Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဂျုံခေါက်ဆွဲလုပ်ငန်းများအား ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန် စစ်ဆေးခြင်း

       ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်း၍  တာချီလိတ်မြို့နယ်၊ တော်ကော့ရပ်ကွက်အတွင်းရှိ ဂျုံခေါက်ဆွဲလုပ်ငန်း (၂) ခုအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ကြာပန်းတံဆိပ်ဂျုံခေါက်ဆွဲနှင့်ခြင်္သေ့တံဆိပ်ဂျုံခေါက်ဆွဲတို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့် စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချီသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးလမ်းညွှန်ခဲ့ကြပါသည်။

DOCA(ရှမ်း)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ Thursday Talk (၄/၂၀၂၂) အသိပညာပေးဆွေးနွေး

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC) ခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၂၄) ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်ပြီး ဒု-ဦးစီးမှူး ဒေါ်ခင်သူဇာက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များနှင့် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများမှ လိုက်နာရမည့်တာဝန်များကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၂) ကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် " ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်" ဟူသော ဌာန၏မျှော်မှန်းချက်ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့၏ မူဝါဒလမ်းညွှန်ချက်များ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံး အထက်ဌာနမှ ချမှတ်ပေးသောမူဝါဒများ၊ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအပေါ် သိရှိနားလည်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် နိုဝင်ဘာလ (၂၈) ရက် နေ့မှ (၂၉) ရက်နေ့ထိ နေ့စဉ်နံနက် (ဝ၉:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၈.၁၁.၂၀၂၂) ရက်နေ့ နံနက် (ဝ၉:၃၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေအကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် (တွဲဘက်)တာဝန်ထမ်းဆောင်လျက်ရှိသော ဂန့်ဂေါခရိုင် ဦးစီးမှူး ဒေါ်မွန်မွန်စိုးက (CICC) တိုင်ကြားမှုနှင့် လက်ခံဖြေရှင်းဆောင်ရွက်မှုများအကြောင်းတို့ကိုလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက အာဆီယံစာသုံးသူအကာအကွယ်ပေးရေးဆိုင်ရာကော်မတီ(ACCP) အကြောင်းအရာများကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ (ထွေစီမံ) တာဝန်ခံက ဆောင်ရွက်ရသောလုပ်ငန်းများအကြောင်းတို့ကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံက ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ၏ ထုတ်လုပ်ကုန်ကျမှုနှင့် အကျိုးအမြတ်၊ အသင်းအဖွဲ့၊ ကုန်စည်ဒိုင်များ၏အချက်အလက်များကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံက သတင်းရေးသားနည်းအကြောင်းတို့ကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲတာဝန်ခံက ငွေစာရင်းဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ (ဝန်ထမ်းစီမံ) တာဝန်ခံက ပျမ်းမျှလစာတွက်ချက်နည်းနှင့် လုပ်ငန်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (NCPP) အကြောင်းအရာများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (၁/၂၀၂၂) သင်တန်းသို့ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၁၉) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချခြင်းအားဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် ဌာန၏လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများပိုမိုရရှိလာခြင်း၊ မိမိတာဝန်ယူဆောင်ရွက်နေရသောလုပ်ငန်းများအပြင် အခြားဌာနခွဲမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိနားလည်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို မကြာခဏဖွင့်လှစ်ဆောင်ရွက်သွားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)

CMP အထည်ချုပ်စက်ရုံလုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ CMP စက်ရုံ(၂)ရုံအား စားသုံးသူရေးရာဦးစီးဌာန၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သော“မန္တလေးတိုင်းဒေသကြီး CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့” မှ  ၅.၁၂.၂၀၂၂ ရက်နေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊အစည်းအဝေးခန်းမ၌  တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ပါသည်။ အဆိုပါ CMP စက်ရုံများ၏  ကုန်ကြမ်းရရှိမှု၊ စက်ရုံလည်ပတ်မှု၊ ထုတ်လုပ်နိုင်မှု၊ အလုပ်သမားများ၏လစာပေးချေမှု၊စက်ရုံအမည်ဖြင့် ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ အား တက်ရောက်လာသောကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ အထည်ချုပ်စက်ရုံတို့မှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဆွေးနွေးပွဲရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌နိုဝင်ဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများ မှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့် စပ်လျဥ်း၍ ဌာနမှ မည်သည့်စာရွက်စာတမ်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း (၃၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

        တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ (၈)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၆.၆၃၀)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၃.၉၃၁)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၀.၅၆၁)ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဒီဇင်ဘာလ(၂)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ သန်း (၀.၂၆၅)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၀၉၁) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၃၅၆)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၉)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၆.၈၉၅)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (၄.၀၂၂)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၁၀.၉၁၇)ဖြစ်၍ (၁)နှစ်စာ လျာထားချက် အပေါ် (၁၄.၉၅၅)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ ဒီဇင်ဘာလထိ(၉)လတာ လျာထားချက်အပေါ် (၂၂.၆၄၉)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

         အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ် ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌နိုဝင်ဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

           ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)       

ထားဝယ်မြို့၊ ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

        တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ထားဝယ်မြို့ ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ၊ နံနက်(၁၀:၀၀)တွင် တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်မှ စားသုံးသူအခွင့်အရေး နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်နှင့် ပတ်သက် သည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ပါကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ စားသုံးသူရေးရာ နှင့်ပတ်သက်သည့် သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ပါကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ပညာရွှေရည်ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူ ဦးရေ(၁၅၀) တက်ရောက်ခဲ့ကာ အသိပညာပေး လက်ကမ်း‌စာစောင်များ ဖြန့်ဝေပြီးနောက် အခမ်းအနားကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(တနင်္သာရီ)

“ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့”

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ၊ နံနက် (၀၉း၃၀) နာရီအချိန်တွင်  စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနည်းပညာပေးသင်တန်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်စုစုပေါင်း (၅၃) ဦးတက်ရောက်ခဲ့ပါသည်။

        ဆွေးနွေးပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ မြေသြဇာဥပဒေအကြောင်း၊ မျိုးစေ့ဥပဒေအကြောင်းနှင့် ပိုးသတ်ဆေးဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၅) ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း (၁၇) ပါ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအချက်များအကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသောကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့်အခွင့်အရေးရှိပြီး ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းနှင့် ပြစ်မှုပြစ်ဒဏ်များအရ အရေးယူနိုင်သည့်အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

 

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ မကျင်းပမီ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမများနှင့် သင်တန်းသူစုစုပေါင်း (၃၈)ဦးကို လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

          ယင်း‌ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ဆရာမများနှင့် သင်တန်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှု့ရမည့် သိသင့်သိထိုက်သည့် အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

         ယင်းနောက်တွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များအပါအဝင် လိုက်နာရမည့် တာဝန်များအား  ဆရာမများနှင့် သင်တန်းသူများအား အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အိမ်တွင်းမှု ကျောင်းစာကြည့်တိုက်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးထံသို့ ဆိုးဆေးအကြောင်းနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးအန္တရာယ် ဗဟုသုတလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ