Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

USAID အကူအညီဖြင့် ICT နည်းပညာဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပြီးစီးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)တွင် USAID အကူအညီဖြင့် ICT နည်းပညာဆိုင်ရာသင်တန်း (၅) ခုအား (၁၂.၁၁.၂၀၁၈) မှ (၂၁.၁၂.၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများသို့ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသား/သူ (၂၃)ဦး၊  တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး အသီးသီးမှ သင်တန်းသား/သူ (၂၃)ဦး စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းများမှာ database စနစ် အသုံးပြုနှင့်ပတ်သက်သော Database Management System (DBMS) သင်တန်း၊ Networking သင်တန်း၊ Website ရေးသားခြင်းဆိုင်ရာ CMS & PHP သင်တန်း၊ Advanced Microsoft Office သင်တန်း နှင့် ကွန်ပျူတာနည်းပညာဆိုင်ရာအခြေခံဖြစ်သည့် A+ သင်တန်း တို့ဖြစ်ပါသည်။ သင်တန်းများသို့ တက်ရောက်သောသင်တန်းသားများအနေဖြင့် IT နည်းပညာဆိုင်ရာလုပ်ငန်းများအား ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်ခြင်း၊ Website အား စီမံခန့်ခွဲနိုင်ခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာ စာရင်းဇယားများအား ပိုမိုကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း၊ ရုံးအတွင်း Network ချိတ်ဆက်မှုဆိုင်ရာလုပ်ငန်းများတွင် သိရှိနားလည်လာနိုင်ခြင်းစသည့် e-Government လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုသည့် ပညာရပ်များဖြစ်ပါသည်။ အဆိုပါသင်တန်းများသို့ တက်ရောက်သော သင်တန်းသားများ အနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် သင်ယူခဲ့ကြပြီး သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆွေဆွေဝင်း(ITQM)

တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းတွင် ယာဉ်လိုင်းဝန်ဆောင်မှုပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းရှိ ရွှေကျားဖြူဂိတ်၌ (၁၃-၁၂-၂၀၁၈) ရက်နေ့ မွန်းလွှဲ (၂) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယာဉ်လိုင်းတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံ၍ ယာဉ်လိုင်းဝန်ဆောင်မှုဆိုင်ရာ အချက်များပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဦးလှစိုးက ဌာန၏မျှော်မှန်းချက်မှာ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ဖြစ်ပြီး အစားအသောက်များလုံခြုံစိတ်ချရမှုသာမက ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ခရီးသွားပြည်သူများကယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီးစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုများရှိလာပါက ဌာနအနေဖြင့် ညှိနှိုင်းဖြေရှင်းပေးရမှာဖြစ်ကြောင်း၊ တိုင်ကြားခံရသော ယာဉ်လိုင်းများက ခရီးသွားပြည်သူများစိတ်ကျေနပ်မှုရရှိအောင် ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ကျေနပ်မှုမရှိပါက ပြည်နယ်အငြင်းပွားမှုနှင့်စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီသို့ ဆက်လက်အယူခံဝင်နိုင်ကြောင်း၊ ဗဟိုကော်မတီကခရိုင်အငြင်းပွားနှင့်ပြည်နယ်အငြင်းပွားမှုတို့၏ ဆုံးဖြတ်ချက်များကိုအတည်ပြုနိုင်သကဲ့သို့ ပယ်ဖျက်ခြင်းလည်းပြုနိုင်ကြောင်း၊ ယာဉ်လိုင်းများအနေဖြင့် နိုင်ငံတော်ကပြဌာန်းထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေလိုကြောင်းရှင်းလင်းပြောကြားခဲ့သည်ဟုသတင်းရရှိပါသည်။ ဆက်လက်၍ ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးနင်းခအားသတ်မှတ်နှုန်းထားအထက်ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသောခုံနံပါတ်ပြောင်းလဲခြင်း၊ခရီးသည်အားသတ်မှတ်နေရာသို့ ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်များအားသတ်မှတ်ချိန်အတိုင်းထွက်ခွာမှုမရှိခြင်းစသည့်အချက်များကိုရှောင်ကျဉ်ရမည်ဖြစ်ကြောင်းရှင်းလင်းပြီးယာဉ်လိုင်းတာဝန်ခံများမှလည်းသိရှိလိုသည်များနှင့် မိမိတို့၏အခက်အခဲများကို ဆွေးနွေးခဲ့ကြ၍ ဒုတိယပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးကာ မွန်းလွှဲ (၄)နာရီမိနစ်(၃၀) တွင် ပညာပေးဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်းသိရှိရပါသည်။

ရန်နောင်(ကျိုင်းတုံ)

စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာအဖွဲ့ငယ်များဖွဲ့စည်းခြင်း

စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာအဖွဲ့ငယ်များဖွဲ့စည်းခြင်း

            (၁၄.၁၁.၂၀၁၈) ရက်နေ့တွင် ကလေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်အတူ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နတ်ချောင်းကျေးရွာ၊ အ.ထ.က ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဟောပြောပြီး၊  အ.လ.က (ခွဲ) ချောင်းခွကျောင်းတွင် စားသုံးသူရေးရာ အဖွဲ့ငယ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

            နတ်ချောင်းကျေးရွာ၊ အ.ထ.က ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဟောပြောခဲ့ရာတွင် ကလေးခရိုင်ဦးစီးမှူး ဦးစိုးအောင်မှ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအကြောင်းအရာများနှင့် စားသုံးသူများ၏ ရပိုင်ခွင့်အခွင့်အရေးများ၊ Ready Made အစားအစာများ ဝယ်ယူစားသုံးရာတွင် ရွေးချယ်ဝယ်ယူစားသုံး နိုင်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးမှူးဒေါ်သန်းထိုက်အောင်မှ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

            ဆက်လက်၍ ချောင်းခွကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း သို့ သွားရောက်ပြီး ကျောင်းစားသုံးသူရေးရာအဖွဲ့ငယ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၎င်းအဖွဲ့တွင် နာယကအဖြစ် ကျောင်းအုပ်ဆရာကြီး ဦးပြူးစိန်၊ ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်၊ တတိယခေါင်းဆောင်နှင့် အဖွဲ့ဝင်စုစုပေါင်း (၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ကျောင်းစားသုံးသူရေးရာအဖွဲ့ ဖွဲ့စည်းရာတွင် ကလေးခရိုင်ဦးစီးမှူး ဦးစိုးအောင်မှ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့ဆက်လက်၍ မိမိတို့ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ဝင်များသို့ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

မြင့်အောင်(ကလေး)

ငါးသံယံဇာတ ဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးကန်များ ဖော်ထုတ်ထိန်းသိမ်းစို့

ငါးသံယံဇာတ ဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးကန်များ ဖော်ထုတ်ထိန်းသိမ်းစို့

            ဟိုယခင် စာရေးသူတို့ ငယ်စဉ်အချိန်က ကသာခရိုင်ဟာ တောတောင်များတွင် သစ်တောကြီး များ ဖုံးလွမ်းလျက် စိမ့်စမ်းရေထွက်များဖြင့် အမြဲစိမ်းလန်းနေကာ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ကောင်းမွန်ခဲ့ခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားမရှိခဲ့ဘဲ သာယာလှပပြီး အေးချမ်းသော ဒေသဖြစ်ခဲ့ပါတယ်။ စိမ့်စမ်းရေထွက်တောင်တန်းမြိုင်ယံများကို မြစ်ဖျား၊ချောင်းဖျားခံကာ မြစ်ချောင်းများ အဖြစ် ကွေ့ပတ်စီးဆင်းလျက်ရှိရာမှာ အထင်ကရ မြစ်ချောင်းများအနေဖြင့် မူးမြစ်၊ မဲဇာမြစ်၊ နမ္မားချောင်း၊ ဒေါင်းမြူးချောင်း၊ စင်လင်ချောင်းနှင့် မင်းတရားချောင်းတို့အပြင် အခြား ချောင်းငယ်များဟာ တောင်တန်းတောင်စွယ်များရှိ စိမ့်စမ်းရေထွက်များမှတဆင့် တောင်စွယ်၊ ကျောက်ဆောင်ကျောက်ခဲများကို ဖြတ်သန်းစီးဆင်းခဲ့ရသဖြင့် ကြည်လင်အေးမြပြီး ငြိမ့်ညောင်းသာယာလှသလို စိတ်ကြည်နူးမှုများကိုလည်း ခံစားခဲ့ရပါတယ်၊ မြစ်ချောင်းကမ်းပါးယံမှ ရေအိုက်ကြီး/ငယ်များနှင့်ရှင်းပြင်း (ရေအမြင့်မှအနိမ့်သို့ စီဆင်းခြင်း)များကို ကြည့်လိုက်လျင် မြောက်များစွာသောငါးအုပ်မျိုးစုံတို့ ကူးခတ်ဆော့ကစားနေတာကို အတိုင်းတာကြည်နူးစွာ တွေ့မြင်ခဲ့ရဘူးပါသည်။

            ငါးသံယံဇာတ ဘယ်လောက်ထိပေါများခဲ့သလဲဆိုလျင် တံငါတွေရဲ့ စကားပုံမှာပင် တော်သလင်း ငါးခွေးမစားဆိုတာ တကယ်ပင် ဆည်မြောင်းကန်ချောင်းတွေမှာ တံငါလုပ်ငါးဖမ်းသူများ ငါးရ လွန်းလို့ ခွေးကျွေးတာပင် ငါးစားရလွန်းလို့ ခွေးပင်မစားနိုင်တော်သဖြင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ် စာရေးသူတို့ဒေသရဲ့ ရာသီဥတု အခြေအနေအရ တော်သလင်း၊ သီတင်းကျွတ်လဟာ မိုးများပြီး မြစ်ရေချောင်းရေ တက်ချိန်ဖြစ်တာကြောင့် မြစ်ရေချောင်းရေတို့နှင့်အတူ ငါးများ စုန်ဆင်းကြရာတွင် တံငါသည်များမှာ ရိုးရာငါးဖမ်းနည်းမျိုးစုံဖြင့် ဖမ်းဆီးကြရာဝယ် တောင်းကြီး၊ တောင်းငယ်တို့ဖြင့် အပြည့်အမောက်ရရှိခဲ့ကြတာကို တွေ့မြင်ခဲ့သူပါသည်။

            လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ တောတောင်များတွင် သစ်တောနှင့် မြေအောက် သံယံ ဇာတများ အလွန်အကျွံ ခုတ်ယူခြင်း၊ စက်ကြီးစက်ငယ်များဖြင့် တူးဖော်ခြင်းတို့ကြောင့် သစ်တောများ အတော်အတန် ပြုန်းတီးလာခြင်း မိုးရေအား သစ်တောသစ်ပင်များမှ မထိန်းထားနိုင်ခြင်း၊ မြေအောက်သံယံဇာတ တူးဖော်ထားသော မြေဇာများအား မိုးရေများက တိုက်စားသယ်ဆောင်ကာ မြစ်ချောင်းများအတွင်းသို့ ရောက်ရှိသွားသောကြောင့် မြစ်တိမ်၊ ချောင်းတိမ်များအဖြစ် ရောက်ရှိ သွားပြီး ဟိုးယခင်ကမြစ်များ ချောင်းများတွင် ဆင်တပြန် ဝါးတပြန် နက်ခဲ့သော ရေအိုက်ကြီး၊ ရေအိုက်ငယ်များ မရှိတော့လောက်အောင် ပျောက်ကွယ်ခဲ့ကာ မြစ်ရေချောင်းရေများမှာလည်း ရွံ့နွံများကြောင့် အမြဲလိုလိုနှောက်ကျိနေသဖြင့် ၄င်းမြေအောက်သံယံဇာတ တူးဖော်ရာတွင် အသုံးပြုသည့် ဓါတုဓါတ်ကြွင်းရေများ ချောင်း၊ မြောင်းများအတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ၄င်းမြစ်ချောင်းများတွင် ငါးများရှားပါးလာခြင်း ကြောင့်လည်း အစိုးရမှ နှစ်စဉ်လေလံခေါ်သော စီးကမ်းတကျ ဖမ်းရသော ချောင်းများ၊ အင်းများတွင် ငါးများရှားပါးလာပြီးဖြစ်ပါသည်။

            ငါးမဖမ်းရာသီဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် ဥများလွယ်ထားသော ငါးများကို နည်းမျိုးစုံဖြင့် တရားမဝင် လျှပ်စစ်ဖြင့် ရှော့တိုက်ဖမ်းဆီးမှုများကြောင့် ငါးများနေထိုင်ခြင်းမရှိ တော့၍ ငါးများရှားပါးလာကာ အချို့ငါးမျိုးစိတ်များ ပျောက်ကွယ်လာနေပြီး ဖြစ်ပါသည်။

            ယခုအခါ နိုင်ငံတော်အနေဖြင့် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ သစ်တောသစ်ပင် ပြန်လည် ထူထောင်သည့် စိုက်ခင်းများပြုစုခြင်း စိုက်ပျိုးခြင်းတို့ကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာပြီး တရားမဝင် သစ်ခိုးထုတ်သူများအား ထိရောက်စွာ ဖမ်းဆီးအရေးယူလာခြင်း၊ တရားမဝင် မြေအောက် ဿံယံဇာတ တူးဖော်ခြင်းများအား တားဆီးထိန်းသိမ်းလာပြီး စနစ်တကျ တူးဖော်သည့် ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်လာခဲ့ခြင်းတို့ကြောင့် မြစ်ချောင်းများတွင် ရေများကြည်လင်စပြုလာပြီး ငါးမျိုးစုံတို့လည်း အနည်းငယ် တွေ့ရှိလာနေရပြီး ဖြစ်ပါသည်။ သို့သော် မြစ်၊ ချောင်းများ တွင် ငါးများနေထိုင် ခိုအောင်းနိုင်မည့် ရေနက်သည့် အိုက်များမရှိတော့ခြင်းက ငါးများပေါက်ပွါးနေထိုင်မှုကို အဟန့်အတားဖြစ်စေပါသည်။ မြေတူးစက်များဖြင့် မြစ်ချောင်းများဖောက်လုပ်ရာတွင် ရေစီးရေလာကောင်းအောင် တဖြောင့်တည်း ဖောက်လုပ်ခြင်းကလည်း မိုးရွာသည့်အခါသာ ရေများတင်ရှိသော်လည်း မိုးမရွာပါက ရေအနည်းငယ်သာ စီးဆင်းတော့သဖြင့် ဆောင်းနှင့်နွေတို့၌ ချောင်း၊မြောင်းများတွင် ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရပါသည်။ ထိုသို့ မဖြစ်စေရန် စက်ယန္တယားများဖြင့် မြစ်ချောင်းများ ပြုပြင်ဖော်ထုတ်ရာတွင် ရေနက်အိုက်များစွာ ဖော်ထုတ်ထားမှသာ နွေ၊ မိုး၊ ဆောင်း ချောင်းရေအဆက်မပြတ်ရှိပြီး ငါးသယံဇာတလည်း ပေါများလာမှာဖြစ်ပါသည်။

            စာရေးသူတို့ နိုင်ငံတွင် ငါးစားသုံးမှုမှာ နှစ်အနည်းငယ်အတွင်း များပြားလာတာကို တွေ့ရပါတယ်၊ နှစ်စဉ် ရာသီဥတု ပူပြင်းလာခြင်းကြောင့် ဗိုင်းရပ်ကူးစက်ရောဂါများ ပြန့်ပွားလာသဖြင့် ကြက်ငှက်တုတ်ကွေး၊ ဝက်နားရွက်ပြာ၊ ဒေါင့်သန်းရောဂါကဲ့သို့သော တိရိစ္ဆာန်များတွင် ကျရောက်မှုများရှိသဖြင့် လူတို့၏ စားသုံးမှုပုံစံပြောင်းလဲလာကာ တိရိစ္ဆာန်အသားများအစား ရေနေသတ္တဝါ ငါးများကို အလေးထား စားသုံးလာတာကို တွေ့ရမှာဖြစ်ပါတယ်၊ ယခင်က စာရေးသူတို့ ခရိုင်တွင် ငါးသံယံဇာပေါများခဲ့ပြီး အခြားခရိုင်များသို့ပါ တင်ပို့နိုင်တဲ့ အခြေအနေမှ ယခုအခါ အခြားတိုင်းနှင့် ခရိုင်များကပါ ငါးကို ပြန်လည်တင်သွင်းနေရပါတယ်၊ သို့အတွက်ကြောင့် ငါးသံယံဇာတ ပေါများ လာအောင် ဆောင်ရွက်ရန်အတွက် စနစ်တကျ ငါးမွေးမြူသည့်လုပ်ငန်းရှင်များ ပေါများလာအောင် စည်းရုံးဆောင်ရွက်ခြင်း၊ နည်းပညာပေးခြင်း၊ လယ်ယာလုပ်ကိုင်၍ မရသော အပတောအင်းအိုင်မြေ များကို တူးဖော်လုပ်ကိုင်လာစေရန် ဆောင်ရွက်ပေးခြင်း၊ သင့်တင့်သော အတိုးနှုန်းဖြင့် နှစ်တို၊ နှစ်ရှည်ချေးငွေများ ချမှတ်ဆောင်ရွက်စေကာ လုပ်ငန်းရှင်အချင်းချင်း ထိန်းညှိဆောင်ရွက်ပေးစေပြီး ဈေးကွက်ရှာဖွေဖော်ထုတ်ပေးမည်။ ငါးသံယံဇာတ ကုန်ထုတ်အသင်းများ ထူထောင်ဆောင်ရွက်ပေးခြင်းဖြင့် နှစ်အနည်းငယ်အတွင်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်၊ ငါးမွေးမြူလိုသူများအနေဖြင့် ငါးကန်တူးဖော်ရန် မြေလျောက်ထားရာတွင် သစ်တောကြိုးဝိုင်းမြေထဲတွင် မပါဝင်သောမြေ၊ လယ်ယာလုပ်ကိုင်၍မရသောမြေတို့ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တွင် လယ-၃၀ လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ ငါးမွေးမြူရာတွင် တသီးတခြား တူးဖော်ဆောင်ရွက်ခြင်းထက် တဖက်ဆည်ကန်များ ပြုလုပ်ဆောင်ရွက်ခြင်းက ငါးကြီးထွားမှုနှုန်း မြန်ဆန်ခြင်း၊ ကျွေးမွေးသည့်ငါးစာအပြင် သဘာဝ အစားအစာများဖြစ်တည်မှုရှိခြင်း၊ ကန်ရေပြင်ကျယ်သဖြင့် ငါးများလွတ်လပ်စွာ မြူးတူးကစားနိုင်ခြင်းတို့ကြောင့် ကြီးထွားနှုန်း မြန်ဆန်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ငါးကန်များ တူးဖော်ခွင့်ရရှိပါက ငါးကန်အား လေးဖက်လေးတန် ပြင်ညီ အနက်မတူဖော်သင့်ဘဲ တဖက်နိမ့်စောင်း (တဖက်ကအနက် တဖက်ကအတိမ်) တူးဖော်သင့်ပါသည် သို့မှသာ ရေတိမ်ပိုင်တွင် လှုပ်ရှားသွားလာနိုင်မှာဖြစ်ပြီး နေရောင်ခြည်ကိုလည်း တိုက်ရိုက်ရရှိမှာ ဖြစ်ကာ ငါးကန်အတွင်း အောက်စီဂျင် အလုံအလောက်ရရှိမှာ ဖြစ်ပါသည်။ ငါးကန်အသစ်တူးရာတွင် (၁.၀၀)ဧက ဧရိယာနှင့် အနက် ၅ ပေ ၃ ပေသည် ငါးမွေးမြူရန် အကောင်းဆုံးဖြစ်ပြီး  အသစ်တူးထားသောကန်အနေဖြင့် သဘာဝအစားအစာ များ ဖြစ်ပေါ်လာရန် မြေအတွင်းမှ  ဘက်တီးရီးယားများ သေဆုံးစေရန်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ မထွက်စေရန်အတွက် ငါးကန်အသစ် (၁.၀၀)ဧရိယာတွင် ဖောက်ထုံး(၅၀)အိတ်အား ငါးကန်အနှံ ဖြန့်ဖြူး၍ (၁၀)ရက် ခန့်နေပူလှန်းပြီးမှ နွားချေး(၁၅)စီးခန့်ထည့်ပြီး (၁၄)ရက်ခန့်ဆိုလျင် ရေသွင်းထားပါက (၂)လခန့်တွင် သဘာဝအစားအစာများ ပေါက်ရောက်လာမည် ဖြစ်ပါသည်။

            စာရေးသူသည်လည်း (၁၀)ဧကကျော်ရှိသော ငါးကန်ဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းအား (၅) နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးရာ ငါးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ပို့ချသော သင်တန်းမှ ဗဟုသုတများနှင့် လက်တွေ့လုပ်ကိုင်၍ ရရှိခဲ့သော အတွေ့အကြုံများကို ပေါင်းစပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ငါးမျိုး ဆေးထိုးသားဖောက်ခြင်း သင်တန်းများ လက်တွေ့သင်ကြားပေးသလို ငါးသားဖောက်နှစ်ခြင်းမျိုး နှစ်ချို့မျိုး နှစ်မျိုးခွဲခြား၍ ရောင်းချဖြန့်ဖြူးပေးခြင်း၊ နည်းပညာ အကူအညီပေးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

            ငါးကန်တူးဖော်ရာ၌ တူးဖော်နှစ်တွင်သာ အရင်းအနှီးစိုက်ထုတ်ရပြီး နောက်နှစ်များတွင် ငါးမျိုးဘိုးနှင့် ငါးစာဖိုးတို့လောက်သာ ကုန်ကျမှုရှိပါသည်။ ငါးကန်(၁)ဧက တူးဖော်စရိတ်မှာ ပျမ်းမျှ (၁၈)သိန်းခန့်မှန်းမျှသာ ကုန်ကျမှုရှိပြီး ငါးကန်ဧရိယာ(၁)ဧကတွင် နှစ်ချို့ငါးမျိုးဆိုလျှင် အကောင်ရေ (၅၀၀၀)နှင့် နှစ်ချဉ်ငါးမျိုးဆိုပါက အသေအပျောက်ရှိနိုင်သဖြင့် အကောင်ရေ(၈၀၀၀ မှ ၁၀၀၀၀)ခန့် ထည့်သွင်းပြီး နှစ်ချဉ်ငါးမျိုးမှာ (၁)လက်မဆိုဒ်အရွယ်ဆို တကောင်လျင် ပျမ်းမျှ (၅/-) ကျပ်နှုန်းသာရှိပြီး နှစ်ချို့ ငါးမျိုး(၂)လက်မ (၃)လက်မဆိုဒ်ဆိုလျင် ပျမ်းမျှ(၃၀/-)ကျပ်နှုန်း လောက်သာရှိပါသည်။ မိုးဦးကျကာစ ဇွန်လတွင် ငါးသားပေါက်များ ထည့်နိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။ ယခုအခါ အစာအဟာရများကို အချိုးကျစပ်ထားသည့် ငါးစပ်စာအိတ်များမှာ ငါးအသေးစာ၊ ငါးအကြီးစာဟူ၍ အရံသင့်ကျွေးမွေးနိုင်သော (၅၀)ကီလိုအိတ်တအိတ်တွင် (၃၀၀၀၀/-)ကျပ်မှ (၃၅၀၀၀/-)ကျပ်သာရှိပါသည်။ ငါးကိုကျွေးမွေးသည့် စပ်စာအား အလေအလွင့် မရှိအောင် ကျွေးမွေးနိုင်ပါက ကြီးထွားမှုလျင်မြန်ပြီး နှစ်ချို့ ငါးကြင်းများဆိုပါက (၄)လ(၅)လ အတွင်း (၅၀)ကျပ်သားအထက် ဖြစ်လာနိုင်ပါသည်။ နှစ်ချဉ်ငါးဆိုလျင် (၂၅)ကျပ်သား မှ (၃၀)ကျပ်သား လောက်သာ ကြီးထွားပါသည်။ ငါးစပ်စာမကျွေးနိုင်ပါကလည်း ငါးလုပ်ငန်းရှင်အများစုမှာ ဖွဲ့နုနှင့် ပဲဖတ်ကို (၃)ပုံ(၁)ပုံရောကျွေး၍ မွေးမြူကြခြင်းဖြင့် ကြီးထွားပါသည်။

            ငါးကန်မွေးမြူခြင်း လုပ်ငန်းလုပ်ကိုင်သူအနေဖြင့် မိုးရာသီကာလတွင် မိမိငါးကန်ရေရှိမှု အခြေအနေအား မပြတ်စောင့်ရှောက်ခြင်း၊ အလေအလွင့်မရှိစေရန် စနစ်တကျ တန်း(သို့မဟုတ်) တိုင်စိုက်၍ ပိုက်ခြင်းများတွင်ထည့်ကာ တရက်(၂)ကြိမ်ခန့် ပုံမှန်ကျွေးပေးခြင်း၊ နွေရာသီ ငါးကန် တွင် ရေနည်းချိန်၌ အောက်စီဂျင်ပြတ်လပ်မှု မရှိစေရန်နှင့် ငါးများ ရောဂါကျရောက်မှုမရှိစေရန် ရေဟောင်းအချို့ထုတ်ပြစ်ပြီး ရေအသစ်များသွင်းပေးခြင်း ငါးများနားခိုရန်အတွက် အရိပ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျှင်ပင် ငါးများပုံမှန်ကြီးထွားနေမှာဖြစ် အချိန်တိုအတွင်း စီးပွားဖြစ်နိုင်သောလုပ်ငန်းဖြစ်ပါသည်။

            ကသာခရိုင်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ငါးကန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၂၄၈)ဦး ဧရိယာ (၆၄၀.၁၀)ဧကရှိရာမှ ၂၀၁၈ ခုနှစ်တွင် (၃၅၂)ဦး ဧရိယာ (၁၀၁၅.၂၅)ဧကထိ တိုးတက် မွေးမြူလာခြင်းအား ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။ ငါးမွေးမြူရေးကန် (လိုင်စင်) မှတ်ပုံတင်လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များမှာ  ပုံစံ-၁၀၅/၁၀၆ (သို့) လယ-၃၀၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်ထွေ/အုပ်ထေက်ခံချက်၊ ပုံစံ ၆၆/ဃ/မှတ်ပုံတင် မိတ္တူနှင့် လိုင်စင်ဓါတ်ပုံတို့ဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများတွင် လျှောက်ထားလုပ်ကိုင်နိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း နှစ်စဉ်ငါးသားဖောက် မွေးမြူနည်း၊ ပြုစုခြင်းနည်း ပညာပေးသင်တန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက် ချေးငွေကို ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ငါးကန်များ ဖော်ထုတ်ပြီး ငါးမွေးမြူခြင်းဖြင့်  ငါးသံယံဇာတများ ထိန်းသိမ်းကာ အချိန်တိုအတွင်း စီးပွားဖြစ်ထွန်းနိုင်သော လုပ်ငန်းဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။

           

                                                                                          ကျော်စိန်ဌေး

                                                                                      ( DOCA -ကသာ)

ကုန်စည်များထုတ်လုပ်ခြင်း၊ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေဖော်ပြခြင်း

ကလေးမြို့တွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာသော ဘရာဇီးငှက်ပျော

ကလေးမြို့တွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာသောဘရာဇီးငှက်ပျော

၁။           ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ အမှတ် ( ၁ ) ရပ်ကွက်ရှိဦးအောင်သန်းဦး နေအိမ် အတွင်းလစ်လပ်နေသောမြေနေရာများတွင် တစ်ပိုင်တစ်နိုင်စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင် များစိုက်ပျိုးထားပါတယ်။ စိုက်ပျိုးထားရှိမှုအခြေအနေများကို ဦးအောင်သန်းဦးသို့ မေးမြန်းရာတွင် ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူပြီးတစ်ပင်လျှင် ( ၁၀၀၀ိ/ ) ကျပ်ပေးရပါကြောင်း၊ စိုက်ပျိုးရာတွင် ( ၁ ) ပေပတ်လည်ကျင်းတူး၍  ( ၇ ) ပေပတ်လည်ကြားစိုက်ပျိုးပါတယ်။ ပထမဦးစွာ မြေအောင်းပိုးသတ်ဆေး၊ အမြစ်ပွားဆေးရည်များထည့်ပြီးနောက် ကြက်ချေး ( ၁ ) ဆနှင့် ဖွဲပြာ ( ၂ ) ဆ ရောမွေပြီးကျင်းထဲသို့ နှပ်ထားပြီးရေလောင်းပြီး ( ၂ ) ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင်စိုက်ပျိုးပါသည်။ ဘရာဇီးငှက်ပျောပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်နှစ်သက်၍ စိုက်ပျိုးခါစမှာ အပင်များ ပုပ်မသွားစေရန် အထူးဂရုစိုက်ပြီး စိုက်ပျိုး ရပါတယ်။ ရာသီဥတုပူလျှင် ( ၁ ) လတစ်ကြိမ် ရေသွင်းစိုက်ပျိုးရပါတယ်။ နေရောင်ခြည်ကိုကြိုက်နှစ်သက်သော အပင် တစ်မျိုးဖြစ်ပါတယ်။ခြံဝန်းအတွင်းတစ်ဖက်တစ်လှမ်းမှ မိသားစု အပိုဝင်ငွေရရှိရန်အတွက် မိသားစုလုပ်အားဖြင့် စိုက်ပျိုးပြီးမိမိအိမ်ခြံဝန်း အတွင်း ကြက်များ မွေးမြူထားသည့်အတွက် မိမိကြက်ခြံမှထွက်ရှိသည့် ကြက်ခြေးများကိုလစဉ် အပင်များ ရှင်သန် ကြီးထွားရေးအတွက် သဘာဝမြေသြဇာသာအသုံးပြု၍ စိုက်ပျိုးပါတယ်။ အခြားစိုက်ပျိုးသည့် ငှက်ပျော စိုက်ခင်းများထက် ဓါတုဆေးဝါးများ၊ မြေသြဇာများ ဝယ်ယူ အသုံးပြုခြင်း မရှိသည့်အတွက် ကုန်ကျစရိတ်များ သက်သာပါတယ်။

၂။            စတင်စိုက်ပျိုးသည်မှ ( ၈ ) လခန့်တွင် အသီးစတင်သီးပြီး( ၃ ) ပတ်ခန့်အကြာတွင် ချက်ခြွေပေးခြင်းအားဖြင့် အလုံးအရွယ်အစားနှင့် အဖီးလှရန်အတွက် တစ်ခိုင်လျှင် ငှက်ပျောဖီး( ၁၀ ) ဖီး သာထားရှိပြီးငှက်ပျောဖူးထိပ်မှ ခုတ်ချခြင်းအားဖြင့် အလုံးအရွယ်အစားလှပြီး၊ အရင်းအဖီးတွင် အလုံးရေ ( ၃၅ ) လုံးခန့်နှင့် အဖျားအဖီးတွင် ( ၁၆ ) လုံးခန့်တင်သောကြောင့် ငှက်ပျောပင်သည် စတင်သီးသည့် အချိန်တွင် အသီးတင်သည့် ငှက်ပျောင်အားဒေါက်ထောက်ပေးရပါတယ်။ အသီးသီး သည့် အပင်ဘေးတွင် ငှက်ပျောပင်သားတက်ပွားများလျှင် ငှက်ပျောသီးအလုံး အရွယ်အစား ကြီးထွားမှု ကိုလျော့ကျစေသည့်အတွက် သားတက်ပွားများကိုတူးပစ်ရပါတယ်။ သားတက်ငှက်ပျောပင်များ ကိုဝယ်ယူသူများရှိပါကတစ်ပင်လျှင် ( ၁၀၀၀ိ/ ) ကျပ်ဖြင့် ပြန်လည်ရောင်းချပေးပါတယ်။

၃။           ငှက်ပျောသီးရောင်းချရာတွင် တစ်ခိုင်လုံးအပြတ်သာရောင်းချပြီးတစ်လုံးလျှင် ( ၆၀ိ/ ) ကျပ်ဖြင့် ( ဗြွန်း ) ရောင်းချပါတယ်။ မိမိကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက ငှက်ပျောပင်ပေါက်များ ရောင်းချပေးနေပြီး၊ စိုက်ပျိုးပုံအဆင့်ဆင့်အား အခကြေးငွေရယူခြင်းမပြုဘဲ မိမိစိုက်ပျိုးသည် စိုက်ပျိုးနည်းပညာများကို လည်းဖြန့်ဝေပေးပြီးဓာတုဆေးများ အသုံးပြုမှုနည်းပြီး ကုန်ကျစရိတ်သက်သာသည့် သဘာဝစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးသင့်ပါကြောင်းငှက်ပျောစိုက်ပျိုးသူ ဦးအောင်သန်းဦးမှ ပြောကြားခဲ့ပါ တယ်။

သိမ့်သိမ့် ( ကလေး )

ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေး

ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၈) ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်နှင့်အဖွဲ့သည် ရွှေဘိုခရိုင်အတွင်း ဖွဲ့စည်းထားရှိသော ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုပ်လုပ်တင်ပို့ရောင်းချသူများအသင်း (ဗဟို) အသင်း၊ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အလုပ်အမှုဆောင်များဖြင့် တွေ့ဆုံဆွေးနွေးရာ ရွှေဘိုပေါ်ဆန်း စပါးမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမီဆန်များကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ရွှေဘိုပေါ်ဆန်းဆန် စျေးကွက်ရရှိမှု အခြေအနေများကို အသင်းမှ တင်ပြဆွေးနွေးခဲ့ပါသည်။ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှလည်း ခရိုင်အတွင်း လျှော်ဖြူ(ဆေးကုလားမ) စိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှု၊ စျေးကွက်ရရှိမှုအခြေအနေများကို ဆွေးနွေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆောင်ရွက်နေမှုများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် ဒေသတွင်းထွက်ရှိသောထွက်ကုန်များ စျေးကွက်ရရှိရေး ဆောင်ရွက်နေမှုများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာ ၌ (၁၃:၀၀) နာရီ အချိန်တွင် ကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံပြီး ကျွဲ၊ နွား အရှင်တင်ပို့မှုနှင့် စျေးကွက်အခြေအနေကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာလူထုမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(ဇော်မင်းသိန်း၊ရွှေဘို)

မုန့်တီခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်တိုးချဲ့ထုတ်လုပ်သင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ အင်းတော်မုန့်တီခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်တိုးချဲ့ထုတ်လုပ်သင့်

          ကသာခရိုင်၊ အင်းတော်မြို့နယ် မုန့်တီခေါက်ဆွဲလုပ်ငန်းများမှာ ဒေသတွင်းစားသုံးရန် လုပ်ငန်း အကြီးအသေးငါးဆယ်ကျော် လုပ်ကိုင်လျှက်ရှိပါသည်။ ထုတ်ကုန်က တာရှည်မခံတဲ့အတွက် စီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ခရိုင်တစ်ခရိုင်အတွင်းမှာရှိတဲ့ ကောလင်းက ရေစိမ်ခေါက်ဆွဲခြောက်များ မှာယူရောင်းချနေရပါတယ်။ ရေစိမ်ခေါက်ဆွဲထုတ်တဲ့ကုန်ကြမ်း စောရှုပ်ဆန် က အင်းတော်မှာ ထွက်တဲ့အတွက် ရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်းများကို စီးပွားဖြစ်တိုးချဲ့ထုတ်လုပ်သင့်တယ်လို့ စားသုံးသူများထံက သိရပါတယ်။

          ကောလင်းရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်းရှင်တစ်ဦးက စောရှုပ်ဆန်နဲ့ပြုလုပ်ပါတယ်။ ရေစိမ်၊ အမှုန့်ကြိတ်၊ ပေါင်းခံ၊ ကြိတ်ပြားလုပ်၊ ခေါက်ဆွဲနန်းဆွဲ၊ နေလှန်းခြောက်ပြီး ထုပ်ပိုးရောင်းချပါတယ်။ ဓာတုဗေဒဆေးလုံးဝမပါတဲ့အတွက် စားသုံးသူများ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ကသာခရိုင်မှာ စောရှုပ်ဆန်ကို ကောလင်း၊ အင်းတော်၊ မြို့နယ်များမှာ စိုက်ပျိုးကြပါတယ်။ စောရှုပ်ဆန်က အစေးရှိပြီး မာလို့ ရေစိမ်ခေါက်ဆွဲလုပ်ငန်းအတွက် အဓိက ကုန်ကြမ်းဖြစ်ပါတယ်။ ကောလင်း ရေစိမ်ခေါက်ဆွဲက အထက်မြန်မာပြည်မှာ နာမည်ရတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကောလင်းမြို့နယ် ရေစိမ်ခေါက်ဆွဲလုပ်ငန်း ဆယ်ခုက နေ့စဉ်ထုတ်လုပ်နေပြီး မြစ်ကြီးနား၊ ဟိုပင်၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကျွန်းလှ၊ ကန့်ဘလူ၊ ထန်းကုန်း၊ ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့များကို စီးပွားဖြစ် တင်ပို့ရောင်းချနေတာတွေ့ရပါတယ်။ အင်းတော်မြို့နယ်မှာ ရေစိမ်ခေါက်ဆွဲလုပ်ငန်းမရှိပါဘူး။ မုန့်တီ ခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်း တိုးချဲ့ပါက အောင်မြင်နိုင်ပါတယ် လို့ ကောလင်းခေါက်ဆွဲ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

          အင်းတော်မြို့နယ်မှာ ဆင်း- ၃ စပါး အဓိကစိုက်ပြီး၊ စောရှုပ်စပါးလည်း အများအပြား စိုက်ပျိုး ကြပါတယ်။ ဆင်း-၃ဆန်မှ မုန့်တီ ရှမ်းဆန်စေးခေါက်ဆွဲ ထုတ်လုပ်ပေမဲ့ ဒေသတွင်းစားသုံးရန်သာ ဖြစ်နေတာတွေ့ရပါတယ်။ ဒေသတွင်းစားသုံးတဲ့ ကုန်ထုတ်လုပ်ငန်းအဆင့်မှ စီးပွားဖြစ်လုပ်ငန်းအဆင့် ကို ရောက်ရှိဖို့ ဒေသတွင်းမှာ ထွက်တဲ့စောရှုပ်ဆန်မှ ရေစိမ်ခေါက်ဆွဲလုပ်ငန်း တိုးချဲ့လုပ်ကိုင်သင့်တယ် လို့ မုန့်တီခေါက်ဆွဲလုပ်ငန်း တိုးချဲ့လုပ်ကိုင်သင့်တယ်လို့ မုန့်တီခေါက်ဆွဲစျေးကွက်က သိရပါတယ်။

 

ကြည်နိုင်ဦး(အင်းတော်)

                                                                       

                                                                       

ပြည်တွင်းစားသုံးမှုပိုလျှံဖို့ ဂျုံစိုက်ပျိုးမှု မြှင့်တင်စို့

          ဥရောပနိုင်ငံများ၏ အဓိကအစားအစာမှာဂျုံဖြစ်ပြီး၊ အာရှနိုင်ငံများတွင်အဓိကအစားအစာမှာဆန်/ စပါးဖြစ်ပြီး၊ ဂျုံကိုဖြည့်စွက်အစားအစာအဖြစ် စားသုံးကြပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာဂျုံကို စားသုံးကြပါသည်။ ဂျုံသီးနှံကိုဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုး၊မြန်မာ့ရိုးရာအစားအစာအဖြစ် ဂျုံစေ့ကိုထန်းလျက်နှင့် အရည်ကျို၍ ဂျုံယိုအဖြစ်စားခြင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် ဂျုံဖွဲအားနွားစာ၊ မြင်းစာ၊ ဝက်စာများအဖြစ် အသုံးပြုကြ ပါသည်။ အခွံမချွတ်ထားသည့် ဂျုံနှင့်လုပ်ထားသောပေါင်မုန့်၊ ခေါက်ဆွဲစသည့်စားသောက်ကုန်များတွင် ဗီတာမင် E ၊ B1၊ B2၊ B3၊ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ပရပ်စ်၊ ဇင့်၊ သံဓာတ် နှင့် အမျှင်ဓာတ် များပါဝင်၍ ဆီချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါသည်။

          မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဂျုံသီးနှံအမျိုးအစားမှာမုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ၊ V- 1287မျိုးတို့ဖြစ်ပါသည်။

ဂျုံသီးနှံသည် ရေစိမ့်ဝင်မှုကောင်းသောမြေ၊ နှုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ကို ကြိုက်နှစ်သက်ပြီးစပါးစိုက်ပျိုးသောမြေများတွင် ဦးစားပေးရွေးချယ်စိုက်ပျိုးသင့်ပါ သည်။ ဂျုံသည် အပူချိန်မြင့်မားမှုကိုမနှစ်သက်ဘဲအအေးကြိုက်သည့် သီးနှံဖြစ်ပြီး၊ အနိမ့်ဆုံးအပူချိန်(5 HC) မှ အမြင့်ဆုံးအပူချိန်(32ॱC)အတွင်းဖြစ်ထွန်းသော်လည်းသင့်လျော်ဆုံးအပူချိန်မှာ(5ॱHCမှ20 HC)ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုဆောင်းရာသီအောက်တိုဘာ/ နိုဝင်ဘာ/ ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး၊ အပင်သက် ရက်ပေါင်း(၁၂၀မှ ၁၄၅ထိ) ကြာမြင့်၍ ဒီဇင်ဘာ/ ဇန်နဝါရီ /ဖေဖော်ဝါရီ/ မတ်လများတွင်သီးနှံထွက်ပေါ်ပါသည်။တစ်ဧကလျှင် မျိုးစေ့(၁.၅တင်း မှ ၂.၅တင်း) အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် ကျပ် (၂ သိန်း မှ ၂.၅သိန်းကြား) ကုန်ကျနိုင်ပြီး၊ တစ်ဧကအထွက်နှုန်းမှာ (၁၈တင်းမှ ၂၃တင်းကြား) ထွက်နိုင်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ခုနှစ်တွင် ဂျုံစိုက်ဧက(၁၆၃၃၅၅)၊ အထွက်နှုန်း(၂၁.၄၈) တင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ဂျုံစိုက်ဧက(၁၁၉၂၇၁)၊ အထွက်နှုန်း(၂၁.၄၄)တင်းဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဂျုံစိုက်ပျိုးရန် လျာထားဧက(၁၂၀၀၀၀)ဧကဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံကြိတ် ခွဲစက်(၅၄)စက်၊ ဂျုံခေါက်ဆွဲစက်(၄၀)စက်ရှိပါသည်။

မုံရွာမြို့နယ်တွင် ဂျုံစက်(၂၁)စက်ရှိပြီး ၊ မုံရွာမြို့ ဂျုံစက်များကြိတ်ခွဲရန်လိုအပ်သောဂျုံစေ့များသည် ဒေသထွက်ရှိမှုမလုံလောက်သဖြင့် တောင်ကြီး၊ အောင်ပန်းမြို့များမှ ဝယ်ယူကြိတ်ခွဲရပါသည်။ ဂျုံ၏တန်ဖိုးမြှင့်ထုတ်ကုန်မှာဂျုံမှုန့်ဖြစ်ပါသည်။ မုံရွာမြို့ ဂျုံစက်တစ်စက် တစ်ရက်လျှင်ပျမ်းမျှ ဂျုံတစ်တင်းခွဲဝင် အိတ်(၁၀၀)ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်ပြီးဂျုံတစ်တင်းကြိတ်လျှင် ဂျုံမှုန့်(၁၆.၅)ပိဿာထွက်ရှိပါသည်။ မုံရွာမြို့ ဂျုံစက်များကထုတ်လုပ်သောဂျုံမှုန့်များကိုမန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများသို့ တင်ပို့ရောင်းချပါသည်။ ဂျုံမှုန့်သုံးစွဲမှုသည် ဒေသတွင်းထွက်ရှိမှုနှင့် မလုံလောက်သဖြင့် ပြည်ပ(အိန္ဒိယ)မှ ဂျုံမှုန့်များတင်သွင်းဝယ်ယူရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဂျုံတစ်တင်းပေါက်စျေးနှုန်းအနိမ့်/အမြင့်စျေးများမှာ ၂၀၁၈ခုနှစ် တွင် ဂျုံဖြူသန့် ၁၇ဝဝဝိ/-မှ ၂၀၅၀ဝိ/-။ ဂျုံအထွက်တိုး ၁၄ဝဝဝိ/- မှ ၁၉၅ဝဝိ/- စျေးပေါက်သဖြင့် တောင်သူအကျိုးအမြတ်မှာတစ်ဧကလျှင် ကျပ် ၁သိန်း ၅သောင့်ခန့်ရရှိပါသည်။ နှစ်စဉ် စစ်ကိုင်းတိုင်း အတွင်းဂျုံတန်ချိန်(၁.၅သိန်း မှ ၂သိန်း ကြား) လိုအပ်၍ တောင်သူများအနေဖြင့် စီးပွားရေး တွက်ခြေကိုက် သောဂျုံကိုပိုမိုစိုက်ပျိုးသင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

                                                                                                သန်းသန်းတင်( မုံရွာ)

ကသာခရိုင်စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း

ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးခန်း၌ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ကုန်စည် ဝန်ဆောင်မှုများ စျေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ခရိုင်စားသောက်ကုန်ထုတ်လုပ် ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအသင်း ဖွဲ့စည်းရာတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်ဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန် ထမ်းများနှင့် ခရိုင်အတွင်းမြို့နယ်များရှိ စားသောက်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်စုစုပေါင်း(၃၇)ဦး တက်ရောက်ခဲ့ပါသည်။

အသင်းဖွဲ့စည်းရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်အုန်းမှ အသင်း၏ စည်းကမ်းချက်များ၊ စားသောက်ကုန်ထုန်လုပ်ရာတွင် ပါဝင်ရမည့်အချက်များ အသေးစိတ်ရှင်းပြခြင်း၊ အသင်းတည်တံ့ခိုင်မြဲရန်အတွက် နာယက(၃)ဦး၊ အလုပ်အမှုဆောင်(၁၃)ဦးနှင့် ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒု- ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးမှ အသင်းဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် အချက် အလက်များ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊နာယက ရွေးချယ်တင်မြှောက်ခြင်း၊ အလုပ်အမှု ဆောင်များရွေးချယ်တင်မြှောက်ခြင်းဆောင်ရွက်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကို အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

လှလှခိုင်(ကသာ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ