Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ထီကွေ့ကျေးရွာတွင်  ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) မှ (၁၂:၃၀) နာရီအချိန်ထိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ထီကွေ့ ပြည်သူ ၁၈ ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။        

                အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာ မိတ်ဖက် ဌာနများဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်ပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြပါသည်။

              ၎င်း ဟောပြောပွဲတွင် ဓနုဖြူမြို့နယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ပေးရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊  စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့်  ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအကြောင်း သိရှိလိုပါကလည်း doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးမှ အပြန်အလှန်ရှင်းလင်း ဖြေကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC)သို့ ပြောင်းဆံတင်ပို့မည့် ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် အဖွဲ့ဝင်သည် ညောင်တုန်းမြို့နယ် ၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်အတူ (၁၆.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် သွားရောက်၍ ညောင်တုန်းမြို့နယ် Toe Tet Win Hlaing Co.Ltd သို့ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

          ၎င်းစစ်ဆေးမှုတွင် တင်ပို့မည်ပြောင်းဆံများ၏ သိုလှောင်ထားရှိမှုများသည် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သန့်ရှင်းစွာထားရှိမှု ရှိ/ မရှိကိုလည်းကောင်း၊ Toe Tet Win Hlaing Co.Ltd ဒါရိုက်တာ ဦးတိုးရွှေနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား အပြန်အလှန်ဆွေးနွေးပြီး သိုလှောင်ထားရှိသော ပြောင်းဆံများနှင့် ကုမ္ပဏီလုပ်ငန်းခွင်သို့ လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့မည့်ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကြည်ဦးဆောင်၍  ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ  ဦးထွေးသိမ်း၊  ဒေးဒရဲမြို့နယ်တာဝန်ခံ  ဦးသိန်းမောင်တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည်(၁၈-၅-၂၀၂၂) ရက်နေ့ နံနက်  (၁၀:၀၀) နာရီအချိန်တွင်  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံတို့အကြား လက်မှတ်ရေးထိုးသည့် SPS Protocal အရ  တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန်  ဆန္ဒပြုလျှောက်ထားသည့်  ALLIANCE  EAGLE ကုမ္ပဏီ၏ ပြောင်းဆံအခြောက်ခံ သန့်စင်သိုလှောင်မည့် ဒေးဒရဲမြို့နယ် ထောင်မှူးချောင်ကျေးရွာရှိ Agrastar ပေါင်းဆန်စက်ရုံသို့ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးမှုအရ  Agrastar ပေါင်းဆန်စက်ရုံအတွင်းတစ်လုံးလျှင် ပြောင်းဆံ(၂၂)တန်ဆံ့ သိုလှောင်ကန် (၁၄) လုံး ဆောင်ရွက်ထားရှိပြီး စက်များကို  လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်လည်ပတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား (၄၀ မှ ၇၀) အထိရှိကြောင်း၊ ကုန်ပစ္စည်းအတင်အချကိုလည်း ကွန်ဘေရာများဖြင့် တင်ချဆောင်ရွက်နိုင်ကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး သီဟသူ ဆန်စက်အား ကွင်းဆင်းအသိပညာပေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၅.၂၀၂၂) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် သီဟသူ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ညောင်တုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်လွင်နှင့် သီဟသူ ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားနိုင်ရေးတို့အပြင်၊ ညောင်တုန်းမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ပြည်ခရိုင်အတွင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူ

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်း စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှု၊ စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်စေရေးအတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများအား ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိပါသည်။

          ယင်းသို့ စားသုံးသူအညွှန်းကိန်းစစ်တမ်းများကောက်ယူရာတွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ် (၆)မြို့နယ်မှ မြို့နယ်တာဝန်ခံများအနေဖြင့် မိမိတာဝန်ကျရာမြို့နယ်များအတွင်း စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအသိပညာပေးမှုလုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြမှုများနှင့် စပ်လျဉ်းသည့် စားသုံးသူများသိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေး ဉပဒေပါ စားသုံးသူအခွင့်အရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိနိုင်မှုအခြေအနေစသည့်အချက်များ ပါဝင်သော  စားသုံးသူစစ်တမ်းမေးခွန်းလွှာများအား မေလ ပထမပတ်မှ စတင်၍ ပြည်သူများသို့ တိုက်ရိုက်မေးမြန်းခြင်းနှင့် Onlineမှ မေးမြန်းခြင်းဖြင့် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းများ ကောက်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ပဲခူး

 

တောင်ငူမြို့တွင် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တောင်ငူမြို့ပေါ်ရှိ မြေပဲဆီ၊ ပဲစပ်ဆီထုတ်လုပ်သူများ၊ ဆီကုန်သည်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့် ပြည်ပမှစားသုံးဆီများတင်သွင်းရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။

            ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အစားအအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲမှ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ဖြင့် အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်များနှင့် အမှတ်တံဆိပ်ပါ စားသုံးဆီများကို ထိန်းချုပ် အစားအသောက်အဖြစ်သတ်မှတ်ခြင်းများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေး နှင့် အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပါသည်။

              ထို့နောက် တက်ရောက်လာကြသည့် ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင် ၁၆ ဦး တက်ရောက်ကြောင်း သိရပါသည်။

(DOCA)ပဲခူး

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) ကျင်းပ

             ပဲခူးတိုင်းဒေသကြီးအတွင်း ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး စားသုံးသူတွေရဲ့ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် (၁၇.၅.၂၀၂၂) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီတွင် ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွား‌ရေးရာဝန်ကြီး၊ စားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၄)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

            အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဉက္ကဋ္ဌ ဦးတင်ဦးမှ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ အစည်းအဝေး( ၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးဆုံးဖြတ်ချက်များအရ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ကို (၁) လတစ်ကြိမ် ကျင်းပသွားမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၂ ခုနှစ် မေလအတွင်း ကောက်ယူလျက်ရှိသော စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းကိုလည်း ကော်မတီအဖွဲ့ဝင်များ ၊ အစိုးရဌာနများ၊ အသင်းအဖွဲ့ များက အားလုံးပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း၊ ဟင်းသီးဟင်းရွက်ဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ရာ  အဆိုပါ အမိန့်နှင့်ပတ်သက်ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေးခြင်း လုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်အား (၁.၅.၂၀၂၂) ရက်နေ့မှစပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲ၊ စိန်ခေါ်မှု၊ အားသာချက်၊ အားနည်းချက်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံများနဲ့ ပတ်သက်ပြီး အကြုံပြုဆွေးနွေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

              ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးမှ လက်ရှိဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများ ၊ ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများ၊ တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုများ နှင့် ပတ်သက်ပြီး အမှာစာများ ရှင်းလင်းတင်ပြ၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက အတည်ပြုကြပြီး အစည်းအဝေးကို (၁၅:၄၅) တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သည့် ဝန်ထမ်းများသည်(၂၃.၅.၂၀၂၂)ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် တောင်ကြီးမြို့၊ ရက်ကန်းနှင့်အသက်မွေးဝမ်းပညာသင်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

           ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ  ဒေါ်စောနန္ဒာမြင့်(အကြီးတန်းစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ရာ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုရှိပါက ဌာန၏ website, facebook page နှင့် CICC တို့တွင် တိုင်ကြားနိုင်ကြောင်း အသိပေးဟောပြောခဲ့ပြီး သင်တန်းသား/သူများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ရက်ကန်းကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်တကွ သင်တန်းသား/သင်တန်းသူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး နေ့လည်၂:၃၀ နာရီအချိန်တွင် အခမ်းအနားပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

 (DOCA)ရှမ်း

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆေးဝါး/ဆေးပစ္စည်းအရောင်းဆိုင်/ကုမ္ပဏီခွဲများသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်း

             ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းသည် ပူးပေါင်းမိတ်ဖက်ဌာနဖြစ်သည့် ပြည်နယ်FDA၊ မြို့နယ်ကျန်းမာရေး၊ မွေး/ ကု၊ ထွေ/အုပ်၊ စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ (၁၉-၅-၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စစ်တွေမြို့ပေါရှိ ဆေးဝါးရောင်းချသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရှိ သုံးစွဲရန်မသင့်သည့်ဆေးဝါးပစ္စည်းများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ရခိုင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဆေးဝါးနှင့်ဆေးပစ္စည်းများအား လစဉ်ဈေးကွက်နမူနာများကောက်ယူပြီး နေပြည်တော်သို့ပေးပို့၍ ဓါတ်ခွဲစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ECOCANN I.V Cannula (Batch No. A1703033) နှင့် I.v.Flon ဆေးသွင်းအပ်(၂)မျိုး သည် Failed in Sterility Test ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ ၎င်းဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ သွားရောက်စစ်‌ဆေးရခြင်းဖြစ်ပါသည်။

             စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ဝင်းဆေးမျိုးစုံအရောင်းဆိုင်၊ လင်းလင်းဆေးဆိုင်နှင့်ကျေးပင်ကြီးရပ်ကွက်ရှိ Medi Health Co.Ltd ကုမ္ပဏီခွဲ ဆေးဝါးသိုလှောင်ဖြန့်ချီရောင်းချသည့်ဆိုင်များသို့ သွားရောက်စစ်ဆေးရာ ဈေးကွက်အတွင်းတွေ့ရှိသော ECOCANN I.V Cannula  သက်တမ်းလွန်ဆေးသွင်းအပ် (၇၅)ချောင်းအားအဖွဲ့ဖြင့် သိမ်းဆည်းခြင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆေးဝါး/ဆေးပစ္စည်းများအား Good Storage Practice (GSP) နှင့်အညီ ထားသိုရောင်းချရန်နှင့်စံမညီဆေးဝါး/ဆေးပစ္စည်းများ ကျန်းမာရေးဝန်ကြီးဌာနမှ သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် အန္တရာယ်ရှိဆေးဝါးနှင့်ဆေးပစ္စည်းများကို ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရေး ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းနှင့် ဆေးဝါးများတင်သွင်းသယ်ယူကြရာတွင် ကုန်တင်ကားများ၌ စားသောက်ကုန်များနှင့်ဆေးဝါးများ ရောနှောသယ်ယူခြင်းကြောင့် ပိုးမွှားများကူးစက်စေခြင်း၊ ဆေးဝါးများအရည်အသွေးကျဆင်းစေခြင်းကြောင့် ၎င်းဆေးဝါး/ဆေးပစ္စည်းများအား ဆေးဝါးရောင်းချသူများ၊ ဆေးဆိုင်များ၊ ဆေးဝါးကုမ္ပဏီခွဲများအနေဖြင့် အစုအဖွဲ့၊ အသင်းအဖွဲ့ဖွဲ့စည်း၍ ပူးပေါင်းကာ ဆေးဝါးသယ်ယူကြရာ၌ ဆေးဝါးသီးသန့်တင်ပို့ကားများဖြင့် သယ်ယူတင်ပို့ဆောင်ရွက်သင့်ကြောင်း ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

(DOCA)ရခိုင်                     

ဖျာပုံမြို့ ကျုံကူကျေးရွာရှိ ငရုတ်ဆီလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမင်းဇော်သည်မေလ(၂၀) ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင် ကျုံကူကျေးရွာရှိ ကျားမင်းအမှတ်တံဆိပ် ငရုတ်ဆီလုပ်ငန်းသို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအား ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကျားမင်းငရုတ်ဆီလုပ်ငန်းတွင် ဈေးကွက်ပို့ရန် ကုန်စည်များ စနစ်တကျ ထုပ်ပိုးမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများစနစ်တကျရှိစေရေး၊အလုပ်သမားတစ်ကိုယ်သန့်ရှင်းမှုနှင့် ဝတ်စုံများအပြည့်စုံဝတ်ဆင်မှုရှိစေရေး ၊ လုပ်ငန်းရင်းနှီးမြုပ်နှံမှု၊ ယခင်နှစ်ဈေးနှုန်းဈေးကွက်၊ ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ယခုနှစ်ကွာဟချက်အခြေအနေများအပေါ်ဆောင်ရွက်နေမှု၊ အလုပ်သမားများအား လုပ်ခလစာပေးနေမှုနှင့် စီးပွားရေးလုပ်ငန်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ