Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၄) အစည်းအဝေး ကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ဧပြီလ (၂၃) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ကော်မတီ(၂/၂၀၂၄)အစည်းအဝေးအား  စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးရေးရာကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင် စုစုပေါင်း (၈) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်၊၊

       အဆိုပါ ကော်မတီအစည်းအဝေးအား အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ရှေးဦးစွာစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်ကြားမှုအများဆုံးလက်ခံရရှိသည့် ကုန်စည်များ၊ ထိခိုက်နစ်နာလွယ်သည့်ကုန်စည်များ၊ ဌာနဆိုင်ရာ ထိန်းချုပ်ကွပ်ကဲမှုမရှိသော ကုန်စည်အမျိုးအစားများအနက် ဦးစားပေးကုန်စည် (၁၀)မျိုးသတ်မှတ်၍ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်  စားသုံးရေးရာကော်မတီအတွင်းရေးမှူးမှ လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား (၁၄:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရာဇာ” လ္ဘက်၊ ပဲကြော်အလုပ်ရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမ ဒု-ခရိုင်ဦးစီးမှူးနှင့်  ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို 2024ခုနှစ်၊ မေလ ၂၄ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရာဇာ” လ္ဘက်၊ ပဲကြော်အလုပ်ရုံ၌ စားသုံးသူကာကွယ်ရေးအသိပညာဟောပြောပွဲအခမ်းအနားကျင်းပခဲ့ရာ  စုစုပေါင်း  (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

       အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦစီးမှူးက တက်ရောက်လာသူများအား အသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သောအခွင့်အရေးများ၊ စားသုံးသူများ၏တာဝန်များနှင့်  စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို ပြောကြားခဲ့ပြီး  ချောင်းဦးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့်နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ် ဌာန၏ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

  ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရပါသည်။      

DOCA(စစ်ကိုင်း)       

သပြေ အမှတ်တံဆိပ် ဖိနပ်လုပ်ငန်းအားကွင်းဆင်းစိစစ်

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၅.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြူတောကန်အုပ်စု ၊ နတ်ပုတီးကျေးရွာတွင် ထုတ်လုပ်နေသော  သပြေဖိနပ်လုပ်ငန်းပိုင်ရှင်ဦးတင်ထွန်းနှင့် တွေ့ဆုံ၍ မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ပေါင်းတည်မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ကုန်ကြမ်းရရှိမှုအခြေအနေ၊ လုပ်သားအင်အားနှင့် ထုတ်လုပ်နိုင်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို  ဆွေးနွေးမေးမြန်းခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်မှ (နွေ၊ မိုး၊ ဆောင်း) ရာသီအလိုက် အသုံးပြုနိုင်သည့် ကျား/ မ၊ ကလေးစီးဖိနပ် size မျိုးစုံကို ထုတ်လုပ်နေပါကြောင်း၊ သပြေအမှတ်တံဆိပ် အရည်အသွေးမီဖိနပ်များကို ဈေးကွက်အတွင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရေး အထူးကြပ်မတ်ဆောင်ရွက်နေပါကြောင်းနှင့်  ခေတ်မီဆန်းသစ်သည့်ဖိနပ်များကိုလည်း ဆက်လက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့ရှိ ဆန်သိုလှောင်ထားရှိရာ ဆန်စက်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် (၂၂.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ရှိ မဟာဆန်စက်နှင့် ဟိန်းဆန်စက်များသို့ သွားရောက်၍ ဆန်စပါးသိုလှောင်ထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးခဲ့သည့် ဆန်စက်များအနေဖြင့် ယခုထွက်ရှိနေသော နွေစပါးများကို ဝယ်ယူကြိတ်ခွဲခြင်းဖြစ်ပြီး တင်း ၁၀၀ လျှင် ၁၉၅၀၀၀၀ ကျပ် ဝယ်ယူရကြောင်း၊ ကြိတ်ခွဲထွက်ရှိ သည့် ဆန်များကို တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်မှ ၇၆၀၀၀ ကျပ်အထိ ရောင်းချရကြောင်း၊ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် ပုံမှန်ကြိတ်ခွဲနိုင်မှုမရှိသဖြင့် ဆန်မြောက်များစွာသိုလှောင်ထားခြင်း မရှိ ကြောင်း၊ လက်ကျန်ဆန်များကို ရန်ကုန်မြို့နှင့် မိတ္ထီလာမြို့များသို့ ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကွင်းဆင်းစစ်ဆေးစဉ် သက်ဆိုင်ရာ လုပ်ငန်းရှင်များအား မိမိခရိုင်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် ဆန်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများမပြုရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မုဒုံမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   (၂၃-၅-၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင်ရောင်းချနေသည့် ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည်စုံစွာပါရှိခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချနေခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိကုန်စုံဆိုင်များနှင့် စတိုးဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး၊ သက်တမ်းလွန်ကုန်စည်များအား ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၂၃-၅-၂၀၂၄) ရက်နေ့၌ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေးရန်အတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာဖြင့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာစားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာတွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

အုတ်တွင်းမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စိုက်စရိတ်ချေးငွေများ စတင်ထုတ်ပေး

      ယခုအခါ မိုးဦးကာလသို့ရောက်ရှိလာတော့မည်ဖြစ်သဖြင့် တောင်သူလယ်သမားများ စပါးစိုက်ပျိုးနိုင်ရန် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ရာ အရင်းအနှီးများ လိုအပ်နေပြီ ဖြစ်ပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် စပါးစတင်စိုက်ပျိုးချိန်တွင်လည်းကောင်း၊ ဆောင်းသီးနှံ စတင်စိုက်ပျိုးချိန်တွင်လည်းကောင်း တောင်သူလယ်သမားများအား  စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိပါသည်။

     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အုတ်တွင်းဘဏ်ခွဲသည် ၂၀၂၄ ခုနှစ်၊ မိုးစပါး စိုက်ပျိုးနိုင်ရန်အတွက် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၇)အုပ်စုမှ တောင်သူလယ်သမား (၉၇၀၀၀)ဦး၏ မိုးစပါးစိုက်ဧက (၆၀၀၀၀)အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် ငွေကျပ်သိန်းကိုးသောင်းထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရာ ယခုအခါ စတင်ထုတ်ပေး လျက်ရှိနေပြီဖြစ်ပါသည်။

     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ စားဝတ်နေရေး အဆင်ပြေပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၂.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦး ဦးဆောင်သောအဖွဲ့က တောင်ငူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။

   စက်သုံးဆီဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် တောင်ငူမြို့နယ်အတွင်းရှိ Nilar Yoma, High Way Star, New Day, Regency နှင့် Puma စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ရောင်းချနေမှုအခြေအနေများ၊ ဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လိုအပ်သည်များကို မှာကြားပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စက်သုံးဆီရောင်းချရာတွင် အလေးချိန်နှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း၊ အဖွဲ့တွင် ခရိုင်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကန့်ဘလူမြို့မဈေးရှိ ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂၃-၅-၂၀၂၄)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ‌ဆေးနှင့် ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှလည်း ဆေးရောင်းချခွင့်လိုင်စင်ရှိ/ မရှိစိစစ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရအရေးယူခြင်းခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Myint Myat Kyaw Group of Companies Limited သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

    ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် 24-5-2024 ရက်နေ့၊ နံနက် (10း00) နာရီအချိန်တွင် အမှတ် (၅၆၁)၊ အမှတ်(၄)လမ်းမကြီး၊ ရွှေပြည်သာမြို့နယ်ရှိ Steel နှင့် H-Beam များကိုအသုံးပြုထုတ်လုပ်ထားသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့် ကုန်ချောစက်ရုံသို့သွားရောက်၍ စက်ရုံပိုင်ရှင် ဦးမောင်မောင်အုန်းနှင့်တွေ့ဆုံမေးမြန်းရာ သွင်းကုန်လိုင်စင်အခက်အခဲရှိပြီး တစ်လလျှင် H-Beam & I-Beam, Galvanzied Iron Sheet In Coil, Prime Pre-Painted Galvanzied Iron Sheet In Coil, Opp Insulator, Mild Steel Sheets, Opp Glue, Bolts & Nuts, Screws ကုန်ကြမ်းလိုအပ်ချက် (821) MT လိုအပ်ပြီး စက်ရုံ၌ ကုန်ကြမ်းလက်ကျန်လည်းမရှိတော့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရသိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ