မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂/၂၀၂၅ သက်တမ်း ပဲခူးတိုင်း(အနောက်) ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပခြင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် (၇.၆.၂၀၂၂) ရက်နေ့၌ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၂/၂၀၂၅ သက်တမ်း ပဲခူးတိုင်း (အနောက်) ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထင်ဇော်လှိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ချိုနှင့်အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်အဖွဲ့များ၊ သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်ခရိုင်ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးကိုယ်စား အဖွင့်အမှာစကား ပြောကြားခွင့်ရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်လာပါသဖြင့် ဝမ်းသာ ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းခွဲအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဆန်စက်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသင်းဝင်အချင်းချင်း လိုအပ်သော နည်းပညာ၊ အကူအညီ၊ ငွေကြေး၊ ဈေးကွက်ညီညွတ်မျှတစွာ ကူညီမှသာ အားလုံး ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ါ် ရောက်ရှိမှာဖြစ်ကြောင်း၊ ထို့မှသာ ဆန်စက်လုပ်ငန်းရှင်များအနေနှင့် မိမိတို့လုပ်ငန်းများနှင့် မိမိတို့အသင်းကြီး ပိုမိုတိုးတက်ကောင်းမွန်မည် ဖြစ်ပါကြောင်း၊ အရေးကြီးသော အခက်အခဲများကို တစ်ဦးတစ်ယောက်တည်း ဖြေရှင်းရမှာထက် စုပေါင်း၍ အချင်းချင်း ကူညီရိုင်းပင်းဆောင်ရွက်သွားမည်ကိုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆန်၊စပါးအများဆုံး စိုက်ပျိုးသောတိုင်းမှာ ဧရာဝတီတိုင်းဖြစ်ပြီး ပဲခူးတိုင်းသည် ဒုတိယအဆင့် တိုင်းနေရာတွင် တည်ရှိနေပါသောကြောင့် စပါးစိုက်တောင်သူများအပေါ်တွင် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်နှင့် သို့မှသာ လယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်မှုရလာမှာဖြစ်ကြောင်း၊ အသင်းကြီး၏ ဥက္ကဋ္ဌ နေရာရွေးချယ်ရာတွင်လည်း ပုဂ္ဂိုလ်ရေးထက် မှန်ကန်မျှတစွာ ရွေးချယ်မှသာ အသင်းကြီး၏အကျိုးအတွက် မှန်ကန်ပြီး အနစ်နာခံနိုင်သော၊ ကိုယ်ကျိုးမဖက်သော၊ ခေါင်းဆောင်နိုင်သော ခေါင်းဆောင်ကောင်း ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းမှလည်း ဆန်စက်လုပ်ငန်းရှင်များအသင်းသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် တောင်သူလယ်သမားများအကျိုးအတွက် ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ စီးပွားရေးလုပ်ကိုင်မည်ဆိုလျှင် ပြိုင်ဆိုင်မှုနှင့် စိန်ခေါ်မှုဆိုတာ အများကြီးရှိပါကြောင်း၊ ဆန်စက်ပိုင်ရှင်များအနေဖြင့် မိမိအကျိုးလုပ်ဆောင်ရင်း တောင်သူလယ်သမားဘဝမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင်ပြုစုပျိုးထောင်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ ဝိုင်းဝန်းပြီး မလုပ်ဆောင်လျှင် ထွက်ကုန်တစ်ဖြည်းဖြည်း လျော့နည်းလာမှာဖြစ်လို့ ဘီလျံနဲ့ချီပြီး ဆုံးရှုံးရမှာဖြစ်၍ လူသားဆန်စွာဖြင့် ဝိုင်းဝန်းလုပ်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလှဦးက အဖွဲ့ဝင်များ၏ အမည်စာရင်းများကို ကြေငြာပြီး ယခင်ဥက္ကဋ္ဌ ဦးထင်ဇော်လှိုင်သည် ကျန်းမာရေးကြောင့် အဖွဲ့မှနှုတ်ထွက်ကြောင်း၊ လစ်လပ်နေသော ဥက္ကဋ္ဌ နေရာတွင် ဦးခင်မောင်ချို (အုတ်ဖို) အား အစားထိုး ရွေးချယ်တင်မြှောက်ပါကြောင်း၊ အလုပ်အမှုဆောင်မှ နှုတ်ထွက်သူများကိုယ်စား အစားထိုးထည့်သွင်းတင်မြှောက်ခြင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များကိုလည်း ထပ်မံဖြည့်သွင်းပြီး၊ ၂၀၂၂/၂၀၂၅ သက်တမ်း ဆန်စက်လုပ်ငန်းရှင်များအသင်းအား အသင်းဝင်အသင်းသား (၄၅) ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်းနှင့် အခမ်းအနားကို နံနက် (၁၁:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)