Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းတို့သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား အဆိုပါဆေးဝါးပစ္စည်းအရောင်းဆိုင် (၆) ဆိုင်တွင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဒု-ခရိုင်ဦးစီးမှူးက ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet ပုံစံတူဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့ပေါ်ရှိ ဆေးဆိုင်နှင့်ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

       မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့တွင် ၁၀.၁.၂၀၂၃ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ညောင်ဦးမြို့ပေါ်ရှိ ဆေးဝါးရောင်းချသောဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များမှ တာဝန်ရှိသူများအား Diclon-M  Tablet(Diclfenac Sodium 500mg, Paracetamol 500g) ဆေးဝါးမှာ New Magnate Co; ltd မှ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆေးဝါးတစ်မျိုးဖြစ်ပါကြောင်းနှင့်အဆိုပါ Diclon-M   ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိပဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်အတွင်းရောင်းချမှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုများမပြုရန် အသိပေးရှင်းလင်းခဲ့ပြီး၊ အဆိုပါဆေးများ ရောင်းချမှုရှိမရှိ ဆေးဆိုင်များအား လှည့်လည်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့သွားရောက်ပြီး ဈေးကွက်အတွင်းတွင်‌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံတံဆိပ်အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာအတုများ ပြုလုပ်ရောင်းချနေမှု ရှိမရှိ၊ စိုက်ပျိုးရေးတောင်သူများနစ်နာဆုံးရှုံးမှုမရှိစေရန်၊ သက်ဆိုင်ရာဌာန များ၏ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လုပ်ငန်းရှင်များအား စာသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

 စောသန်းအောင်

ရမည်းသင်းမြို့နယ်အတွင်း တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး စျေးကွက်‌စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ရမည်းသင်းမြို့ပေါ်ရှိ ဆေးဆိုင် ( ၆ ) ဆိုင်တွင် တရားဝင်မှတ်ပုံထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများကို စျေးကွက်အတွင်း ‌ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဝါးအရောင်းဆိုင်များတွင် Diclon-M ပုံစံတူ မှတ်ပုံထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး၊ ခရိုင်ဦးစီးမှူးမှ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော Diclon-M ပုံစံတူဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု မပြုလုပ်ကြရန် ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ်အတွင်းရှိ လုပ်ငန်းသစ်ထူထောင်သည့် ကုမ္ပဏီအား စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်  (၁၃:၀၀)နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ  Eden Hein Co.,Ltd  ကုမ္ပဏီအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ လမ်းညွှန်ချက်များအရ “ လုပ်ငန်းသစ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းခိုင်မာစွာ ပြဌာန်းနိုင်ခြင်းမရှိသည့် ကုမ္ပဏီများအတွက် မြေပြင်စစ်ဆေးရေးအဖွဲ့များဖြင့် စိစစ်ပြီးမှသာခွင့်ပြုသွားရန်” လမ်းညွှန်ခဲ့မှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

         ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူးသည် ကုမ္ပဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့မှ စိစစ်မည့်ပုံစံတွင် ပါရှိသည့်အချက်များဖြစ်သော ကုမ္ပဏီအမည်၊ ရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိနှင့် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ၊ အဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦးအမျိုးအစားနှင့် ပိုင်ဆိုင်မှုအခြေအနေ၊ ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင်အနေအထား စသည့်အချက်အလက်(၁၁)ချက်ကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

                     

မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့မှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အမှတ် (၃)ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးစိုင်းဆိုင်ကျောက်၏ ရွှေလိမ္မော်အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာ၌ ရွှေလိမ္မော်အမှတ်တံဆိပ်တို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများမှစ၍ စနစ်တကျ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ဖောင်းပြင်မြို့နယ် ကျွန်းရွှေဝါရပ်ကွက်ရှိ(အမှတ်-၈၇ကျောင်း )တွင် စားသုံးသူအသိပညာပေးဟောပြော

      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်  ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်- ၈၇ )ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၂၈ ) ဉီးနှင့် ကျောင်းသား/ သူ ( ၅၂ ) ဦး၊ စုစုပေါင်း ( ၈၀ )ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲ၌ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်-၈၇ )ကျောင်းမှ ဆရာကြီး ဉီးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်သန်းစိန်  (ဒု-ဉီးစီးမှူး)က   အစားအသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲအခမ်းအနားကို နေ့လယ် ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)       

တောင်ငူမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးဝါးများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနက ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းချက်အရ မြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနွေဦးဆွေ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ တောင်ငူမြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ‌၌ ရောင်းချလျှက်ရှိ‌သော အာဟာရမှုန့်များနှင့် ကလေးနို့မှုန့်များအား ကွင်းဆင်းစစ်ဆေးရာ စားသုံးသူရေးရာဦးစီးဌာနက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကို ထုတ်လုပ်ခြင်း၊ ကုန် သွယ်ခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားပါကြောင်း၊ လုပ်ငန်းရှင်များ ဥပဒေနှင့်အညီ ထုတ်လုပ် ရောင်းချရာတွင် အခက်အခဲမဖြစ်စေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ကို ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို ရောင်းချခြင်း မပြုရန် အသိပညာပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       ဖြူးမြို့ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးမှ စားသုံးသူရေးရာဦးစီးဌာနအား မိတ်ဆက်ပြောကြားပြီး ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ ဈေးကွက်အတွင်း ကုန်စည်များအား မြန်မာစာကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဌာနမှ စုံစမ်းစစ်ဆေးရေးမှူးများက ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား လုပ်ဆောင်ရကြောင်းနှင့် စားသုံးသူပြည်သူများအနေဖြင့်လည်း မည်သည့်ကုန်ပစ္စည်းကိုမဆို ဝယ်ယူမည်ဆိုလျှင် မြန်မာစာကုန်အညွှန်းအမှတ်အသား ပြည့်စုံမှသာ ဝယ်ယူသုံးစွဲရမည်ဖြစ်ကြောင်းကိုလည်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားကျောင်းသူများအား  ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲတွင် အလက (ခွဲ) ထန်းကုန်းကျောင်းမှ ကျောင်းသား/သူပေါင်း (၂၀၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့နယ်၊ အထက ဆွာမြို့တွင် အသိပညာပေးဟောပြော ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဟောပြောပွဲတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောပါသည်။

     ထို့အတူ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးငွေစိုးက အား ကစားသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၃၆၀ ဦး တက်ရောက်ခဲ့ပါသည်။

      ဟောပြောပွဲအပြီးတွင် စစ်ဆေးရေးအရာရှိများဖြစ်ကြသော စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်နှင့် မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးတို့သည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော မုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ‌ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကုန်သွယ်ရေးငွေစုငွေချေးသမဝါယမအသင်းမှ အမှုဆောင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ‌ဒေါ်ဂျုံစီဒေးဗစ်နှင့် အသင်းအလုပ်အမှုဆောင် ၁၅ ဦး တက်ရောက်ခဲ့ပါသည်။

       ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ခရိင်ဦးစီးမှူးရုံးမှ သတင်း/နည်း ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူမြို့ အမှတ်(၂၁)ရပ်ကွက်ရှိ ဇေယျာခင်ဦး အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသူကျောင်းသားများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ ၉၈ ဦး တက်‌ရောက်ခဲ့ပါသည်။

        ဟောပြောပွဲများတွင် စားသုံးသူကာကွယ်ရေးဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်ပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများ၊ စားသုံးသူကာကွယ်ရေးအတွက်ဦးစီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ