Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်၊ ဆန်စက်ပိုင်ရှင်များအသင်း ရွေးချယ် တင်မြောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

              ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ရွေးချယ်တင်မြောက်ပွဲကို (၂၉.၅.၂၀၂၂) နေ့ နံနက် (၁၀:၀၀) နာရီအချိန်မှစ၍ အစီအစဉ် (၁၀)ရပ်ဖြင့် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ ရွေးချယ်တင်မြောက်ပွဲကို မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်အသင်း၏ လမ်းညွှန်မှုအရ တပင်ရွှေထီး ဆန်စက်ပိုင်ရှင်ဦးဉာဏ်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး သီဟကိုကို၊ နိုင်ဝမ်းတူး ဆန်စက်ပိုင်ရှင် ဦးဝင်းမြင့်အောင်နှင့် ဆန်စက်ပိုင်ရှင်အသင်းရုံးအဖွဲ့မှူး ဦးထွန်းအောင်တို့မှ အခမ်းအနား အစီအစဉ်များအတိုင်း ရွေးချယ်ပွဲကို ကျင်းပခဲ့ကြပါသည်။

            စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက  ဆန်စက်လုပ်ငန်းရှင်များနှင့် ရှေ့ဆက်လက်တွဲလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်မည့် မအူပင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသာမက ဆန်စက်ပိုင်ရှင်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွားသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆင့်ပွားသင်တန်းကို (၂၇.၅.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် “  တိုင်းဒေသကြီး/ ပြည်နယ်များရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်မည့်ဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)အား (၉.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်အကြာ နေပြည်တော်ရှိ စီးပွားရေးနင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-(၅၂)တွင် ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်၊ဧပြီလအတွင်းစစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရရှိမှုအခြေအနေအရ စုစုပေါင်း (၄၄) မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း(၁၄၇၀)ကျော်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးသည် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့အခွန်အခများ မဆုံးရှုံးစေရန်၊ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေး၊ စားသုံးသူပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးတို့အပြင် အမျိုးသားလုံခြုံရေးနဲ့ကျန်းမာရေးတို့အတွက် အရေးကြီးသဖြင့် စစ်ဆေးရေးဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့်သဘောပေါက်အောင် ရှင်းပြပေးစေလိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ခွင့်ပိတ်ခဲ့ပြီး၊ ယခုအချိန်တွင်ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုလာကြောင်း၊ တမူးဘက်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဝင်ရောက်နိုင်သဖြင့် မိမိတို့တိုင်းအနေဖြင့်အရေးကြီးကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေတဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေကပြည်သူများ၊ ကားသမားများနှင့် ထိတွေ့ဆက်ဆံရသည့်အတွက် လာဘ်ပေးလာဘ်ယူမှု ကင်းစေလိုကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများအနေဖြင့်  ဦးဆောင်ကော်မတီက ချမှတ်ထားသော SOP နှင့် ဥပဒေအရ အဖွဲ့ပေါင်းစုံဖြစ်တဲ့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထူးခြားဖြစ်စဉ် ရှိခဲ့ပါက သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးများကတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်  တပြေးညီတင်ပြဖို့လိုအပ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တမူးခရိုင်တွင် (၄) မိုင်စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းခရိုင်တွင် ရတနာပုံစစ်ဆေးရေးဂိတ်၊ မုံရွာခရိုင်အနေဖြင့် ကျွဲရဲစစ်ဆေးရေးဂိတ်နှင့် မအူစစ်ဆေးရေးဂိတ်၊  ရွှေဘိုခရိုင်တွင်အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်ထိပ် ဂိတ်စသည့် စုစုပေါင်းဂိတ် (၅) ခုဖွင့်လှစ်ကာ တာဝန်ထမ်းဆောင်နေပြီး လိုအပ်ပါက ကလေးဝ-ကျီကုန်းဂိတ် ထပ်မံဖွင့်လှစ်ရန်စီစဉ်လျက်ရှိကြောင်း၊ နိုင်ငံတော်တာဝန်ဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆ သဘောမထားဘဲ လေးလေးနက်နက်ဆောင်ရွက်စေလိုအပ်ကြောင်း၊ ပြည်သူများ အထင်မှားစေမည့် အဂတိကိစ္စများ ရှောင်ကြဉ်ကြရန်၊ သက်ဆိုင်ရာတာဝန်ခံများမှ တဆင့်တိုင်းဒေသကြီး ဦးစီးမှူးများမှ အဆင့်ဆင့်ဆက်လက်တင်ပြကြစေလိုအပ်ကြောင်း၊ ယနေ့ ပို့ချသည့်သင်ခန်းစာများကိုလည်း သေချာလေ့လာမှတ်သားရန်နှင့် ဌာနစုံ၊ အဖွဲ့စုံပူးပေါင်း၍ တိုင်းဒေသကြီးအကျိုး၊ တိုင်းပြည်အကျိုးဆောင်ရွက်လုပ်ကိုင်ရခြင်းဖြစ်၍ အချင်းချင်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ဆက်လက်ပြီးစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့်အတူ သင်တန်းသို့ တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းသား ၂၄ ဦးနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

             အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးအဆင့် သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ သင်တန်းနည်းပြဆရာ(၃)ဦးက သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း သည့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အခြားသိကောင်းစရာများကို သင်တန်းသား (၂၄)ဦးတို့အား တစ်ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဇီးကုန်းမြို့နယ်တွင်း စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစိစစ်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တာဝန်ခံသည် (၁၃.၅.၂၀၂၂) ရက်နေ့တွင် စီးပွားရေး လုပ်ငန်းရှင် (၃) ဦးနှင့်တွေ့ဆုံ၍ စားအုန်းဆီ ဖြန့်ဖြူး‌နေမှု အခြေအနေ ၊ တစ်ပတ်အတွင်း စားအုန်းဆီဈေးနှုန်း၊ သတ်မှတ်ပေပါ အရောင်များဖြင့် ဖြန့်ဖြူးမှု ရှိ/မရှိ ၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နှိပ်ထားရှိမှု ရှိ/မရှိအား ကွင်းဆင်း စိစစ်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် စားသုံးဆီ လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချနေသော ဆိုင်ပိုင်ရှင်များနှင့် ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား နောက်ပိုင်းတွင် စားသုံးဆီများကို တင်သွင်းသည့်အခါ ပေပါ အဝါ များဖြင့်သာ သယ်ယူရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ ယခင်ပေပါ အပြာရောင်ဆီ ထည့်သည့် ပေပါများအား သန့်စင်ဆေးကြော၍ အဝါရောင်ဆေးသုတ်ပြီး ရန်ကုန်ဆီကန်များမှ သယ်ယူ‌နေရခြင်း ဖြစ်ကြောင်း၊  ယခုရက်များတွင် လိုသလောက်ဝယ်ယူ၍မရဘဲ ခွဲတမ်းသဘောဖြင့်သာ ဝယ်ယူရကြောင်း သိရှိရပါသည်။

          ဇီးကုန်းမြို့နယ်၏ စားအုန်းဆီဖြန့်ဖြူးမှုသည် ဆီလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးအောင်ငွေ (ဆီကုန်သည်ကြီးများအသင်း) မှတဆင့် လက်ကားပြန်ယူ၍ ဈေးအတွင်း ကုန်စုံဆိုင်အများစုမှ ပြန်လည် ဖြန့်ဖြူးရောင်းချနေကြောင်း၊ ၁၃.၅.၂၀၂၂ ရက်နေ့တွင် စားအုန်းဆီဈေးနှုန်းများမှာ (၆၈၀၀/-)ကျပ်၊ လက်ကားဈေးဖြစ်ပြီး လက်လီဈေးနှုန်းမှာ (၇၅၀၀/မှ ၈၀၀၀/) ကျပ်အထိ မြို့နယ်တွင်း ကျေးရွာများအထိ သယ်ယူမှု အနီးအဝေးအလိုက် ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း ဈေးနှုန်းမှာ (၆၄၀၀-၆၆၀၀-၆၈၀၀/) ကျပ်အထိ ဈေးကွက်တွင် လက်ကားရောင်းချ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု အသိပညာပေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာအုပ်စုများအလိုက် ကဏ္ဍအလိုက် ကွင်းဆင်းဆောင်ရွက်မှုများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ မှစ၍ တစ်လလျှင် (၁၀) ရွာနှုန်းဖြင့် ကျေးရွာ (၃၀) အား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

          ဇီးကုန်းမြို့နယ်အနေအထားအရ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း (၂၉)အုပ်စုရှိ၍ ကျေးရွာပေါင်း (၁၃၂) ရွာရှိရာ လူဦးရေမှာ (၇၀၆၂၀) ဦးခန့် နေထိုင်လျက်ရှိပါသည်။ မြို့နယ်လူဦးရေ၏ သုံးပုံ နှစ်ပုံသည် ကျေးလက်နေ လူဦးရေဖြစ်ပြီး အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေထိုင်ကြသည်။ ဇီးကုန်းမြို့နယ်တွင် စပါးစိုက်ဧကမှာ (၄၈၀၇၇) ဖြစ်ပြီး မိုးစပါး၊ နွေစပါး၊ မတ်ပဲ ၊ ပဲတီစိမ်း အစရှိသော တွက်ခြေကိုက်သီးနှံများ အများဆုံး စိုက်ပျိုးကြပါသည်။ ယခုလက်ရှိ အခြေအနေတွင် ဖြစ်ပေါ်နေသော စားဆီဈေးနှုန်းမြင့်တက်နေမှု အခြေအနေများ ၊ ကမ္ဘာ့အဆင့်အထိ နိုင်ငံများစီးပွားရေး ကြပ်တည်းလာမှု အပေါ် စားသုံးဆီပြည်တွင်း ဈေးကွက်တွင်လည်း စားသုံးမှု ဖူလုံရန် လိုအပ်ချက်များရှိလာပါကြောင်း၊ ယခုကာလတွင် ဈေးကွက် အတွင်း ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ် စားသုံးဆီ တင်သွင်း သိုလေှာင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီထံမှ ခွင့်ပြုချက်ရှိသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap seal များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Logo) များ ကပ်နိုပ်ရန် နှင့် ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်မှ စတင်ပြီး စားအုန်းဆီ ဖြန့်ဖြူးရာတွင် Store Tank များမှ ဆီထုတ်ယူရာ၌ Food Grade Clean Drum များဖြင့် စတင် အသုံးပြုရန် အစီအမံများ ပြုလုပ်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်စားသုံးနိုင်ရန် ဌာနအနေဖြင့် ထိန်းကျောင်းဆောင်ရွက်နေပါကြောင်း ၊ မိမိဒေသနှင့် ကိုက်ညီသော ဆီထွက်သီးနှံများကို ရွေးချယ် စိုက်ပျိုးကြခြင်းဖြင့် တစ်နိုင်တစ်ပိုင်စားဆီ ဖူလုံရေးစိုက်ပျိုးသင့်ကြောင်း ၊  ပဲဆီများအား ဆီစက်များတွင် အပ်နှံကြိတ်ခွဲပါက ပဲဆီတစ်ပိဿာလျှင် (၆၈၀၀) ကျပ်ခန့်သာ ကုန်ကျသည့်အတွက် စားအုန်းဆီ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်သာ ကွာခြားသဖြင့် စားသုံးသူကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သုံးစွဲသင့်ကြောင်း၊ ငွေကြေးကုန်ကျမှု အနည်းငယ်များသော်လည်း ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ကြောင်း ၊ ဒေသခံပြည်သူများအနေဖြင့် ဆီထွက်သီးနှံများအား ရွေးချယ် စိုက်ပျိုးရာတွင် သွင်းအားစုနည်းပြီး အခြားသီးနှံများကိုလည်း အထွက်နှုန်း မထိခိုက်နိုင်သည့် နေကြာသီးနှံအား သီးညှပ်ဖြင့် စိုက်ပျိုးခြင်းဖြင့် စားသုံးဆီဖူလုံ၍ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးပြည့်သည့် စားသုံးဆီများကို မြေယာပိုင် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးသင့်ကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

ကျိုက်လတ်မြို့နယ် ရေယာဉ်ပိုင်ရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

          ဧရာဝတီတိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ရေယာဉ်ပိုင်ရှင်များအသင်းနှင့် ( ၂၃ .၅ .၂၀၂၂ ) ရက်နေ့  နံနက် ( ၁၁:၀၀ ) နာရီအချိန်တွင်အမှတ် (၃)ရပ်ကွက် အောင်မြင့်မိုရ်ဈေးရှိ ရေယာဉ်ပိုင်ရှင်များအသင်းရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် အသင်းဥက္ကဌဦးအောင်ဇော်က ရေယာဉ်ပိုင်ရှင်များအသင်းကို (၂၅.၃.၁၉၉၄) နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်(၇)ဦး အသင်းသား (၈၄၇)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ယခုအခါ (၂၀၂၁ - ၂၀၂၂) ခုနှစ်  (၆)လ ဘတ်ဂျတ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး  အလုပ်အမှုဆောင် (၇) ဦး ၊အသင်းသား  (၁၀၀)ဦး တို့ပါဝင်သော   အသင်းကို  ပြန်လည်ဖွဲ့စည်းခဲ့ရာတွင်  အသင်းဥက္ကဌအဖြစ်   ဦးအောင်ဇော်က ပြန်လည်တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း၊  ယခုအချိန်တွင် ရေယာဉ်လိုင်စင် သက်တမ်း ကုန်သော လိုင်စင်များ သက်တမ်းတိုးပေးခြင်း၊  လိုင်စင်မဲ့များအားလိုင်စင်ပြုလုပ်ပေးခြင်း၊  ရေယာဉ်ကြံခိုင်မှု၊ ကုန်စည်တင်ဆောင်မှု၊  ရေယာဉ်လိုင်းပိုင်မရှိသော  ရေယာဉ်များအား လိုင်းပိုင်ရရှိရေး၊  ရေယာဉ်လမ်းကြောင်းတူညီသော  ရေယာဉ်များအား အသင်းဖွဲ့စည်းနိုင်ရေး၊ ရေယာဉ်များတွင် မဖြစ်မနေထားရှိရမည့်မီးသက်ဆေးဘူး၊   သက်ကယ်ဘောကွင်းများ၊   သက်ကယ်ဝတ်စုံများရရှိနိုင်ရေး  ၊  ရေယာဉ်အသင်းများအနေဖြင့် ဆက်လက်၍    မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ကျေးရွာများအထိ  ရေယာဉ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ မြို့နယ်တာဝန်ခံက ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍  စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊မေလ(၂၇)ရက်နေ့ နံနက် (၁၀;၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် ဆေးဝါးအရောင်းဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးပစ္စည်းများနှင့် သက်ဆိုင်ရာဌာနများမှတားမြစ်ပိတ်ပင်ထားသော ဆေးပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration NO.(IR)များ ဖော်ပြထားသောဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ‘‘ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”၊ အခန်း(၉)ပါ ‘‘စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”နှင့်အခန်း(၁၀)ပါ ‘‘စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ” အား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းပေးရေး အသိပညာပေးဆွေးနွေး

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မေလ(၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဒေသတွင်းစားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီမံခန့်ခွဲရေးနည်း ဥပဒေအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း Power Point ဖြင့် ဆွေးနွေးပါသည်။

          ဆက်လက်၍ စားသုံးသူများတွင် အခွင့်အရေးနှင့်တာဝန်များလည်းရှိကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများလည်းရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက်အလက်ပေးစေလိုကြောင်း၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များ ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ သိရှိလိုသည်များ၊ အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာ တင်ပြ ပြောစေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂)ကျင်းပ

            စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့၊ နံနက် ၁၁း၀၀ နာရီတွင်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာစစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ၊စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း တက်ရောက်အမှာစကားပြောကြားပါသည်။
          ကော်မတီဥက္ကဌကအမှာစကားပြောကြားရာတွင် ပြီးခဲ့သောဧပြီလအတွင်း စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြစ်ကြသော စားသုံးသူများနှင့်လုပ်ငန်းရှင်များအား အသိပညာပေးခြင်း၊ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လျာထားချက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက်အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများက ညှိနှိုင်းပေါင်းစပ်ပြီး သက်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ လုပ်ဆောင်ချက်တိုင်းသည် မျှတမှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စျေးကွက်အတွင်း လူသုံးအများဆုံးနှင့် အန္တရာယ်ရှိနိုင်ခြေအများဆုံး ကုန်စည်များကို ဦးစားပေး၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်သင့်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုရယူရန်ကိစ္စများရှိပါက အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စားသုံးသူကာအကွယ်ရေးလုပ်ငန်းများကို မိမိနှင့်သက်ဆိုင်သည့် အပိုင်းက မည်သို့ဆောင်ရွက်ကြမည်ကိုဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
             ထို့နောက် အစည်းအဝေးတွင်တင်ပြလာသည့်အမှာစာများအပေါ် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများ ချမှတ်ခဲ့ကြပါသည်။ အစည်းအဝေးသို့  စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ(၁း၀၀)နာရီတွင် အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကယားပြည်နယ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/ ၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ မေလ (၂၇)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဌာန၊ ဝန်ကြီး ဦးစိန်ဦးက စားသုံးသူရေးရာကော်မတီအစည်းအဝေးကို တစ်လ(၁)ကြိမ် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှု၊ အားသာချက်၊ အားနည်းချက်ပေါ်မူတည်ပြီး ဆက်လက်ပူးပေါင်း၍ အကြံပြုဆွေးနွေးရန် မှာကြားခဲ့ ပါသည်။

          ဆက်လက်၍ ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက ၂၀၂၂ ခုနှစ်၊ မေ လအတွင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား မြေပြင်(၁၀)ဦးနှင့် Online (၁၀)ဦး စုစုပေါင်း(၂၀)ဦး စစ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီနှင့် ပတ်သတ်၍ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါအမိန့်နှင့် ပတ်သတ်ပြီး စားသုံးသူလုပ်ငန်းရှင်များ အား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Online ပေါ်တွင် ရောင်းချလျက်ရှိသော ရသေ့ဆေး(ခေါ်)ထိုင်းဗိန်းတောဆေး အကိုက်အခဲပျောက်ဆေးအား ထိုင်းနိုင်ငံ FDA က ဘေးအန္တရာယ် ရှိဆေးအဖြစ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ တင်သွင်းထုတ်လုပ်သည့် ကုမ္ပဏီနှင့် Import Registration No. (IR) များ ဖော်ပြထားခြင်းမရှိဘဲ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော Bella Plus Plaster များ ရောင်းချနေခြင်းကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် အကျိုးစီးပွားများ ထိခိုက်နစ်နာရကြောင်း၊ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်အား ၂၀၂၂ ခုနှစ်၊ မေလ (၁)ရက်နေ့မှစပြီး လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လက်ရှိဆောင်ရွက်နေသော အသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများနှင့် ပတ်သတ်ပြီး အမှာစာများအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက အသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီး ၎င်းအစည်းအဝေးမှ အမှာစာ(၇)စောင်အား အတည်ပြု ဆုံးဖြတ် ချက်ချမှတ်ခဲ့ပြီးနောက် အစည်းအဝေးကို  (၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကယား)

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

         ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုစေရန်အတွက် ၂၉-၅-၂၀၂၂ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး ဦးဆောင်၍ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊  ပြည်နယ် ဝဥ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒု-ဥက္ကဋ္ဌ၊ ဘားအံမြို့နယ် ဝဥ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌတို့နှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေး မြှင့်တင်ဆောင်ရွက်ရန် ဟောပြောဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်(၉)ဦးကို ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် တွေ့ဆုံစေ၍ စိုက်ပျိုးရေး/မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး မြေပြင်လုပ်ငန်းဆောင်ရွက်နိုင်မည့် ဘားအံမြို့ရှိ ပရဆေးဥယျာဉ်နှင့် စိုက်ပျိုး ရေး/ မွေးမြူရေးဇုံသို့ ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ