Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

           (၂၁.၅.၂၀၂၄)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်း(၁၅)ဦးအား စားသုံးသူအသိပညာပေးဟော ပြောမှု ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများမှ ရွှေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး များအကြောင်းကို လည်းကောင်း၊ စားသုံးသူများက အခွင့်အ‌ရေးကို သိရှိပြီးလျှင် လိုက်နာရမည့် တာဝန်များကိုလည်း လိုက်နာ ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါဝင်သည့် ကုန်စည်ကိုရွေးချယ်တတ်စေရန် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို သိရှိရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလာသော ဖြစ်စဉ်များရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ သည့်ဖြစ်စဉ် များအား ရှင်းလင်းကာ စားသုံးသူအခွင့်အရေး နစ်နာမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုံစံများအကြောင်းကို ပြောကြားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ မှသိရှိ လိုသည်များကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ မေလ (၂၂) ရက်နေ့နှင့် (၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်နှင့် လပ္ပတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့မှ  MV မြမြမွန် ရေယာဉ်၊ အမ်ဗွီရတနာထွန်း(၇) ရေယာဉ်၊ အမ်ဗွီ ဥပေါသထ ရေယာဉ်တို့နှင့် အမ်ဗွီ လွိုင်ကော်ရေယာဉ် တို့ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့်  (၂၂.၅.၂၀၂၄) ရက်နေ့တွင် MV မြမြမွန် ရေယာဉ်ဖြင့် ဆန်တန်(၃၅၀)၊ အိတ်ရေ(၇၀၀၀)နှင့် အမ်ဗွီရတနာထွန်း(၇) ရေယာဉ်ဖြင့် ဆန်တန် (၂၀၀)၊ အိတ်ရေ(၄၀၀၀)တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး (၂၃.၅.၂၀၂၄)ရက်နေ့တွင် အမ်ဗွီ ဥပေါသထ ရေယာဉ်ဖြင့် ဆန်တန် (၅၀၀)၊ အိတ်ရေ (၁၀၀၀၀) နှင့် အမ်ဗွီ လွိုင်ကော်ရေယာဉ် ဖြင့်ဆန်တန် (၃၅၀)၊ အိတ်ရေ (၇၀၀၀) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်း မှုမှန်ကန်စေရေးဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ရာသီအလိုက်သီးနှံများကို စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ပဲတီစိမ်းများ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

         ကန့်ဘလူခရိုင်တွင် ပဲတီစိမ်းများကို ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်း၌ စိုက်ပျိုးကြပြီး ၎င်းမှာ မေလတွင် စတင်ထွက်ပေါ်ကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ် လာသောကြောင့် ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ပဲတီစိမ်းရိုးရိုး (52) တစ်တင်းလျှင် ၅၂၀၀၀ကျပ်၊ ပဲတီစိမ်းထွက်တိုး (55) တစ်တင်းလျှင် ၅၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးပိုရကြောင်း၊ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသောပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ပေါ်ရှိဆေးဆိုင်များတွင် ကလေးသုံးဒိုက်ပါကပ်ခွာများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်အစားအသောက်‌နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၂၃)ရက်နေ့၊ မွန်းလွဲ (၁း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍  သုံးစွဲသူများဘေးအန္တရာယ်ကင်း ရှင်းရေးအတွက် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကလေးသုံးဒိုက် ပါကပ်ခွာများ ရောင်းချနေခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် တရားဝင်မှတ်ပုံတင်ထား၍ မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကလေးသုံးဒိုက်ပါကပ်ခွာများ အဓိကစစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများအသုံး ပြုရန်(သို့မဟုတ်)သုံးစွဲရန်အာမခံချက်မရှိသော ကုန်စည်များအားဝယ်ယူရောင်းချခြင်းမပြုရန်‌ ဆွေးနွေးပြောကြားခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်အရ အဆိုပါဆိုင်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်း အမှတ်အသားဖော်ပြပါရှိသော ကလေးသုံးဒိုက်ပါကပ်ခွာများကိုသာရောင်းချနေကြောင်း သိရှိရပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၂၀-၅-၂၀၂၄)ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဝါဝင်း” စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်စက်ဆီ၊ ချောဆီများရောင်းချမှုရှိ/ မရှိ၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအပေါ် ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အချင်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းထားဝယ်မြို့ စားသောက်ကုန်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုကုန်ကြမ်းဆီ (၅၁)ပေပါ ထားဝယ်မြို့သို့ ရောက်ရှိ

       စားအုန်းဆီကိုအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေသော ဒေသတွင်း အသေးစားစက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် ထားဝယ်မြို့ မုန့်မျိုးစုံလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများ အတွက် အသုံးပြုရန် လိုအပ်လျက်ရှိသော စားအုန်းဆီများအားပြည်တွင်းသို့    စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ   တိုက်ရိုက်ဝယ်ယူခွင့်ရရှိရေးအတွက်  တနင်္သာရီတိုင်း‌ဒေသကြီး၊  ထားဝယ်မြို့ရှိ မုန့်လုပ်ငန်းရှင်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များမှ စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားခဲ့သော စားအုန်းဆီ ပေပါ(၅၁) ပေပါသည်(၂၃.၅.၂၀၂၄) ရက်နေ့တွင် ထားဝယ်မြို့သို့ရောက်ရှိလာပြီး လုပ်ငန်းရှင်များမှ လုပ်ငန်းများတွင်  အသုံးပြုလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

  

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

      ၂၀၂၄ခုနှစ်၊ မေလ ၂၀ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁) ဦးသည် ကန့်ဘလူမြို့၊ မြို့မဈေးရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကိုစိစစ်တွေ့ရှိရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကိုရောင်းချခြင်းမပြုလုပ်ရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တတ်ရောက်

        ၂၀၂၄  ခုနှစ်၊  မေလ၊  ၂၃  ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ online virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

         အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စားသုံးဆီမူဝါဒအသစ်ဖြင့် တင်သွင်းသိုလှောင်ဖြန့်ဖြူးခွဲဝေပေးမည့် ကုမ္ပဏီများ စာရင်း၊ စားသုံးဆီများမှန်ကန်စွာရောက်ရှိစေရေး၊ အချိန်တွယ်အလေးချိန်မှန်ကန်စေရေး၊ အများ ထင်ယောင်ထင်မှား မဖြစ်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မိမိတို့ရရှိသည့် ခွဲတမ်းအလိုက် ကုမ္ပဏီများနှင့် ထပ်ဆင့်အစီအစဥ်များကို တစ်ဦးချင်းဆွေးနွေးခဲ့ကာ အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလုပ်ငန်းလုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ၂၀၂၄ခုနှစ်၊ မေလ ၂၁ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၅၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၄၀၀၀မှ ကျပ်၁၄၃၀၀တို့ဖြင့် ရောင်းချပေးလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းအောက် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ဆန်စက်နှင့် ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည်  (၂၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာဆန်စက်နှင့် ဆန်၊ စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးဆိုင်သို့သွားရောက်၍ ဆန်စပါးသိုလှောင်ထားရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာ၌ မိုးစပါး(ရွှေဘိုပေါ်ဆန်းစပါး) တင်း(၁၀၀)လျှင် (၄၃)သိန်းကျပ်ဖြင့်ဝယ်ယူရပြီး ကြိတ်ခွဲထွက်ရှိသည့်ဆန်များကို တစ်အိတ်လျှင် (၁၅၀၀၀ဝိ/-)ကျပ်မှ (၁၅၅၀၀ဝိ/-)ကျပ်ဖြင့်လည်းကောင်း၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၃၃)သိန်းကျပ်ဖြင့်ဝယ်ယူရပြီး ကြိတ်ခွဲထွက်ရှိသည့်ဆန်များကို တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်မှ (၁၄၅၀၀ဝိ/-)ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်မှကြိတ်ခွဲပြီး ထွက်ရှိသောဆန်များကို အရောင်းဆိုင်ဖွင့်လှစ်၍ရောင်းချသည့်အပြင် အခြားဒေသများသို့လည်းတင်ပို့ရောင်းချကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် ယခင်အပတ်ဈေးနှုန်းထက် သိသိသာသာဈေးနှုန်းမြှင့်တက်ခြင်းမရှိဘဲ အရောင်းအဝယ်မှာလည်း ပုံမှန်သာဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ခရိုင်ဦးစီးမှူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လတ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ