Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာယာဝတီခရိုင်အတွင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခြင်း

             စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်း‌ဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အမျှ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ  ကောက်ယူနေကြောင်း သိရှိရပါသည်။

          သာယာဝတီခရိုင်အတွင်းရှိ  မြို့နယ် (၈)မြို့နယ်တွင် စားသုံးသူအသိပညာပေးမှုလုပ်ငန်းများ ၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ သိရှိမှု ၊ ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်မှု ၊ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်းသည့် စားသုံးသူများသိရှိရမည့် သတင်းအချက်အလက်များ ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ သိရှိနိုင်မှု ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအပေါ် သိရှိနိုင်မှု အခြေအနေများနှင့်ပတ်သက်၍  စစ်တမ်းအား (၄.၅.၂၀၂၂) ရက်နေ့တွင် လက်ပံတန်းမြို့၌လည်းကောင်း ၊ (၆.၅.၂၀၂၂) ရက်နေ့တွင် သာယာဝတီမြို့နှင့် နတ္တလင်းမြို့၌ လည်းကောင်း ၊ (၁၀.၅.၂၀၂၂)ရက်နေ့တွင် မင်းလှမြို့နှင့် ဇီးကုန်းမြို့၌လည်းကောင်း ၊ (၁၁.၅.၂၀၂၂) ရက်နေ့တွင် ကြို့ပင်ကောက်မြို့၌ လည်းကောင်း ၊ (၂၀.၅.၂၀၂၂)ရက်နေ့တွင် မိုးညိုမြို့၌လည်းကောင်း၊ (၂၉.၅.၂၀၂၂)ရက်နေ့တွင် အုတ်ဖိုမြို့၌လည်းကောင်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းကောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

လွိုင်ကော်မြို့ပေါ်ရှိ ဓာတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် အချိန်အတွယ် ဂါလံ၊ လီတာများ ပြည့်မီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့၊ နံနက် (၀၉ : ၃၀) နာရီအချိန်တွင် လွိုင်ကော်မြို့ ၊ မြေနီကုန်းရပ်ကွက်ရှိ ပြည်အောင်ရတနာ ဆီဆိုင်၊ တော်ဝင်(၁)ဆီဆိုင်၊ တော်ဝင်(၂)ဆီဆိုင်နှင့် ထေးသမရပ်ကွက်ရှိ ရွှေသဇင်မိုးဆီဆိုင်တို့၌ ဈေးကွက်အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ်ဖက်ဌာနများဖြစ်သော ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး အချိန်အတွယ် ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ (၂၀) လီတာ စံခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန် အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီ မှန်ကန်သည့် ပစ္စည်းများဈေးကွက်အတွင်း တင်သွင်း၊ ဖြန့်ဖြူးရောင်းချရန်လိုကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသော စက်ဆီ၊ချောဆီများ ဈေးကွက်အတွင်းတွေ့ရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

မွန်ပြည်နယ်တွင် လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်

          (၂၈.၅.၂၀၂၂) ရက် စနေနေ့ နံနက်(၉)နာရီအချိန်တွင် ဘီးလင်းမြို့နယ်ရှိ ရွှေစင်ဦး ဟိုတယ်ခန်းမ၌ (၅)ရက်တာ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့် သင်တန်းကို National Enlightenment Institute (NEI) နှင့် မော်လမြိုင်ကုန်စည်ဒိုင်တို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မော်လမြိုင်ကုန်စည်ဒိုင် အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ NEI မှတာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၅၃)ဦး တက်ရောက်ခဲ့ပါသည်။

         ထိုလုပ်ငန်းခွင်ဝင်စွမ်းဆောင်ရည်မြှင့်သင်တန်းသည် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေ လူငယ်များနှင့်အမျိုးသမီးများ၏ အလုပ်အကိုင်စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေရန်နှင့် ဒေသ၏    လူမှုစီးပွားရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ဦးဆောင်ဝင်ရောက်လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ခေါ်ယူသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး (၁.၆.၂၀၂၂)ရက် ဗုဒ္ဓဟူးနေ့ ညနေ(၄)နာရီအချိန်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ရှေးဆက်၍ ကျိုက်ထိုမြို့နယ်၊သံဖြူဇရပ်မြို့နယ်၊ ပေါင်နယ်၊  သထုံမြို့နယ်တို့တွင်လည်း အပတ်စဉ်(၂)မှ(၈)အထိ ခေါ်ယူသွားရန်ရှိကြောင်း  စီစဉ်လျှက် ရှိပါသည်။

DOCA(မွန်)

 

 

 

သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲ ပြုလုပ်

                   မွန်ပြည်နယ်၊ သထုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးတွင် ၂.၆.၂၀၂၂ ရက်နေ့ ၁၃:၃၀ အချိန်၌ သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးမင်းတင့်လွင်၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဆန်စက် လုပ်ငန်းရှင် (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

            အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အမှုဆောင်သစ်များအား ရွေးချယ်ကြပြီး သထုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌအဖြစ် ဦးဖိုးဆောင်အား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ကော်မတီအသစ် ရွေးချယ် တင်မြှောက်ဖွဲ့စည်းခြင်း ဆောင်ရွက်

              ၁.၆.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံရုံး၌ မုဒုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်း အစည်းအဝေး ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

          ထို့ပြင် နေ့လည် ၁၄:၀၀ နာရီတွင် ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအစည်းအဝေးကို ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံ၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ချောင်းဆုံမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

          ရှေးဦးစွာ ပြည်နယ်အသင်းဥက္ကဌ ဦးခိုင်ဦးက ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ ကော်မတီရွေးချယ်တင်မြှောက်ခြင်းကို (၃) နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြှောက်ကြောင်း၊ ယခုရွေးချယ်တင်မြှောက်ခြင်းသည် (၂၀၂၂ မှ ၂၀၂၅) ခုနှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များမှ ကော်မတီဝင်များရွေးချယ်တင်မြှောက်ကြပြီး ကော်မတီများမှ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကျိုက်မရော မြို့ နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းမြို့နယ် အမှုဆောင်ရွေးချယ်ရေး အခမ်းအနား ကျင်းပ

                ကျိုက်မရောမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၂.၆.၂၀၂၂ ရက် နေ့လည် ၁ နာရီက ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )  ခန်းမ၌ပြုလုပ်သည်။

             အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်ဝေက ဆန်စက်လုပ်ငန်းရှင်များ အသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေးအခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ညီညီခန့်က အမှုဆောင်သစ် ရွေးချယ်ရခြင်း နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီရွေးချယ် တင်မြောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ် ရွေးချယ်တင်မြောက်ကြောင်း၊ ယခု ရွေးချယ်တင်မြောက်ခြင်းသည် ၂၀၂၂ ခုနှစ်မှ  ၂၀၂၅ နှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ မြို့နယ်အမှုဆောင်များကိုရွေး ချယ်တင်မြှောက်ခဲ့ကြသည်။

             ထို့နောက် ကော်မတီဝင်များမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

ရန်ကုန်၌ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကွင်းဆင်းကောက်ယူခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရန်အတွက် 16.5.2022 ရက်မှစ၍ 28.5.2022 ရက်ထိ မြို့နယ်၊ ရပ်ကွက်များရှိ စားသုံးသူပြည်သူများနှင့် Online ပေါ်ရှိ စားသုံးသူပြည်သူများထံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းအား ကောက်ယူ‌ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ စစ်တမ်းကောက်ယူရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း မြို့နယ်ပေါင်း (၁၃) မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် မိမိတာဝန်ကျမြို့နယ်အတွင်း ကွင်းဆင်း၍ စစ်တမ်းများကောက်ယူရာတွင် အသက်အပိုင်းအခြားအလိုက် ကျား/မ မရွေးစားသုံးသူကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးမှုနှင့် ပတ်သက်ပြီး နားလည်သိရှိနိုင်မှုစားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် သတင်းအချက်အလက်များမည်မျှနားလည်ထား ရှိမှု၊ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားအချက်အလက်များ ပါ/မပါ ရေးသားထားရှိမှုများကို သိရှိထားခြင်း ရှိ/မရှိ နှင့် Online  မှတဆင့် ဈေးဝယ်ယူမှုများရှိခဲ့ပါက မိမိစိတ်ကျေနပ်မှု ရှိ/မရှိ၊ စားသုံးသူတစ်ဦးချင်းစီအတွက် မေးမြန်းခြင်းနှင့် Online  မှတဆင့် မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မြို့နယ်အလိုက်တစ်ဦး ခြင်းမေးမြန်းခြင်း (75) ဦးကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေစသည့်အချက်များကို အခြေခံသည့် စစ်တမ်းမေးခွန်းများကို တိုက်ရိုက်ကောက်ယူခဲ့ကြောင်းနှင့် Online မှတဆင့် မေးမြန်းခြင်း (၃၈) ဦးတို့ကို စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကုန်သွယ်ရေးဦးစီးဌာန ၊ညွန်ကြားရေးမှူးချုပ်မှ ဗန်းမော်ခရိုင် ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

            ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်ဖြင့် ရောက်ရှိလာသော ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူချုပ်ဦးမြင့်သူရသည် ၁.၆.၂၀၂၂ရက်နေ့ ဗန်းမော်မြို့၊ မြသီတာဧည့်ရိပ်သာခန်းမ၌ ဗန်းမော်မြို့၊ လွယ်ဂျယ်မြို့မှ ကုန်သည် လုပ်ငန်းရှင်များ၊ ခရိုင်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌနှင့် အဖွဲ့ဝင်တို့အား တွေ့ဆုံ၍ နိုင်ငံတော်ကုန်သွယ်ရေးမူဝါဒများ၊ လက်ရှိဆောင်ရွက်လျက်ရှိသောမူဝါဒများ၊ ဆက်လက်ဆောင်ရွက်သွားမည့်ကုန်သွယ်မှုနှင့် ငွေကြေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်များမှ အခက်အခဲများမေးမြန်းဆွေးနွေးရာတွင် ပြန်လည်ရှင်းလင်းခဲ့ပါသည်။ ထို့နောက်ခရီးစဉ်တွင် ပါဝင်လိုက်ပါလာသော အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်မှ အကောက်ခွန်ဦးစီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေနှင့် ကုန်သည်လုပ်ငန်းရှင်များ၏ တင်ပြချက်များ၊ သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် လွယ်ဂျယ်နယ်စပ်စခန်းတာဝန်ခံ ဦးမြင့်ဇော်မိုးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်အသင်းခွဲ၏ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

            ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (ကရင် ပြည်နယ်အသင်းခွဲ)၏ ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ဇွန်လ (၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင်ကျင်းပခဲ့ရာ  အခမ်းအနားသို့ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းကိုယ်စားလှယ် များ၊ကရင်ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊  အသင်းအဖွဲ့များ၊ အသင်းဖွဲ့စည်းမှုကြီးကြပ် ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း ( ၃၇ ) ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

         အဆိုပါ အခမ်းအနားတွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးသည် မရှိမဖြစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဖြစ်သည့်အပြင် ရေရှည်တွင် ဆန်ကြိတ်ခွဲမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဆန်စက်များ ပေါ်ထွက်လာရေးသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် ကရင်ပြည်နယ်အသင်းခွဲ၏ အမှုဆောင်သစ်ရွေးချယ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုလိုရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်းဖြင့်  ကရင်ပြည်နယ်အတွင်း ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေခြင်း၊ ဆန်စက်လုပ်ငန်းရှင်အချင်းချင်း စည်းလုံးညီညွတ်စေ၍ စိုက်ပျိုးထုတ်လုပ်သူများ၏ ကုန်ထုတ်စွမ်းအားတိုးတက်မြင့်မားစေပြီး ဆန်နှင့်ဆန်ထွက်ပစ္စည်း များ၏ ဈေးကွက်ဝင်အရည်အသွေး ပြည့်မီလာမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစန်းအေးက စိုက်ပျိုးရေးနှင့်ပတ်သက်သော အကြောင်းအရာများ ကိုရှင်းလင်းခြင်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနတာဝန်ခံ ဦးခင်မောင်မောင်အုန်းက မိမိဌာနသည် ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းရသည့် အကြောင်းအရာများအား ရှင်းလင်းခြင်း ၊ ရွေးချယ်တင်မြှောက်မည့်အစီအစဉ်များ၊ အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါ သည်။

        ဆက်လက်၍ တက်ရောက်လာသူများမှ ၂၀၂၂-၂၀၂၅ သက်တမ်းကာလ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအတွက် အမှုဆောင်သစ်များအား အဆိုပြုခြင်း၊ ထောက်ခံခြင်း စနစ်ဖြင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၁၇)ဦးအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ရွေးချယ်ခံ ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ(သစ်) ဦးအောင်ဇော်ထက်မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အဖွဲ့လိုက်မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီအချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

“ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ”

              မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့်(၁-၆-၂၀၂၂)ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ မတ္တရာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနစသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ပါသည် ။ ပထမဦးစွာ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစန်းနောင်မှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။စားသုံးသူရေးရာဦးစီးဌာန၊မတ္တရာ မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာမှ ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ပါကြောင်း၊၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်နှင့် ဥပဒေ၏အခန်း(၁၈)ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ဥပဒေပါပြဌာန်းချက်များအား အသေးစိတ်ပြောကြားခြင်း၊မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ညွှန်ကြားချက်အား ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center များဖြစ်သည့် MPT Sim Card အသုံးပြုသူများ အနေဖြင့် 09-765481535 နှင့် အခြား Sim Card အသုံးပြုသူများ အနေဖြင့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း၊၄င်း Website ထဲတွင် မိမိတို့ဌာနမှဆောင်ရွက်လျှက်ရှိသည့် စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား အချိန်နှင့်တပြေးညီ လွှင့်တင်လျှက်ရှိပြီး ဝင်ရောက်လေ့လာကြည့်ရှု့စေလိုပါကြောင်း ဆွေးနွေးပြောကြားသွားပါသည်။ ဟောပြောဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းရှင်(၄၅ )ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ