Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မွန်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းစုံညီနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

           မွန်ပြည်နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂-၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အသင်း စုံညီနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၇.၆.၂၀၂၂ ရက် (၁၀:၀၀) နာရီချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်း နာယက၊ ဥက္ကဌ၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ပြည်နယ်ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များ စုစုပေါင်း (၆၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း နာယက ဦးစိုးသန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက မိမိတို့အနေဖြင့် အသင်းအဖွဲ့များ တိုးတက်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း တိုးတက်အောင် မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

          ထို့ပြင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင် က မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး  မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌဟောင်း ဦးခိုင်ဦး ကော်မတီရွေးချယ် တင်မြှောက်ခြင်းသည် ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခြင်းဖြစ်ကြောင်း၊ ကော်မတီဝင်များအား မိမိတို့ဆန္ဒအလျောက် အဆိုပြုနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် အမှုဆောင်သစ်များအား ရွေးချယ်တင်မြှောက်ကြရာ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်များ၊ အဖွဲ့ဝင်များအား အသီးသီးရွေးချယ်တင်မြှောက်ခဲ့ကြပြီး မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်းအား အဖွဲ့ဝင် (၂၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

အစားအသောက်နှင့် ဖော်မလင်

             ဖော်မလင်သည် မက်သနော်နှင့် ရေတို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်သည် အရည်၊ အစိုင်အခဲ၊ ဓာတ်ငွေ့အသွင်ဆောင်နိုင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ဖော်မလင်ကို သေဆုံးပြီးသောလူများနှင့် သေဆုံးပြီးသော သက်ရှိသတ္တဝါတို့ ပုပ်ပွမှုမရှိစေရန် စိမ်သည့်နေရာတွင် အသုံးပြုပါသည်။ ထို့အပြင် ဖော်မလင်ကို ပိုးသတ်ရာတွင်လည်းကောင်း၊ ကုန်လှောင်ရုံများ သန့်ရှင်းမှုပြုလုပ်ရာတွင်လည်းကောင်း၊ ပိုးမွှားများနှိမ်နှင်းရာတွင်လည်းကောင်း၊ ပိုးချည်၊ ဆိုးဆေး၊ မှန်များပြုလုပ်ရာတွင်လည်းကောင်း၊ အလှကုန်များ တာရှည်ခံအောင်ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

           ယခုအခါ ဖော်မလင်ကို ပဲသွေး၊ ပဲပြား၊ မုန့်ဖတ်နှင့် အသားငါးအစရှိသည့် စားသောက်ကုန်များတွင် တာရှည်ခံစေရန် တရားမဝင်အသုံးပြုမှုများ ရှိလာပါသည်။ ဖော်မလင်ကို စားသောက်မိခြင်းကြောင့် အစာအိမ်၊ အူသိမ်စသော အစာအိမ်လမ်းကြောင်းဆိုင်ရာတို့ကို ထိခိုက်စေနိုင်ပါသည်။ အစာအိမ်ရောင်ခြင်း၊ အူသိမ်ရောင်ခြင်း စသည်တို့ဖြစ်ပေါ်လာခြင်းကြောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း ဝေဒနာများ ခံစားလာရနိုင်ပါသည်။

          ထို့အပြင် ဖော်မလင်သည် အရေပြားနှင့် ထိတွေ့မိပါက အရေပြားရောင်ရမ်ခြင်းနှင့် အရေပြားတွင် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ခန္ဓာကိုယ်ထဲတွင် ဖော်မလင်ရှိနေပါက ခန္ဓာကိုယ်ထဲရှိ ကလီစာများကို ထိခိုက်စေပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ပြန်ထွက်လာပါကလဲ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ဖော်မလင်သည် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ဆိုးဆိုရွားရွား ထိခိုက်စေနိုင်ပါသည်။ ဖော်မလင်ပါသည့် အစားအစာများသည် လူ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် သတိပြု ရှောင်ရှားသင့်ပါသည်။

        အသားငါးစသည်တို့တွင် ဖော်မလင်အသုံးပြုထားပါက အကြေးခွံများ မာနေခြင်း၊ ညှီနံမရဘဲရှိခြင်း၊ ယင်နားမှုမရှိခြင်းများ ဖြစ်နေတတ်ပါသည်။ ပင်လယ်စာများတွင် မာနေပြီး ဖြူနေတတ်ပါသည်။ မုန့်ဖတ်များတွင် ဖော်မလင်အသုံးပြုထားပါက ပျော့ပျောင်းမှုမရှိဘဲ မုန့်ဖတ်ထဲသို့ ရေနွေးထည့်လိုက်ပါက ဆေးနံထွက်လာမည်ဖြစ်သည်။ ဖော်မလင်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အသီးများကို မစားမီ ရေတွင် တစ်နာရီခန့် စိမ်ပြီးမှ စားသုံးသင့်ပါသည်။ အသီးအရွက်များနှင့် အသားငါးများကို ဆားရည်ထဲတွင် ဆယ်မိနစ်ခန့် စိမ်ပြီးမှ ချက်ပြုတ်စားသောက်ပါက ဖော်မလင်ကို ရာနှုန်းပြည့်နီးပါးဖယ်ရှားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

DOCA(ရှမ်း)

အစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုး

           ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူထံက သိရသည်။ အစေ့ထုတ်ပြောင်းသည် ရောင်းချရာတွင် မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင်း မိုးအစေ့ထုတ်ပြောင်းများကို ရှမ်းတောင်တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။

          မိုးသီးနှံပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ ၄ ပြည်စိုက်ရပြီး မျိုးစရိတ်၊ မြေပြင်ခြင်း၊ အလုပ်သမား၊ မြေဩဇာ၊ ပိုးသတ်ဆေးဖိုးများ အပါအဝင် စုစုပေါင်းကုန်ကျငွေ ကျပ် ၃၂၀၀၀၀ ခန့် ကုန်ကျကြောင်း သိရသည်။

          တောင်သူများ စိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းများမှာ CP-808၊ CP-092၊ CP-888၊ CP-222၊ CP-621၊ CP-625၊ CP-333၊ SD-5059 မျိုးများဖြစ်ပြီး ဖူးတံရှည်ကာ အဖူးလုံသည့်အတွက် မိုးရာသီတွင် စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သဖြင့် တောင်သူများ အများဆုံးရွေးချယ် စိုက်ပျိုးကြကြောင်း သိရသည်။

          အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား အကွာ ၁ ပေ မှ ၂ ပေ အကွာကြား စိုက်ပျိုးကြပြီး ကွန်ပေါင်းဓာတ်မြေဩဇာကို တစ်သီးလျှင် ၂ ကြိမ်ကျွေးသည့်အတွက် ပြောင်းအထွက်နှုန်းမှာ ပို၍ကောင်းမွန်ကြောင်း သိရသည်။

         ပြောင်းစိုက်ပျိုးရာတွင် ဒေသအလိုက် သင့်လျော်သော အထွက်ကောင်းမျိုးများရွေးချယ် စိုက်ပျိုးကြရာ မိုးရာသီတွင် မေလမှ ဇွန်လ လကုန်ထိ စိုက်ပျိုးကြသည်။ အဆိုပါ အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်စန်မြို့နယ်တွင် အများဆုံး စိုက်ပျိုးပြီး မိုးအစေ့ထုတ်ပြောင်းများ ထွက်ရှိပါက ခူးဆွတ်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် ဒေသခံတောင်သူများ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌဦးဆန်းဌေး(ခရိုင်အုပ်ချုပ်ရေးမှူး)ဦးဆောင်၍ အဖွဲ့အတွင်းရေးမှူး ဦးဇော်လင်းအောင် (ခရိုင်ဦးစီးမှူး)စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီက မြောင်းမြမြို့အတွင်းရှိ မော်တော်ဆိုင်ကယ်ရောင်းချသောဆိုင်များ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များ တရားမဝင်ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ စက်ကိရိယာများရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်စေရန်နှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ များမှ သတ်မှတ်ကဏ္ဍအလိုက် တားဆီးစစ်ဆေးအရေးယူဆောင်ရွက်မှုများ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်၊ တရားမဝင်သွင်းကုန်များ (လူသုံးကုန်ပစ္စည်း၊ စက်ကိရိယာပစ္စည်း၊ စက်ဆီ၊ ချောဆီများ) တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်း၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများ၊ Online မှ ရောင်းချသော(အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများ) တရားမဝင် မော်တော်ယာဉ်များ(ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်အပါအဝင်)ကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး၊ ဖော်ထုတ်၊ ဖမ်းဆီး၊ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ ရွှေကောင်းစံဆီစက်မှ ကြိတ်ခွဲထုတ်လုပ်မှုနှင့် အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည်ခရိုင်စက်မှု ကြီးကြပ်ရေးဦးစီးဌာနတို့နှင့်  အတူ    ဇွန်လ ( ၂ ) ရက် နေ့တွ် ဖျာပုံမြို့ အောက််ကွင်းကျေးရွာရှိ ရွှေကောင်းစံဆီစက် တည်ဆောက်ထားမှုနှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆီစက်သည် မြင်းကောင်ရေ(၅၀) HP ရှိပြီး (၂၄)နာရီကြိတ်ခွဲပါက (၃၂၀)ပိဿာ ကြိတ်ခွဲနိုင်ပြီး မြေပဲဆန်(၁)အိတ်၊(၂၅)ပိဿာကြိတ်ခွဲပါက ပဲဆီ(၁၀)ပိဿာရရှိပြီး ပဲဖက်(၁၅)ပိဿာ ရရှိပါသည်။ ပဲဆီ(၁)ပိဿာပြန်ရောင်းဈေးမှ (၁၀၀၀၀)ကျပ်ရရှိပြီး ပဲဖက်(၁)ပိဿာပြန်ရောင်းဈေး မှ(၁၆၀၀၀)ကျပ် ရရှိသဖြင့် မြေပဲဆန်(၂၅)ပိဿာ ကြိတ်ခွဲပြီးတိုင် အကျိုးအမြတ်(၂၀၀၀၀)ကျပ်နီး ပါးခန့်ရရှိပြီး အလုပ်သမားခ၊ သယ်ယူခ၊ မီတာခများ ပြန်လည်နုတ်ပါက ပျမ်းမျှ (၉၀၀၀/၁၀၀၀၀) ကျပ်ခန့်ကျန်ရှိပါသည်။ တစ်နေ့လျှင် ပိဿာ(၃၀၀)ခန့် ကြိတ်ခွဲရပါသည်။ နောက်ပိုင်း ရွှေကောင်းစံ အမှတ်တံဆိပ်ဖြင့် မူပိုင်ခွင့်လျှောက်၍ ဆီဘူးများ ထုတ်လုပ်ဖြန့်ချီသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ဦးမျိုးမင်းထွန်းထံမှ သိရသည်။

          ထို့နောက်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဖျာပုံမြို့နယ်အနေဖြင့် ဆီနေကြာများ စိုက်ပျိုးမည့်အစီအစဉ်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆွေးနွေးကာ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား ရှင်းလင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

ဖျာပုံခရိုင်ရှိ မြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂ -၂၀၂၅ သက်တမ်းကာလ အတွက်အသင်း ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပပြုလုပ်

                 ဖျာပုံခရိုင်ရှိ မြို့နယ်အလိုက် ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် အသင်းပြန်လည် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ဖျာပုံမြို့နယ်တွင် ဆန်စက်အသင်းရုံး၌ (၂၀-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၄-၆-၂၀၂၂)နေ့တွင်လည်းကောင်း၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၉-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ဆန်စက်အသင်းရုံး၌ (၂၄-၅-၂၀၂၂)နေ့တွင်လည်းကောင်း၊ အသီးသီးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

                   အဆိုပါအခမ်းအနားသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံများ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ သင်းဖွဲ့ စည်းမျဉ်းအခန်း(၇)အရ ရွေးချယ်တင်မြှောက်ပုံနည်းစနစ်များနှင့်အညီ အသင်းဝင်များအကျိုးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်များကို အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

                     ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ၂၀၂၂-၂၀၂၅ သက်တမ်းကာလအတွက် ပြန်လည်ရွေးချယ်တင်မြှောက်သည့် အမှုဆောင်များမှ ဗဟိုနှင့် တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်ရွေးချယ်ရာ ဖျာပုံမြို့နယ်တွင် ဦးအုန်းဟန်နှင့် ဦးကျော်ဝင်းသန်း၊ ဘိုကလေးမြို့နယ်တွင် ဦးထွန်းထွန်းဦးနှင့် ဦးအောင်သက်ဦး၊ ကျိုက်လတ်မြို့နယ်တွင် ဦးဇေယျာမျိုးနှင့် ဦးမြဝင်း၊ ဒေးဒရဲမြို့နယ်တွင် ဒေါ်နီနီမိုးနှင့် ဦးထွန်းမြင့်အောင်တို့အား အသီးသီးရွေးချယ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဟင်းသီးဟင်းရွက်ဆီ ( Vegetable  Oil, Cooking  Oil )နှင့် စပ်လျဉ်း၍ ညွှန်ကြားချက်(၁/၂၀၂၁)အား လိုက်နာဆောင်ရွက်မှုရှိစေရေးလုပ်ငန်းရှင်များအား ထပ်မံကွင်းဆင်းအသိပေးဆောင်ရွက်

              ဧရာဝတီတိုင်း‌ဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းတို့နှင့်အတူ ဇွန်(၁)ရက်နေ့နံနက်(၁၀:၀၀) နာရီအချိန်တွင်  ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ လက်လီ /လက္ကား ဆိုင်များ၊ စတိုးဆိုင်များ၊ စားဆီဖြန့်ဖြူးရောင်းချနေသော ကိုယ်စားလှယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း ညွှန်ကြားချက်(   ၁/၂၀၂၁ )  အားလိုက်နာ ဆောင်ရွက်မှုရှိစေရေး လုပ်ငန်းရှင်များအား ကွင်းဆင်းထပ်မံအသိပေးခဲ့ကြောင်းသိရသည်။

          အဆိုပါလုပ်ငန်းရှင်များအား ဧပြီလ(၇)ရက်နေ့က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ဖြစ်သော်လည်း ညွှန်ကြားချက်(၁/၂၀၂၁)အရ (၆)လပြည့်ရန် သုံးပတ်သာလိုတော့သဖြင့် ထပ်မံကွင်းဆင်း အသိပေးရခြင်းဖြစ်သည်။ ထို့ပြင် ဖျာပုံမြို့နယ်အတွင်း Goody စားဆီဖြန့်ဖြူးနေသည့် ကိုယ်စားလှယ်နှင့် Meizan ၊ Cook စားဆီကိုယ်စားလှယ်တို့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံး၌ ဟင်းသီးဟင်းရွက်ဆီ (  Vegetable  Oil, Cooking  Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ယခုလ(၂၁)ရက်နေ့ စတင်၍ အာဏာသက်ရောက်မည်ဖြစ်၍ ဆီဘူးများတွင် ညွှန်ကြားချက်အတိုင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ ကိုယ်စားလှယ်များကလည်း ယခုလ(၆)လပိုင်းထွက်ရှိမည့် ဆီဘူးများတွင် ပြည့်ပြည့်စုံစုံပါရှိမည်ဖြစ်ပြီး ယခုဈေးကွက်အတွင်း တွေ့ရှိသည်မှာ လက်ကျန်အဟောင်းများသာဖြစ်၍ ညွှန်ကြားချက်အတိုင်း လက်ကျန်အဟောင်းများပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။

          ဟင်းသီးဟင်းရွက်ဆီ (  Vegetable  Oil, Cooking  Oil )နှင့်စပ်လျဉ်း၍ ညွှန်ကြားချက် (၁/၂၀၂၁)အရ(၆)လအချိန်ပေးခဲ့ပြီးဖြစ်၍ ယခုလဇွန်(၂၁)ရက်နေ့မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  မြို့မဈေးကြီးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ဥပဒေ၂၀၁၉ ပါပြဌာန်းချက်အရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသော ကုန်စည်များအား စိစစ်ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးဝယ်ယူရောင်းချရန် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်အောင်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ အမှတ်(၃)ရပ်ကွက်၊ နေခြည်ဈေးအတွင်းရှိ ဈေးခေါင်းရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၂၃)ပါ တားမြစ်ချက်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံဦးမြင့်အောင်သည် မြစ်ကျိုးကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် (၇.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူ (၃၀) ဦးအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် ပါရှိသော စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း  စသည်တို့ကို ဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ