စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာရှိ ပိုင်ရှင်ဦးစိုင်းစံ၏ ပုဇွန်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ စေရန်အတွက်စစ်ဆေးပြီး ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်လုပ်ဖြန့်ချီမှုအခြေအနေတို့အား လေ့လာခဲ့ပါသည်။
ငါးမုန့်ကြော်ထုတ်လုပ်ဖြန့်ချီမှုအခြေအနေအား မေးမြန်းရာ လုပ်ငန်းရှင်ဦးစိုင်းစံသည် ကုန်ကြမ်းများဖြစ်သော ငါမုန့်ခြောက်နှင့်အကြော်ဆီကို ထိုင်းနိုင်ငံမှအဓိကတင်သွင်းကြောင်း၊ ငါးမုန့်ကြော်များကို ပုံစံလေးမျိုးထုတ်လုပ်ကြောင်း၊ နေ့စဉ်နံနက်ပိုင်းတွင် ငါးမုန့်များကိုကြော်၍ ညနေပိုင်းတွင် ထုတ်ပိုးဖြန့်ချီကြောင်း၊ ငါးမုန့်များကို အထုတ်ငယ်လေးများထုတ်ကာ (၁၀)ထုတ်တစ်တွဲ ပြုလုပ်၍ တစ်တွဲလျှင်(၂၃၀၀)ကျပ်ဖြင့် ဖြန့်ချီပါကြောင်း သိရှိရပါသည်။
တာချီလိတ်မြို့နယ် တာဝန်ခံနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် ပုဇွန်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်း ပိုင်ရှင်ဦးစိုင်းစံကို စားသုံးသူများ ကျန်းမာသန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များ စားသုံးနိုင်စေရန်အတွက် ငါးမုန့်ကြော်ရာတွင် ဆီကောင်းဆီသန့်များကိုသာအသုံးပြု၍ ပြန်ကြော်ဆီများ မသုံးရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”ပါအချက်အလက်များကို ထုတ်လုပ်သည့် ကုန်စည်တွင်ထည့်သွင်းဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “လုပ်ငန်းရှင်များ၏တာဝန်များ”ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။
ဦးစိုင်းစံသည် ပုဇွန်တံဆိပ်ငါးမုန့်ကြော်များကို တာချီလိတ်မြို့နယ်အတွင်း အဓိကဖြန့်ဖြူး ရောင်းချပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသဖြစ်သော မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ သို့ဖြစ်ပါ၍ ဦးစိုင်းစံ၏ ပုဇွန်တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းသည် မိသားစုပုံမှန်ဝင်ငွေရရှိနေသော တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းတစ်ခုအဖြစ် အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ရှမ်း)