Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့ အမက (ဘိုကုန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈.၉.၂၀၂၂ ရက်နေ့ (၁၁:၀၀)ချိန်တွင် မော်လမြိုင်မြို့ အမက(ဘိုကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

       အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မော်လမြိုင်မြို့ အမက(ဘိုကုန်း) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နှင်းဝေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားနိုင်သည့် အခြေအနေ၊ တိုင်ကြားနိုင်သည့်နေရာ၊ website၊ Call Center အကြောင်းအရာများအား ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၇၆) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ပြည်သူများသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းခြင်းတွင် ပူးပေါင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  မွန်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းတို့ပူးပေါင်း၍ ၂၈.၉.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မုပွန်ဘူတာဟောင်းတို့၌လည်းကောင်း၊ ညနေပိုင်းတွင် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက်နှင့် အောင်သုခရပ်ကွက်တို့၌လည်းကောင်း ပြည်သူများသို့ စားသောက်ကုန် များလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

      အဆိုပါ လှူဒါန်းခြင်းတွင် ဆန်၊ ဆီ၊ အချိုမှုန့်၊ ခေါက်ဆွဲခြောက်တို့အား အိမ်ထောင်စု တစ်စုလျှင် (၁၇၃၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀၀၀) စု အတွက် စုစုပေါင်းတန်ဖိုးအားဖြင့် (၁၇၃,၀၀,၀၀၀) ကျပ်ခန့် တန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်းများအား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့ အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈.၉.၂၀၂၂) ရက်နေ့တွင် မုဒုံမြို့ အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မမနှင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဦးနိုင်လင်းထက်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ website၊ Call Center အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။

           ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၀) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စက်တင်ဘာလ (၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများနှင့် အမှန်တကယ်ရောင်းချခြင်း ရှိ/မရှိ၊ အရည်အသွေး၊ အချင်အတွယ် ပြည့်မှီခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည်  ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်း စစ်ဆေးမေးမြန်းရာ စက်သုံးဆီ(၄)မျိုးကို  သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချ ပေးနေကြောင်း၊ Diesel (၁)လီတာ (၂၆၉၀)ကျပ်၊ Premium (၁)လီတာ (၂၇၇၅) ကျပ်၊ 92 (၁)လီတာ (၂၁၉၅) ၊ 95 (၁)လီတာ (၂၂၇၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ သတ်မှတ်ထားသော စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ်စက်သုံးဆီဈေးနှုန်းများကိုလည်း စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ အချိန်နှင့်တစ်ပြေးညီပေးပို့လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မှန်ကန်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးပါကြောင်း ဆိုင်မန်နေဂျာများ၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မအူပင်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ကွင်းဆင်း

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်သော အဖွဲ့ဝင်များဖြစ်သည့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်သစ်တောရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ပြည်တွင်းအခွန်ဦးစီးဌာနတို့ပါဝင်သော အဖွဲ့သည် မအူပင်မြို့ပေါ်ရှိ စိုက်ပျိုးရေးနှင့်ဓါတ်မြေသြဇာဆိုင်များသို့ (၂၈.၉.၂၀၂၂) နေ့ နံနက် ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် တရားမဝင်တင်သွင်းသော ကုန်ပစ္စည်းများရှိ/ မရှိ စစ်ဆေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချမှု ရှိ/ မရှိ နှင့် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၏ လိုင်စင် ရှိ/ မရှိများကို စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မင်းဘူးမြို့ပေါ်ရှိ “အောင်”မန်ကျည်းယိုလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးမျှော်မှန်းချက်နှင့်အညီ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူး လ/ထ ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မင်းဘူးမြို့၊ထောက်ရှာပင်ကျေးရွာရှိ “အောင်”မန်ကျည်းယို ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          လုပ်ငန်းရှင်မှ မုန့်ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာတွင် နှစ် (၂၀)ခန့် သက်တမ်းရှိပြီဖြစ်ပါကြောင်း၊ ခရိုင်ဦးစီးမှူးမှ အသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ အသင့်စားမုန့်အမျိုးမျိုးတွင်ပါရှိရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်ဖော်ပြရာတွင် လုပ်ငန်းရှင်များ ကုန်ကျစရိတ်ဆုံးရှုံးမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီ၍ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် တိုင်းရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားဌာနများ၏ ခွင့်ပြုချက်လိုင်စင်များ လုပ်ဆောင်ရန်လိုအပ်ပါကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(မကွေး)

ကျိုက်လတ်မြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းနှင့် တွေ့ဆုံဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းများသည် (၂၈.၉.၂၀၂၂) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်အမှတ်(၂)ရပ် ကွက် (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်(၅)ဦးတို့ နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းဆွေးနွေးဆောင်ရွက်ရာတွင် ဦးစိုးမြင့်ကမော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းကို (၃၁.၃.၂၀၁၉)ရက်နေ့တွင် အသင်းဝင်(၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိမော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်‌ အောင်အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ စက်သုံးဆီဈေးနှုန်း၊ ဈေးကွက်အခြေအနေတည်ငြိမ်စေရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းမှ မော်တော်ယာဉ်များအား စနစ်တကျပြေးဆွဲရေးဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအသင်းအနေဖြင့် စက်သုံးဆီဈေးနှုန်းများကြီးမြှင့်နေသည့် အတွက် မော်တော်ယာဉ်များပြေးဆွဲနိုင်ရေး ဦးစားပေးဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)မှအထူး ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချမှုကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဦးတင်စိန်သည် (၂၈.၉.၂၀၂၂)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း  (ယာယီ)မှ စားအုန်းဆီများအထူးဈေးနှုန်းဖြင့်  ရောင်းချနေမှုကို  သွားရောက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ) အနေဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဝေဖြိုးကုန်မျိုးစုံဆိုင်နှင့် ဒေါ်အေးမော်ဦးကုန်မျိုးစုံဆိုင်(၂)ဆိုင်မှ စားအုန်းဆီ(၁)ပိဿာလျှင် (၅၁၀၀)ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၅၀)ကျပ်သားဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းဝယ်ဖောက်ကားမှုအခြေအနေ

           မကွေးတိုင်းဒေသကြီး စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူအသုံးများသော ဓါတ်မြေ ဩဇာများမှာ အာမို(၁၅း၁၅း၁၅)( 50 kg) တစ်အိတ်လျှင် ယခင်စက်တင်ဘာလ တတိယအပတ်၌ (၁၇၀၀၀၀)ကျပ်ရှိပြီး ယခုစတုတ္ထအပတ်တွင် (၁၆၅၀၀၀)ကျပ်ဖြစ်၍ (၅၀၀၀)ကျပ်စျေးကျ၊ MC(50Kg)တစ်အိတ်လျှင် ယခင်အပတ် (၁၅၀၀၀၀)ကျပ်ရှိပြီး ယခုအပတ် စတုတ္ထပတ်တွင်(၁၄၀၀၀၀) ကျပ် ဖြစ်၍ (၁၀၀၀၀)ကျပ် စျေးကျ၊ တက်တိုး(၁၅း၇း၈)(50 Kg)တစ်အိတ်လျှင် ယခင်အပတ် (၁၀၀၀၀၀) ကျပ်ရှိပြီး ယခုအပတ်တွင် (၉၇၀၀၀)ကျပ်ဖြစ်၍ (၃၀၀၀)ကျပ် စျေးနှုန်းကျခဲ့ပြီး၊  ရွှေပုလဲ(50 Kg)တစ်အိတ်လျှင် ယခင်အပတ်(၇၅၀၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် (၇၆၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀)ကျပ် စျေးတက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းသိရပါသည်။

         လူသုံးများသော ပိုးသတ်ဆေးများမှာလည်း မင်းရဲ(၂၅ EC)တစ်ဗူးလျှင် ယခင် စက်တင်ဘာလ တတိယအပတ်လျှင် (၂၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် (၂၃၀၀၀)ကျပ်ရှိ၍ (၃၀၀၀)ကျပ် စျေးတက်၊ ဘီတာစီ(၁၀၀ EC) တစ်ဗူးလျှင် ယခင်အပတ် (၂၇၀၀၀)ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် (၂၅၇၀၀)ကျပ်ဖြစ်ခဲ့၍ (၁၃၀၀) ကျပ် စျေးကျခဲ့ပြီး ရွှေတိုးပါဝါ ( 1 Kg) တစ်ထုပ်လျှင် ယခင်အပတ်(၂၂၀၀၀)ကျပ် ယခုအပတ်တွင် (၃၄၅၀၀)ကျပ်ဖြစ်၍ (၁၂၅၀၀)ကျပ် စျေးတက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် မကွေးတိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း နှင့် ကုန်အညွှန်းအမှတ်အသားများ တင်ပြလာမှုအပေါ် စိစစ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေ

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စိတ်ကျေနပ်မှုရရှိစေရေး ဘေးကင်း လုံခြုံစိတ်ချရမှုရှိသော ကုန်ပစ္စည်းများကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချနိုင်စေရန် ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြလာရေး စိစစ်ဆောင် ရွက်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ်ကုန်စုံဆိုင်၊ စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခု၊ ကုန်စည် အမျိုးအစား(၄၄)မျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စည်ပင်သာယာဈေးတွင် (၂၃)ကြိမ်၊ ကျောင်းမုန့် ဈေးတန်းတွင်(၁)ကြိမ်၊ ရပ်ကွက်/ကျေးရွာတွင် (၁၃)ကြိမ်၊ စုစုပေါင်း(၃၇)ကြိမ် ဆောင်ရွက်ခဲ့ကြောင်းသိ ရပါသည်။

          ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၃)ဦးမှ တင်ပြလာသော စုစုပေါင်းကုန်အမှတ်တံဆိပ် (၃)ခု၊ ကုန်စည် (၃)မျိုးတို့အား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ဤသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ဆောင်ရွက်  ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူသုံးစွဲနိုင် ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်စည်များကို အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန် စံညွှန်းနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချလာခြင်းဖြင့် ဈေးကွက်ဝေစုများပိုမိုရရှိကာ ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ