငန်းရှင်များ၏ ထင်သာမြင်သာရှိတဲ့ နေရာတွင် ချိတ်ဆွဲထားရန်လိုအပ် ကြောင်း၊  အရေးကြီးကုန်စည်များကို ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ရောင်းချခြင်းတို့ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြန်လည် ဆွေးနွေးခဲ့ရာ မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များအနေဖြင့်  လမ်းဘေးဆိုင်များတွင်သာ Mask  ဈေးနှုန်းယာယီတက်ခဲ့ပြီး ယခုအချိန်တွင် ဈေးနှုန်းများ ပြန်လည်ကျဈေးဖြင့်ရောင်းချနေ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့ပေါ်ရှိဆေးပစ္စည်းအရောင်းဆိုင်များအားရှောင်တခင်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်ခင်မြတ်မူ ဦးဆောင်သောအဖွဲ့သည် ၂၅.၈.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှှိိဆေးပစ္စည်းဆိုင်(၁၄)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါကုန်အညွှန်းအမှတ် အသားနှင့်ပါတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်တွင် ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိမရှိနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးကြီးကုန်စည်များအဖြစ် Coronavius Disease Covid-19  ကာကွယ် ထိန်းချုပ်၊ကုသရေး၊ ဆိုင်ရာ အထာက်အကူ ပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်များအား  ဈေးကွက် အတွင်း ဈေးနှုန်းမြှင့် တင်ရောင်း ချခြင်း၊ဖြန့်ဖြူးခြင်း (သို့မဟုက်) ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများ မရှိစေရေး ရှောင်တခင် စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၂၁/၂၀၂၀)အား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ မြို့မဈေးရှိကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ  စစ်ဆေးရေးအရာရှိ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် ၂၀.၈.၂၀၂၀ ရက်နေ့(၁၀:ဝ၀) နာရီတွင် ဆားတောင်မြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့သည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများတွင် ပါဝင်ရမည့်အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံ သုံးစွဲနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖေါ်ပြချက်၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖေါ်ပြရမှာဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်စည်များအဖြစ်  (Coronavius Disease 2020 Covid-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ ဆိုင်ရာ အထာက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်များ၊ ဈေးကွက်အတွင်း ဈေးနှုန်းတင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုက်) ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများမရှိစေရေး ရှောင်တခင်စစ်ဆေးခဲ့ပါပြီး စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ