Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေး

ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များဖြင့် တွေ့ဆုံဆွေးနွေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၈) ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်နှင့်အဖွဲ့သည် ရွှေဘိုခရိုင်အတွင်း ဖွဲ့စည်းထားရှိသော ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုပ်လုပ်တင်ပို့ရောင်းချသူများအသင်း (ဗဟို) အသင်း၊ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ အလုပ်အမှုဆောင်များဖြင့် တွေ့ဆုံဆွေးနွေးရာ ရွှေဘိုပေါ်ဆန်း စပါးမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အရည်အသွေးမီဆန်များကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ရွှေဘိုပေါ်ဆန်းဆန် စျေးကွက်ရရှိမှု အခြေအနေများကို အသင်းမှ တင်ပြဆွေးနွေးခဲ့ပါသည်။ ရွှေဘိုခရိုင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှလည်း ခရိုင်အတွင်း လျှော်ဖြူ(ဆေးကုလားမ) စိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှု၊ စျေးကွက်ရရှိမှုအခြေအနေများကို ဆွေးနွေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆောင်ရွက်နေမှုများ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် ဒေသတွင်းထွက်ရှိသောထွက်ကုန်များ စျေးကွက်ရရှိရေး ဆောင်ရွက်နေမှုများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာ ၌ (၁၃:၀၀) နာရီ အချိန်တွင် ကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံပြီး ကျွဲ၊ နွား အရှင်တင်ပို့မှုနှင့် စျေးကွက်အခြေအနေကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာလူထုမှ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(ဇော်မင်းသိန်း၊ရွှေဘို)

မုန့်တီခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်တိုးချဲ့ထုတ်လုပ်သင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ အင်းတော်မုန့်တီခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်တိုးချဲ့ထုတ်လုပ်သင့်

          ကသာခရိုင်၊ အင်းတော်မြို့နယ် မုန့်တီခေါက်ဆွဲလုပ်ငန်းများမှာ ဒေသတွင်းစားသုံးရန် လုပ်ငန်း အကြီးအသေးငါးဆယ်ကျော် လုပ်ကိုင်လျှက်ရှိပါသည်။ ထုတ်ကုန်က တာရှည်မခံတဲ့အတွက် စီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ခရိုင်တစ်ခရိုင်အတွင်းမှာရှိတဲ့ ကောလင်းက ရေစိမ်ခေါက်ဆွဲခြောက်များ မှာယူရောင်းချနေရပါတယ်။ ရေစိမ်ခေါက်ဆွဲထုတ်တဲ့ကုန်ကြမ်း စောရှုပ်ဆန် က အင်းတော်မှာ ထွက်တဲ့အတွက် ရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်းများကို စီးပွားဖြစ်တိုးချဲ့ထုတ်လုပ်သင့်တယ်လို့ စားသုံးသူများထံက သိရပါတယ်။

          ကောလင်းရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်းရှင်တစ်ဦးက စောရှုပ်ဆန်နဲ့ပြုလုပ်ပါတယ်။ ရေစိမ်၊ အမှုန့်ကြိတ်၊ ပေါင်းခံ၊ ကြိတ်ပြားလုပ်၊ ခေါက်ဆွဲနန်းဆွဲ၊ နေလှန်းခြောက်ပြီး ထုပ်ပိုးရောင်းချပါတယ်။ ဓာတုဗေဒဆေးလုံးဝမပါတဲ့အတွက် စားသုံးသူများ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ကသာခရိုင်မှာ စောရှုပ်ဆန်ကို ကောလင်း၊ အင်းတော်၊ မြို့နယ်များမှာ စိုက်ပျိုးကြပါတယ်။ စောရှုပ်ဆန်က အစေးရှိပြီး မာလို့ ရေစိမ်ခေါက်ဆွဲလုပ်ငန်းအတွက် အဓိက ကုန်ကြမ်းဖြစ်ပါတယ်။ ကောလင်း ရေစိမ်ခေါက်ဆွဲက အထက်မြန်မာပြည်မှာ နာမည်ရတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကောလင်းမြို့နယ် ရေစိမ်ခေါက်ဆွဲလုပ်ငန်း ဆယ်ခုက နေ့စဉ်ထုတ်လုပ်နေပြီး မြစ်ကြီးနား၊ ဟိုပင်၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကျွန်းလှ၊ ကန့်ဘလူ၊ ထန်းကုန်း၊ ရွှေဘို၊ မုံရွာ၊ မန္တလေးမြို့များကို စီးပွားဖြစ် တင်ပို့ရောင်းချနေတာတွေ့ရပါတယ်။ အင်းတော်မြို့နယ်မှာ ရေစိမ်ခေါက်ဆွဲလုပ်ငန်းမရှိပါဘူး။ မုန့်တီ ခေါက်ဆွဲလုပ်ငန်းရှင်များ ရေစိမ်ခေါက်ဆွဲခြောက်လုပ်ငန်း တိုးချဲ့ပါက အောင်မြင်နိုင်ပါတယ် လို့ ကောလင်းခေါက်ဆွဲ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

          အင်းတော်မြို့နယ်မှာ ဆင်း- ၃ စပါး အဓိကစိုက်ပြီး၊ စောရှုပ်စပါးလည်း အများအပြား စိုက်ပျိုး ကြပါတယ်။ ဆင်း-၃ဆန်မှ မုန့်တီ ရှမ်းဆန်စေးခေါက်ဆွဲ ထုတ်လုပ်ပေမဲ့ ဒေသတွင်းစားသုံးရန်သာ ဖြစ်နေတာတွေ့ရပါတယ်။ ဒေသတွင်းစားသုံးတဲ့ ကုန်ထုတ်လုပ်ငန်းအဆင့်မှ စီးပွားဖြစ်လုပ်ငန်းအဆင့် ကို ရောက်ရှိဖို့ ဒေသတွင်းမှာ ထွက်တဲ့စောရှုပ်ဆန်မှ ရေစိမ်ခေါက်ဆွဲလုပ်ငန်း တိုးချဲ့လုပ်ကိုင်သင့်တယ် လို့ မုန့်တီခေါက်ဆွဲလုပ်ငန်း တိုးချဲ့လုပ်ကိုင်သင့်တယ်လို့ မုန့်တီခေါက်ဆွဲစျေးကွက်က သိရပါတယ်။

 

ကြည်နိုင်ဦး(အင်းတော်)

                                                                       

                                                                       

ပြည်တွင်းစားသုံးမှုပိုလျှံဖို့ ဂျုံစိုက်ပျိုးမှု မြှင့်တင်စို့

          ဥရောပနိုင်ငံများ၏ အဓိကအစားအစာမှာဂျုံဖြစ်ပြီး၊ အာရှနိုင်ငံများတွင်အဓိကအစားအစာမှာဆန်/ စပါးဖြစ်ပြီး၊ ဂျုံကိုဖြည့်စွက်အစားအစာအဖြစ် စားသုံးကြပါသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာဂျုံကို စားသုံးကြပါသည်။ ဂျုံသီးနှံကိုဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက် အမျိုးမျိုး၊ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုး၊မြန်မာ့ရိုးရာအစားအစာအဖြစ် ဂျုံစေ့ကိုထန်းလျက်နှင့် အရည်ကျို၍ ဂျုံယိုအဖြစ်စားခြင်း၊ ဘေးထွက်ပစ္စည်းဖြစ်သည့် ဂျုံဖွဲအားနွားစာ၊ မြင်းစာ၊ ဝက်စာများအဖြစ် အသုံးပြုကြ ပါသည်။ အခွံမချွတ်ထားသည့် ဂျုံနှင့်လုပ်ထားသောပေါင်မုန့်၊ ခေါက်ဆွဲစသည့်စားသောက်ကုန်များတွင် ဗီတာမင် E ၊ B1၊ B2၊ B3၊ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ပရပ်စ်၊ ဇင့်၊ သံဓာတ် နှင့် အမျှင်ဓာတ် များပါဝင်၍ ဆီချိုရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါသည်။

          မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုစစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဂျုံသီးနှံအမျိုးအစားမှာမုံရွာဂျုံဖြူ၊ ဇလုပ်ဂျုံဖြူ၊ V- 1287မျိုးတို့ဖြစ်ပါသည်။

ဂျုံသီးနှံသည် ရေစိမ့်ဝင်မှုကောင်းသောမြေ၊ နှုန်းမြေ၊ စနယ်မြေ၊ သဲနှုန်းမြေ၊ မြေနီ၊ စနယ်မြေနက်တို့ကို ကြိုက်နှစ်သက်ပြီးစပါးစိုက်ပျိုးသောမြေများတွင် ဦးစားပေးရွေးချယ်စိုက်ပျိုးသင့်ပါ သည်။ ဂျုံသည် အပူချိန်မြင့်မားမှုကိုမနှစ်သက်ဘဲအအေးကြိုက်သည့် သီးနှံဖြစ်ပြီး၊ အနိမ့်ဆုံးအပူချိန်(5 HC) မှ အမြင့်ဆုံးအပူချိန်(32ॱC)အတွင်းဖြစ်ထွန်းသော်လည်းသင့်လျော်ဆုံးအပူချိန်မှာ(5ॱHCမှ20 HC)ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ဂျုံသီးနှံကိုဆောင်းရာသီအောက်တိုဘာ/ နိုဝင်ဘာ/ ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပြီး၊ အပင်သက် ရက်ပေါင်း(၁၂၀မှ ၁၄၅ထိ) ကြာမြင့်၍ ဒီဇင်ဘာ/ ဇန်နဝါရီ /ဖေဖော်ဝါရီ/ မတ်လများတွင်သီးနှံထွက်ပေါ်ပါသည်။တစ်ဧကလျှင် မျိုးစေ့(၁.၅တင်း မှ ၂.၅တင်း) အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် ကျပ် (၂ သိန်း မှ ၂.၅သိန်းကြား) ကုန်ကျနိုင်ပြီး၊ တစ်ဧကအထွက်နှုန်းမှာ (၁၈တင်းမှ ၂၃တင်းကြား) ထွက်နိုင်ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ခုနှစ်တွင် ဂျုံစိုက်ဧက(၁၆၃၃၅၅)၊ အထွက်နှုန်း(၂၁.၄၈) တင်း၊ ၂၀၁၇-၂၀၁၈ခုနှစ်တွင် ဂျုံစိုက်ဧက(၁၁၉၂၇၁)၊ အထွက်နှုန်း(၂၁.၄၄)တင်းဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဂျုံစိုက်ပျိုးရန် လျာထားဧက(၁၂၀၀၀၀)ဧကဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂျုံကြိတ် ခွဲစက်(၅၄)စက်၊ ဂျုံခေါက်ဆွဲစက်(၄၀)စက်ရှိပါသည်။

မုံရွာမြို့နယ်တွင် ဂျုံစက်(၂၁)စက်ရှိပြီး ၊ မုံရွာမြို့ ဂျုံစက်များကြိတ်ခွဲရန်လိုအပ်သောဂျုံစေ့များသည် ဒေသထွက်ရှိမှုမလုံလောက်သဖြင့် တောင်ကြီး၊ အောင်ပန်းမြို့များမှ ဝယ်ယူကြိတ်ခွဲရပါသည်။ ဂျုံ၏တန်ဖိုးမြှင့်ထုတ်ကုန်မှာဂျုံမှုန့်ဖြစ်ပါသည်။ မုံရွာမြို့ ဂျုံစက်တစ်စက် တစ်ရက်လျှင်ပျမ်းမျှ ဂျုံတစ်တင်းခွဲဝင် အိတ်(၁၀၀)ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်ပြီးဂျုံတစ်တင်းကြိတ်လျှင် ဂျုံမှုန့်(၁၆.၅)ပိဿာထွက်ရှိပါသည်။ မုံရွာမြို့ ဂျုံစက်များကထုတ်လုပ်သောဂျုံမှုန့်များကိုမန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများသို့ တင်ပို့ရောင်းချပါသည်။ ဂျုံမှုန့်သုံးစွဲမှုသည် ဒေသတွင်းထွက်ရှိမှုနှင့် မလုံလောက်သဖြင့် ပြည်ပ(အိန္ဒိယ)မှ ဂျုံမှုန့်များတင်သွင်းဝယ်ယူရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဂျုံတစ်တင်းပေါက်စျေးနှုန်းအနိမ့်/အမြင့်စျေးများမှာ ၂၀၁၈ခုနှစ် တွင် ဂျုံဖြူသန့် ၁၇ဝဝဝိ/-မှ ၂၀၅၀ဝိ/-။ ဂျုံအထွက်တိုး ၁၄ဝဝဝိ/- မှ ၁၉၅ဝဝိ/- စျေးပေါက်သဖြင့် တောင်သူအကျိုးအမြတ်မှာတစ်ဧကလျှင် ကျပ် ၁သိန်း ၅သောင့်ခန့်ရရှိပါသည်။ နှစ်စဉ် စစ်ကိုင်းတိုင်း အတွင်းဂျုံတန်ချိန်(၁.၅သိန်း မှ ၂သိန်း ကြား) လိုအပ်၍ တောင်သူများအနေဖြင့် စီးပွားရေး တွက်ခြေကိုက် သောဂျုံကိုပိုမိုစိုက်ပျိုးသင့်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

                                                                                                သန်းသန်းတင်( မုံရွာ)

ကသာခရိုင်စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း

ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးခန်း၌ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ကုန်စည် ဝန်ဆောင်မှုများ စျေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ခရိုင်စားသောက်ကုန်ထုတ်လုပ် ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအသင်း ဖွဲ့စည်းရာတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊စည်ပင်ဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနမှ ဝန် ထမ်းများနှင့် ခရိုင်အတွင်းမြို့နယ်များရှိ စားသောက်ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင်စုစုပေါင်း(၃၇)ဦး တက်ရောက်ခဲ့ပါသည်။

အသင်းဖွဲ့စည်းရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်အုန်းမှ အသင်း၏ စည်းကမ်းချက်များ၊ စားသောက်ကုန်ထုန်လုပ်ရာတွင် ပါဝင်ရမည့်အချက်များ အသေးစိတ်ရှင်းပြခြင်း၊ အသင်းတည်တံ့ခိုင်မြဲရန်အတွက် နာယက(၃)ဦး၊ အလုပ်အမှုဆောင်(၁၃)ဦးနှင့် ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒု- ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးမှ အသင်းဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် အချက် အလက်များ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊နာယက ရွေးချယ်တင်မြှောက်ခြင်း၊ အလုပ်အမှု ဆောင်များရွေးချယ်တင်မြှောက်ခြင်းဆောင်ရွက်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ကို အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

လှလှခိုင်(ကသာ)

 

Seminar on Traceability in Rice Moisture Measurement program ဖွင့်ပွဲအခမ်းအနားကျင်းပ

           ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ဆန်စပါးအစိုဓါတ်တိုင်းတာရေး နောက်ကြောင်းပြန် ခြေရာခံစနစ်နှင့် ပတ်သက်၍ Seminar on Tracebility in Rice Moisture Measurement program ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက် (၁၀) နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို စားသုံးသူရေးရာ ဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေ တက်ရောက်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားမှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား သို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်မှ ဒုဥက္ကဌဒေါက်တာမျိုးအောင်ကျော်၊ရန်ကုန်တိုင်းဒေသကြီးတိုင်း ဦးစီးမှူး ဦးမြင့်ချို၊ ဂျပန်နိုင်ငံ Kett Electric Laboratory Co.,Ltd မှ Mr. Yoshida Norihiro , Japan Development Service (JDS) မှ တာဝန်ရှိသူများ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ CTQM ဌာန၏ဌာနမှူးနှင့် ဝန်ထမ်းများ ၊ လှည်းကူးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ သင်တန်းသား /သူ (၃၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။

          Seminar on Traceability in Rice Moisture Measurement program ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနစု (CTQM) တွင် ကျင်းပမည် ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုမှ ဝန်ထမ်း(၂၀)ဦး ၊CTQM မှ ဝန်ထမ်း (၈)ဦး၊ MITS မှ ဝန်ထမ်း(၂)ဦး နှင့်  MRF မှ ဝန်ထမ်း(၄)ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ပါသည်။  စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဝေမှ ဆန်စပါးကဏ္ဍတွင် အစိုဓါတ်၏ ကြိတ်ခွဲရေးနှင့် သိုလှောင်ရေးအပိုင်းတွင် အရေးပါပုံများ၊ ဆန်စပါးအစိုဓါတ်တိုင်းတာရေးနောက် ကြောင်းပြန်ခြေရာခံစနစ်ဖြစ်ပေါ်လာပုံ နှင့် JICA အကူအညီဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နေမှုများ၊သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ National Institute of Metrology Myanmar  (NIMM) မှ Primary Standard အဖြစ်တာဝန်ယူပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနရှိ CTQM မှ Secondary Standard အဖြစ်တာဝန်ယူရပုံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ကူညီဆောင်ရွက်ရမည့်အပိုင်းများစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဆန်စပါးရောင်းဝယ်ရေးကဏ္ဍ၌ လယ်သမား၊ပွဲစား၊ စက်ပိုင် နှင့်ကုန်သည်စသည့်အလွှာတိုင်းတွင် အစိုဓါတ်တိုင်းကရိယာများအသုံးပြုလျက်ရှိပြီး ၊ ၎င်းတို့သည်တိကျမှန်ကန်သော  အစိုဓါတ်တိုင်းကိရိယာများဖြစ်ရန် လိုအပ်ပါကြောင်း၊ အစိုဓါတ် သည် ဆန်စပါး၏အရည်အသွေးကိုသက်ရောက်မှုရှိသည့်အပြင် ရောင်းဝယ်ဖောက်ကားသည့် နေရာတွင်လည်း အလေးချိန်အပေါ်သက်ရောက်မှုရှိသဖြင့် အရေးကြီးပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် အဆိုပါစီမံကိန်းကို စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေးရှုထောင့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် တရားမျှတသော ကုန်သွယ်မှုဆီသို့ ဦးတည်နိုင်ရန် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်ဝေ မှ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် ( MRF) ဒု-ဥက္ကဌ ဒေါက်တာမျိုးအောင်ကျော် မှ စီမံကိန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဆန်စပါးအစိုဓါတ်၏ အရေးပါပုံများ၊ စီမံကိန်းတွင် အစိုးရဝန်ကြီးဌာန(၂)ခုဖြစ်သည့် ပညာရေးဝန်ကြီးဌာန နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနအပြင် MRF အနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင် ကူညီဆောင်ရွက် လျက်ရှိကြောင်းရှင်း လင်းပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံတွင် ဆန်စပါးအစိုဓါတ် တိုင်းတာခြင်းနှင့်ပတ်သက်၍ နောက်ကြောင်းပြန် ခြေရာခံစနစ်တည်ထောင်ခြင်းစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ Kett Electric Laboratory Co.,Ltd အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် အဆိုပါ စနစ်ကိုတည်ထောင်ပေးခဲ့ပြီး မြန်မာအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊အင်ဒိုနီးရှား၊ မလေးရှား နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် တည်ထောင်ပေးခဲ့သည်မှာ (၁၅) နှစ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

မောင်မောင်

  CTQM

အများပြည်သူသိရှိနိုင်စေရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ၃၁-၈-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၉၄ / ၂၀၁၈ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing ) နှင့်စပ်လျဉ်၍ တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၆ / ၂၀၁၈) ဖြင့် ထုတ်ပြန်ထား ပါသည်။

          အဆိုပါ အမိန်ကြော်ငြာစာသည် အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ အာဏာ သက်ရောက်မည်ဖြစ်ပြီး တားမြစ်ထားသည့် ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း ( Multi Level Marketing ) လုပ်ကိုင်ဆောင်ရွက်နေသည် ကို စုံစမ်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

စားသုံးသူ(ပြည်သူများ)အား တိုက်တွန်းချက်

၁။      ယခုအခါ တိုးတက်လာသော ခေတ်နှင့်လျှော်ညီစွာ Online Shopping လုပ်ငန်းများ များပြာစွာ ပေါ်ပေါက်လာပါသည်။ ထိုကဲ့သို့ လုပ်ငန်းများ လုပ်ဆောင်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများရှိသကဲ့သို့ မမှန်မကန် တာဝန်ယူမှုမရှိသော လုပ်ငန်းများ၊ ပြန်လည်ဆက်သွယ်၍မရရှိသော လုပ်ငန်းများ ရှိနေသည့် အတွက် စားသုံးသူရေးရာဦးစီးဌာန Website Complaint System နှင့် CICC Facebook Page သို့ တိုင်ကြားမှုများ၌ အချို့သော ကိစ္စများတွင် ဖြေရှင်းပေးရန် အခက်အခဲများ တွေ့ကြုံလာရပါသည်။

၂။      အောက်ပါအခြေအနေများကဲ့သို့ အာမခံချက်ရှိသော ဝန်ဆောင်မှုများတွင် ဝယ်ယူသုံးစွဲကြပါ ရန် တိုက်တွန်းအပ်ပါသည်-

  • မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော Website များ (ဥပမာ - https://www.xyz.com.mm) တွင်လည်းကောင်း
  • လုပ်ငန်းတည်နေရာ၊ လိပ်စာ၊တိကျစွာဖော်ပြပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Fax တို့ ဖော်ပြပြီး အမှန်တကယ် တည်ရှိကြောင်း အာမခံမှုရှိသည့် Online Shopping တွင် လည်းကောင်း
  • အခက်အခဲ ပြဿနာပေါ်ပေါက်ပါက တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနိုင်ကြောင်း အာမခံချက်ရှိသည့် Online Shopping တွင်လည်းကောင်း
  • မိမိကဲ့သို့ ဝယ်ယူသုံးစွဲခဲ့သော စားသုံးသူများ၏ ထောက်ခံအားပေးမှုရှိသော Online Shopping တွင် လည်းကောင်း
  • Facebook နှင့် website (၂)ခုစလုံးတွင် တိကျသောတာဝန်ခံမှု၊တာဝန်ယူမှုရှိသော Online Shopping တွင်လည်းကောင်း ရွေးချယ်ဝယ်ယူကြပါရန်

 

မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

         မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကို ၁၀.၉.၂၀၁၈ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ထို့နောက် မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် GRO Myanmar Project Director Ms.Sarah Elizabeth Constance မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

              ဆက်လက်၍ ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ကဏ္ဍအလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးကြပြီး ဆွေးနွေးရရှိချက်များအပေါ် သက်ဆိုင်ရာဌာနအသီးသီးမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းအဖွဲ့ ဥက္ကဌ (ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး) ဦးစောအောင်မြင့်ခိုင် မှ အစုအဖွဲ့ (၇) စု မှ ဆွေးနွေးခဲ့သော လိုအပ်ချက်များအား ရာဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း၊ မွန်ပြည်နယ်ရာဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် အတွင်းရှိ ရာဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း အသင်းဝင်များ၊ ရာဘာလုပ်ငန်း ဆောင်ရွက်နေ သော အဝယ်ဒိုင်၊ စက်ရုံ၊ အလုပ်ရုံနှင့်ရာဘာသစ်ထုတ်လုပ်နေသော လုပ်ငန်းရှင် များတက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲအား (၁၆:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ချက်များ

       ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ကျိုင်းတုံမှ ဝန်ထမ်းများ သည်  (၇.၉.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍  ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး စျေးကွက်စောင့်ကြည့်စုံစမ်းထောက်လှမ်းခြင်းနှင့် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကြိုတင်အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါတယ်။  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ကျိုင်းတုံမြို့မစျေးအတွင်းရှိ ပိုးသတ်ဆေး/ပေါင်းသတ်ဆေး / မျိုးစေ့အရောင်းဆိုင်များ ကုန်ဆုံဆိုင်များ အေးခဲအသားဆိုင်များ မုန့်မျိုးစုံဆိုင်များအား စျေးကွက် စောင့်ကြည့်စုံစမ်းထောက်လှမ်းခြင်းနှင့်အတူ ကုန်စည်နှင့်ဝန်ဆောင်မှုများရောင်းချရာတွင် လိုက်နာရမည့်အချက် များအား အသိပညာပေးခြင်းလုပ်ငန်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း  လိုက်နာမှုအားနည်းနေသည်ကို တွေ့ရှိရသဖြင့်  ကျိုင်းတုံခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏(၇/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်အရ  ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက အောက်တိုဘာလမှစ၍ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းအား ကြိုတင်အသိပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ 

                                                                            

ကသာခရိုင်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပြပြီး သက်တမ်းလွန်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ကသာခရိုင်တွင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၂၉)ရက် ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ကျင်းပပြု လုပ်ခဲ့ရာ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦး၊ အခြားတက် ရောက်သူ (၄)ဦး၊စုစုပေါင်း(၁၄)ဦးတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူးလက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်အုန်းက ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာအနေဖြင့် ကွင်းဆင်းအသိပညာပေးဟော ပြောပွဲ(၂၉) ကြိမ်၊ကွင်းဆင်းစစ်ဆေးမှု(၂၄) ကြိမ်၊ လုပ်ငန်းရှင်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း(၈)ကြိမ်၊ SME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခြင်း(၇)ကြိမ်၊ စုစုပေါင်း(၆၁)ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဇူလိုင်လ(၁၈)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည်များကို အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ထီးချိုင့်မြို့ နယ် မောင်းကုန်းကျေးရွာမှ Oxygen သောက်ရေသန့်ထုတ်လုပ်နေမှုသည် တရားမဝင်ထုတ်လုပ်နေ ကြောင်း ထီးချိုင့်မြို့နယ် လွတ်တော်ကိုယ်စားလှယ်မှ ခရိုင်အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ နသို့ သတင်းပေးမှုအပေါ် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သြဂုတ်လ အတွင်း  ကသာမြို့ဆေးဆိုင်များမှ သိမ်းဆည်းထားသည့် သက်တမ်းလွန်ဆေးဝါးများ၏ တန်ဖိုး(၄၉၁၈၀၀/-)ကျပ်တန်ဖိုးရှိ ကုန်ပစ္စည်းများကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့တွင် ခရိုင် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ အဖွဲ့စုံဖြင့် (၆)ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

 

လှလှခိုင်(ကသာ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ