Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေး၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေး

           ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ(၁၂)ရက်နေ့တွင် မကွေးမြို့ပသာဒဟိုတယ်၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယအကြိမ် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)တွင်ပါရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ မိမိတို့ထုတ်လုပ်သည့်ရေသန့်များအပေါ် အာမခံပေးထားသည့် အတိုင်းကိုက်ညီအောင် ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ အာမခံပေးထားသည့်အတိုင်း ကိုက်ညီမှု မရှိပါက စားသုံးသူမှတောင်းဆိုလာပါက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့တွင် စတင်အာဏာတည်မည့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ညွှန်ကြားချက်အရ ရေသန့်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များဖြစ်သော အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်း ဖော်ပြနိုင်ရေး လုပ်ငန်းရှင်များမှ မိမိတို့၏တံဆိပ်အမှတ်အသားများကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှုရှိ/မရှိအား ဌာနသို့လာရောက်တင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားရန် အသိပေးလို ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ ကုန်အညွှန်းအမှတ်အသားများ ပြင်ဆင်ရိုက်နှိပ်နိုင် ရေး ခရိုင်/မြို့နယ်များသို့လည်း အသိပေးအကြောင်းကြားထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်း အနားတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း GMPနှင့်အညီ ထုတ်လုပ်နိုင် ရေး သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်သင်းလုံး ကျွတ်အစည်းအဝေးသို့ ခရိုင်/မြို့နယ်များမှ ရေသန့်လုပ်ငန်းရှင်များ စုစုပေါင်း(၁၀၂)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

ညွန့်ညွန့်စိန်
ဦးစီးမှူး
မကွေး
၀၉-၄၀၁၅၇၀၁၃၃

ကော်ဖီစိုက်ပျိုးမှုနည်းပညာ၊အထောက်အပံ့ရရှိရေး ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZ အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်

         ကျိုင်းတုံဒေသအတွင်း ရေ မြေ ရာသီဥတုနှင့်ကိုက်ညီသည့် စျေးကွက်ဝင် နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးရည်ရွယ်၍ ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZ အဖွဲ့တို့ပူးပေါင်း၍ (Coffee Innovation Fund Project) အဖြစ် (၁၄-၁-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စု၊ ဂျဒယ် အာခါရွာ စိုက်ပျိုးရေးခြံတွင် နည်းပညာပံ့ပိုးနိုင်ရေးအစီအစဉ်တစ်ရပ်ကျင်းပခဲ့ပါသည်။ အဆို ပါနည်းပညာပေးရေးအစီအစဉ်သို့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံကော်ဖီအသင်းနာယကနှင့် ဌာနဆိုင်ရာများ၊ အာခါယာဉ်ကျေးမှု့အဖွဲ့အသင်းမှတာဝန်ရှိသူများ သစ်သီးဝလံအသင်းမှ တာဝန်ရှိသူများနှင့် ကော်ဖီ စိုက်ပျိုးသူ ဂျဒယ်ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြပါသည်။

          ကျိုင်းတုံဒေသအနေဖြင့် ကောဖီ၊ ​ရော်ဘာ၊ လက်ဖက် အစရှိသည့် နှစ်ရှည်သီးနှံများ ရေ မြေ ရာသီဥတုနှင့် ကိုက်ညီစွာ စိုက်ပျိုးနိုင်သောလည်း စိုက်ဧကနည်းပါး၍ အထွက်နှုန်းနည်းခြင်း၊ အရည် အသွေးပေါ်မူတည်၍ ဈေးကွက်တန်းဝင် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းပညာလိုအပ်ခြင်း တို့ကြောင့် ကျိုင်းတုံကော်ဖီအစုအဖွဲ့နှင့် GIZအဖွဲ့အစည်းတို့မှ ကော်ဖီကဏ္ဍအတွက် ဆန်းသစ် သောဒီဇိုင်း၊ အလေ့အကျင့်ကောင်းများဖြင့် လိုအပ်သည့်နည်းပညာ၊ စက်ကိရိယာများပံ့ပိုး တိုးမြင့်ပေးခြင်းဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကာ ထောက် ပံ့မှုပေးရာ၌လူတစ်ဦး (သို့) အဖွဲ့အစည်း တစ်ဖွဲ့လျှင် ယူရိုငွေ (၅၀၀၀၀)တန်ဖိုးနှင့်ညီသည့်  သွင်း အားစုများကို ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ကြောင်းသိရှိရပါသည်။၎င်းအပြင် ကော်ဖီဈေးကွက် ရှိရာ နိုင်ငံများကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှု့နည်းပညာဖြင့် အရည်းအသွေးကောင်း ကော်ဖီများ ထုတ် လုပ်၍ ဈေးကွက်ချိတ်ဆက်နိုင်ရေးကိုလည်း ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်းနှင့် ဂျဒယ် အာခါရွာကို အစွဲပြု၍ “ JADAE” အမှတ်တံဆိပ်အဖြစ် နိုင်ငံတကာစျေးကွက်တန်းဝင် ကော်ဖီအရည်အသွေး ကောင်းများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်ရေး ဒေသနေပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုဆောင်ရွက်သွားမည့် လုပ်ငန်းဖြစ်ကြောင်း သိရပါသည်။

 

ရန်နောင်

ကျိုင်းတုံ

ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ညောင်ဦးခရိုင်ဦ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီး ကျေးရွာအုပ်စု၊ ခရိုင်ရုံးများမြေနေရာ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမြေနေရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး၊ စီမံကန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်သိန်း၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူတာကပေါ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် တို့နှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦး၊မြင်းခြံခရိုင်၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန အရာထမ်း/အမှုထမ်းများနှင့်အတူ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို (၁၁.၁.၂၀၂၀) ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား ပန္နက်တင်မင်္ဂလာအချိန်(၀၈:၀၅)နာရီတွင် ညောင်ဦးခရိုင် ဦးစီးမှူးရုံးသစ် ဆောက်လုပ်မည့် (၅၀_ ၃၅_ ၂၄)အာစီ(၂)ထပ် နေရာ၌  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မူတာကပေါ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးမြင့်စိန်၊ Mauk Kha Co,.Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဦးတို့မှ မင်္ဂလာ ပန္နက်ရိုက်ကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပေးခဲ့ကြပါသည်။ ထို့နောက် Mauk Kha Co,.Ltd မှ အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ပြီး၊ နံနက်စာများဖြင့် ဧည့်ခံခဲ့ ပါသည်။ ထို့နောက် အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ နံနက်(၈:၄၅)နာရီတွင် ခရိုင်ဦးစီးမှူး ရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

       ၁၀.၁.၂၀၂၀ ရက်နေ့ တွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးခင်အောင်သွင်က ကော်မတီဖွဲ့စည်းမှုဥပဒေပါပြဌာန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်မှု အခြေအနေများရှင်းလင်းဆွေးနွေးကာ ကော်မတီဝင်များမှအကြံပြုဆွေးနွေးကြပြီး နောက်ဝန်ကြီးမှ ဆက်လက်အကြံပြုနိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။

မော်လမြိုင်ကုန်စည်ဒိုင်ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

      ၈.၁.၂၀၂၀ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာနပြည်နယ်ဦးစီးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ပြီး ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊ ကုန်စည်ဒိုင်အသင်းလုပ်ငန်း ကော်မတီများ ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များသတ်မှတ်ရန် စသည့် အချက်များကို  ဆွေးနွေးခဲ့ကြသည်။

DDPC နှင့် အလှသစ် Shopping Centre ရှိ အစားအသောက်နှင့် အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ DDPC နှင့် အလှသစ် Shopping Centre ရှိ ဈေးဆိုင်များတွင် အများပြည်သူစားသုံး/သုံးစွဲရန် မသင့်သော အစားအသောက်များ ရောင်းချနေမှုမရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား ဖြစ်ပွားတတ်သော အငြင်းပွားမှုအခြေအနေများ၊ ကုန်ပစ္စည်းများတွင် မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရန်စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ကျင်းပပြုလုပ်သည့် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာ သိပ္ပံချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့်ရက်ကန်းပညာဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်သို့ ဒုတိယဝန်ကြီး တက်ရောက်

    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံကျောင်းတွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ ကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာဆိုင်ရာဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်မှ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နံနက် (၀၉:၂၀)မိနစ်တွင် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ မန္တလေးစည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန် တို့မှ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

          ယနေ့ကျင်းပသည့်ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံချည်မျှင်နှင့်အထည်အလိပ် ဒီပလိုမာကျောင်းဆင်းလက်ရာနှင့် ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲတွင် သင်တန်းသား များနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် သင်တန်းကျောင်း (၁၃)ခုတို့မှ သင်တန်းသား/သင်တန်းသူ များ၏ လက်ရာများ၊ အမရပူရမြို့နယ်အတွင်းမှ ရက်ကုန်သည့် ရိုးရာချည်ထည်၊ ပိုးထည်သဘာဝ ဆိုးဆေးများကိုသာ အသုံးပြုရက်လုပ်သည့် ချည်ထည်များကို ပြခန်း ပေါင်း(၂၃)ခန်းဖြင့် ခင်းကျင်း ပြသရောင်းချလျှက်ရှိပါသည်။ အဆိုပါ ရက်ကန်းပညာရပ်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၊ ပြပွဲနှင့် ဈေးရောင်းပွဲ တော်သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့မှ တက်ရောက်ခဲ့ပါသည်။ အဆိုပါရက်ကန်းပညာဆိုင်ရာ ဒီဇိုင်းပြပွဲ၊ ပြိုင်ပွဲ ဝင်ရောက်ခဲ့ကြသည့် အဖွဲ့များကို ၁၁.၁.၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် ဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။

တောင်ကြီးမြို့ပေါ်ရှိ လက်လီရောင်းချသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား(Labelling) အကြောင်းရှင်းလင်းဆွေးနွေး

          စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား (Labelling) အကြောင်း ရှင်းလင်းဆွေးနွေးပွဲကို တောင်ကြီးမြို့ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၉) ရက်နေ့ နံနံ (၉:၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်် လက်လီရောင်းချသူများအသင်း ဥက္ကဌ ဦးအောင်ဝင်းကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ၌ ယခုအခမ်းအနားကျင်းပရခြင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား(Labelling) အကြောင်း အသေအချာ သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

          ဆက်လက်၍ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်ဦးက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈) ပုဒ်မ(၄၁) ပါကုန်စည်တွင် ကုန်အညွှန်းအမှတ်အသား(Labelling) ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရန်အချက်များ၊ မြန်မာစာဖြင့်ထည့်သွင်းဖော်ပြရန် လိုအပ်သော အချက်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားအချက်အလက်များ ထည့်သွင်းပြီးပါက ပြည့်စုံမှုရှိ/မရှိကို စစ်ဆေးပေးစေလိုပါက အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ ၂၀၂၀ မတ်လ(၁၆) နောက်ပိုင်း ကုန်အညွှန်းအအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များကို အရေးယူဆောင်ရွက်မှုများပြုလုပ် ရမည် ဖြစ်ပါကြောင်းရှင်းလင်းဆွေးနွေးပါတယ်။

          ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်စိုးမင်းက အမျိုးသား အစားအသောက် ဥပဒေကို ရှင်းလင်းဆွေးနွေးခဲ့အပြီးတွင် မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးကြပါတယ်။

          အခမ်းအနားအပြီးတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများထုတ်လုပ်ပြီးဈေးကွက်အတွင်းဖြန့်ချီထားသော နမူနာပစ္စည်းများကို တက်ရောက်လာသူ များက ကြည့်ရှုလေ့လာခဲ့ကြပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး ခဲ့ကြပါတယ်။ အခမ်းအနားသို့ တောင်ကြီးမြို့ပေါ်မှ လက်လီရောင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင် (၁၈၀)ဦးခန့်တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါသည်။

(စောမောင်)

ဦးစီးအရာရှိ

“ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း၌ စားသုံးသူကာကွယ်ရေး ဟောပြောဆွေးနွေး”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့် အရာထမ်း၊ အမှုထမ်းများသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များအသင်း၊ ဇဗ္ဗူရာဇ်ရွှေစင်ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဘဏ်ဝန်ဆောင်မှုဆိုင်ရာများ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ရာ ဘဏ်လုပ်ငန်းရှင် (၇၀)ဦးခန့်တက်ရောက် ခဲ့ပါသည်။

            အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ပေါ်ပေါက်လာပုံနှင့် ဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်ဝန်ဆောင်မှုဆိုင်ရာ တာဝန်ယူရမည့် အချက်အလက်များ၊ စားသုံးသူများမှ ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုများအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် အချက်အလက်များ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ရာ ဘဏ်လုပ်ငန်းရှင်များမှလည်း ၎င်းတို့ သိရှိလိုသည့်အချက်များအား ပြန်လည် မေးမြန်းခဲ့ရာ အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဥပဒေစာအုပ်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါတယ်

(နှင်းနွယ်)

YGN, DOCA

မြောက်ပိုင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကျင်းပ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၂)ရက်နေ့တွင် အင်းစိန်မြို့နယ် အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ဧရာ၀တီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်များသို့ စားသုံးသူ ကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့သည်။

            ရှေ့ဉီးစွာ အင်းစိန်မြို့နယ် ဧရာ၀တီဘဏ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုတိယခရိုင်ဉီးစီးမှူး ဒေါ်ထားထားလှိုင်က စားသုံး သူကာကွယ်ရေးဥပဒေ (၂၀၁၉)ပြဌာန်းချက်ပါ ရည်ရွယ်ချက်၊ ကုန်စည်/ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖော်ပြ ချက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်က ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်များတွင် ဖော်ပြရမည့်အချက်အလက်များ၊ ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ တိုင်ကြားခဲ့မှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသည့်ဖြစ်စဉ်များ ယခုအခါ တွင် ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များသည် ကြော်ငြာပါအချက်များနှင့်အညီ ဝန်ဆောင်မှု မရှိခြင်း၊ ငွေကြေးများ မှားယွင်းဖြတ်တောက်ခြင်း၊ Account တစ်ခုမှ အခြားAccountတစ်ခုသို့ ငွေလွှဲပြောင်းသော်လည်း စာရင်းရောက်ရှိလာမှုမရှိခြင်း၊ Call Center များအနေဖြင့် စားသုံးသူများအပေါ် မလေးစားပြောဆိုမှု၊ ဖြေရှင်းပေးမှုမရှိခြင်း၊ ဗဟိုဘဏ်၏ညွှန်ကြားမှုများ မရှိဘဲ ဒေါ်လာအကြွေများ ထည့်သွင်းပေးအပ်သည့်အတွက် တိုင်ကြားလာခြင်းများရှိသည့်အတွက် လာရောက်ဟောပြောခြင်း ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် စားသုံးသူ၏လိုအပ်ချက်များကို လေးစားစွာဝန်ဆောင်မှု ပေးစေလိုကြောင်း၊ ယခုဟောပြောချက်များကို ဂရုပြုဆောင်ရွက်ပြီး ဆင့်ပွားအသိပညာပေး စေလိုကြောင်း၊ ဘဏ်ဝန်ထမ်းများကလည်း ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါကလည်း မိမိတို့၏ဌာနကို အထောက်အထားပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။

            ဆက်လက်၍ မြန်မာ့ရှေ့ဆောင်ဘဏ်သို့လည်း ဟောပြောဆွေးနွေးခဲ့သည်၊ ဟောပြောပွဲသို့ ဧရာဝတီဘဏ်မှ မန်နေဂျာ (၁)ဉီး၊ ဝန်ထမ်း(၂၁)ဉီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်က မန်နေဂျာ(၁)ဉီး၊ ဝန်ထမ်း (၉)ဉီးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

            အလားတူ တိုက်ကြီးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ ဧရာ၀တီ ဘဏ်၊ မြဝတီဘဏ်၊ CB ဘဏ် စုစုပေါင်း (၄)ဘဏ်နှင့် အင်းစိန်မြို့နယ်အတွင်းရှိ CB ဘဏ်သို့လည်း စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များကို အသိပညာပေးဟောပြောခဲ့သည်။

            အလားတူ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ (၂၇)ရက်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိဘဏ်ဖြစ်သည့် ကမ္ဘော့ဇဘဏ်နှင့် လှည်းကူးမြို့နယ်ရှိ CB ဘဏ်၊ ဧရာ၀တီဘဏ်များသို့ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒုတိယ ဉီးစီးမှူး ဒေါ်နီလာဉီးက ဆွေးနွေးခဲ့သည်။

နီလာဉီး

(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ