Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနတွင်Tuesday Talk အခမ်းအနားကျင်းပခြင်း

၂၀၁၈ခုနှစ် ၊စက်တင်ဘာလ ၄ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ Tuesday Talk အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွန်ကြားရေးမှူး ဦးဆွေတင်ကြူးမှ Consumer Redress System in KOREA ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေအေးလွင်မှ ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများထိခိုက်နစ်နာမှုလျော့ပါး သက်သာစေရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီမံခန့်ခွဲဆောင်ရွက်မှုအချက်အလက်များ လေ့လာတင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ရှမ်းပြည်နယ်အတွင်း ချင်းစျေးကွက်အခြေအနေ

ယခုတစ်ပတ်အတွင်း အောင်ပန်းစျေးကွက်နှင့် ဟိုပုံးစျေးကွက်တို့တွင် ချင်း(စို) စျေးနှုန်းမှာ ယခင်အပတ်အတွင်းစျေးကျသွားသော်လည်း ယခုတစ်ပတ်အတွင်းတွင် တစ်ပိဿလျှင် ၁၀၀ိ/ မှ ၃၀၀ိ/ အထိ စျေးနှုန်းမြင့်တက်လာပါတယ်။ ပြည်ပတင်ပို့ဖို့ရှိသည့်အတွက် စျေးတက်လာခဲ့ကြောင်း သိရပါတယ်။ ချင်းဥမ တွေက လက်ကျန်သိပ်မရှိတော့ပဲ အဝင်နည်းပါးနေတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ အတွက် စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန် ဝယ်လက်တွေက အဝယ်ရှိနေသလို အိန္ဒိယကို တင်ပို့ဖို့အတွက် တမူးဝယ်လက်တွေကလည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်း(ဥမ)တွေစျေးကောင်းလာတော့ အရင်က မဖော်ဘဲထားခဲ့တဲ့ချင်း(တက်) တွေကို လည်းတူးဖော်လာပြီးစျေးကွက်ဝင်လာပါတယ်။ အဲဒီ့အခက်လှကြီးတွေကတော့ ပြည်တွင်းသုံး အတွက် ဝယ်ယူကြတယ်လို့လည်းသိရပါတယ်။ ဝယ်လက်တွေက ဝယ်ယူမှုများနေပြီး ပစ္စည်းလက်ကျန် နည်းနေတာကြောင့် စျေးကလည်း တက်လာပါတယ်။ ဥမ လက်ကျန်ကလည်း နည်းသွားပြီဖြစ်ပြီး ချင်းတက် (သစ်)တွေက စျေးကွက်ကိုဝင်လာဖို့ လိုပါသေးတယ်။ နောက်နှစ်ဆန်းလောက်မှသာ ဝင်လာနိုင်တယ်လို့လည်း သိရပါတယ်။

          ဟိုပုံးစျေးကွက်မှာလည်း ချင်းအဝင်နည်းသွားပြီးစျေးတက်လာပါတယ်။ ယခုအပတ် ချင်းစို ပေါက်စျေးတွေကတော့ အောင်ပန်းစျေးကွက်မှာ ချင်း (ဥမ) က တစ်ပိဿကို ၇၅၀ိ/ မှ ၈၈၀ိ/ စျေးရှိပြီး ချင်းတက် ကတော့ တစ်ပိဿကို ၁၁၀၀ိ/ မှ ၁၀၅၀ိ/ ရှိပါတယ်။

ဧဧခိုင်(တောင်ကြီး)

Country Planning Framework (CPF) ရေးဆွဲရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့အား CPF- Senior Consultant ဖြစ်သူ Mr.Seiichi Sasaki၊ GGGI-Myanmar Programme Officer နှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် မြန်မာနိုင်ငံတွင် (၅)နှစ်စာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစိမ်းရောင်းဖွံ့ဖြိုးမှုဆိုင်ရာ Country Planning Framework(CPF) ရေးဆွဲပြုစုနိုင်ရေးအတွက် ဌာန၏တာဝန်နှင့် ၀တ္တရားများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ/စီမံကိန်းများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ၊ဌာန၏ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့ပါသည်။

 

စစ်ကိုင်းတိုင်းဒေကြီးတွင် လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့၌ (၉.၈.၂၀၁၈) ရက်နေ့တွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းခွဲ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်မှ နှုတ်ခွန်းဆက်စကားပြောကြား၍  လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူတောင်သူများ များနေ ပြီဖြစ်ပြီး အသင်းဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက စည်းလုံးညီညွတ်စွာ  အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်ပြခြင်းထက် အသင်း အဖွဲ့အနေဖြင့် တင်ပြခြင်းက ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ခရိုင်များရှိ လျှော်ဖြူ စိုက်ပျိုးထုတ်သူများကိုလည်း အသင်းတွင်ပါဝင်နိုင်ရေး ဖိတ်ခေါ်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ လျှော်ဖြူအသင်းဥက္ကဌမှလည်း လာရောက်ဆွေးနွေးပေးရန်လိုအပ်ကြောင်းပြေကြားခဲ့ပါသည်။ ဆက်လက်၍ ယခင်က စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူအသင်းဟူ၍ မဖွဲ့စည်းရသေးဘဲ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း တာဝန်ခံများသာရွေးချယ်ထားခြင်းမှ စစ်ကိုင်းတိုင်းလျှော်ဖြူအသင်း အဖြစ် ဖွဲ့စည်းလိုကြောင်းတင်ပြရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ အသင်းဖွဲ့စည်းရေးအတွက် အသင်းဖြစ်မြောက်ရေးကော်မတီကို ဦးစွာဖွဲ့စည်းရန် လိုအပ်ကြောင်း၊ အသင်းဥက္ကဌကို အသင်းသားများ၏ မဲအရေအတွက်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ဒု-ဥက္ကဌများ ကိုခရိုင် (၇)ခုမှ (၁)ဦးနှုန်းဖြင့် ဒု-ဥက္ကဌ (၇)ဦးရွေးချယ်တင်မြှောက်ပြီး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများကို မဲဖြင့် ရွေးချယ်သွားရန် စီစဉ်ထားပါကြောင်း၊ အသင်းဖွဲ့စည်းပြီးစီးပါက  ဝန်ကြီးဌာနသို့ အမည်ပေါက်စာရင်းသွင်း မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း၊ အသင်းတွင် အမြဲတမ်း EC အဖွဲ့ဝင်ပါဝင်နိုင်ရေးကို ခရိုင်များသို့လည်းအကြောင်းကြား အမည် စာရင်းကောက်ယူ မည်ဖြစ်ပါကြောင်း၊ အမည်စာရင်းပေးထားသည့် EC အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေး ကျင်းပ ရာတွင် မပျက်မကွက် တက်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများမှ မြန်မာနိုင်ငံလျှော်ဖြူအသင်း၏ လက်အောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလျှော်ဖြူအသင်းခွဲဖွဲ့စည်းရန် ဆန္ဒရှိကြပါကြောင်း ပြောကြား ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ယင်းအစည်းအဝေးတွင် လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းခွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီဝင်(၁၃)ဦးရွေးချယ်နိုင်ခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး သို့တက်ရောက်လာကြသော လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ဩဂုတ်လ (၁၆)ရက်နေ့၊ (၁၇)ရက် နေ့နှင့် (၁၈)ရက်နေ့များတွင် ကျင်းပသည့်(SMEs)ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လျှော်ဖြူစိုက်ပျိုး ထုတ်လုပ်သူများပူးပေါင်း၍ မြန်မာနိုင်ငံလျှော်ဖြူအသင်းအမည်ဖြင့် ပြခန်း(၂)ခန်း ပြသသွားကြမည်ဖြစ် ကြောင်းသိရှိရပါတယ်။

                                                                                                                                                                                                                                                             

တမူးမြို့နယ်၏ အုန်းသီးရောင်းဝယ်မှုနှင့် စျေးနှုန်းစျေးကွက်

တမူးမြို့သို့ အုန်းသီးများကို မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၏ ကျေးရွာများဖြစ်သည့် နတ်ချောင်း၊ ထိုမာ၊ သာစည်ကျေးရွာများမှလည်းကောင်း၊ ရန်ကုန်မြို့ထွက်အုန်းသီးများ  တမူးမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း၊ အုန်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလ ( ၂၇/၂၈ ) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အုန်းသီးမျော ပွဲတော်အတွက် ကြိုတင်ဝယ်ယူစုဆောင်းနေပြီဖြစ်ကြောင်းသိရှိရပြီး ယခုကာလတွင် ဝင်ရောက်မှု အစဖြစ်သောကြောင့် တစ်ရက်လျှင် အုန်းသီး အလုံးရေ (၅၀၀၀) ခန့် ဝင်ရောက်လျှက်ရှိပါကြောင်း၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဒေသတွင်းအုန်းသီးတစ်လုံးလျှင် ( ၅၀၀/- ) ဝန်းကျင်နှင့် ရန်ကုန်မှ ထွက်ရှိသောအုန်းသီးတစ်လုံးလျှင် ( ၁၂၀၀/- ) ဝန်းကျင် ရောင်းဝယ်လျှက်ရှိပါသည်။ ဒေသထွက် အုန်းသီးနှင့် ရန်ကုန်ဒေသထွက်အုန်းသီးစျေးနှုန်း ကွာခြားရခြင်းမှာ အုန်းသီးအရွယ်အစား ကွာခြားမှုနှင့် အုန်းသီးအတွင်းသားမာကြောပြီး အဆံထူခြင်းတို့ကြောင့်ဖြစ်ကြောင်း တမူးမြို့နယ် အတွင်း အုန်းသီးရောင်းဝယ်သူများထံမှ ပြောကြားချက်အရ သိရှိရပါသည်။

 

စွမ်းရည် ( တမူး )

ကလေးမြို့နယ်၏ ပြည်ပသို့နွားအရှင်တင်ပို့မှု

                  ကလေးမြို့တွင် ယခုလက်ရှိ နိုင်ငံခြားသို့ နွားတင်ပို့မှုတွင် ကုမ္ပဏီ JT Kalay Company Limited  နှင့် Wai Hlan Oo Company Limited ( ၂ ) ခု တည်ထောင်ပြီး၊ ကလေးမှ မူဆယ်သို့ နွားများတင်ပို့ရန် ယာယီစုဆောင်းနေဆဲဖြစ်ပြီး JT Kalay Company Limited မှ ၆/၂၀၁၈ လအတွင်း တရုတ်နိုင်ငံသို့  နွားအကောင် ( ၁၀၀ ) တင်ပို့ရောင်းချပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် နွားများကို စုဆောင်း လျှက်ရှိရာ မျှောစာရရှိရေးဆောင်ရွက်လျှက်ရှိကြောင်း၊ မျှောစာကြပါက ကုမ္ပဏီ (၂) ခုတွင် နွားများ တင်ပို့မည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ပါကြောင်း၊ နွားတင်ပို့မှုနှင့်ပတ်သက်၍ မိမိနိုင်ငံအတွက် နွားအကောင်         ( ၁၀၀ )  တင်ပို့လျှင် သိန်း ( ၅၀ ) ခန့် အခွန်ငွေရရှိပြီး နွားများစုဆောင်းဝယ်ယူချိန်တွင် နွားခြံတစ်ခြံတွင် လူဦးရေ ( ၁၀ ) ဦးခန့် စရိတ် ငြိမ်းလုပ်အားခတစ်ဦးလျှင် ( ၆၀၀၀ ) နှုန်းဖြင့် ပေးချေရသည့်အတွက် နွားခြံ      ( ၂ ) ခြံတွင် လူဦးရေ ( ၂၀ ) ဦးအလုပ်အကိုင်အခွင့်အလမ်းများရရှိပါကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူမှ ပြောပြချက်အရ သိရှိရပါသည်။

                  တောင်သူများအနေဖြင့်လည်း မိမိ၏ခိုင်းနွားများကို ရောင်းချခြင်းများမဟုတ်ကြောင်း ပိုလျှံသည့် နွားများကိုသာ ရောင်းချကြပါကြောင်း၊ နွားရောင်းဝယ်သူများထံမှ မေးမြန်းသိရှိရပါသည်။ ကလေးမြို့တွင် လက်ရှိမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏စာရင်းအရ ကျွဲ၊ နွားများ မွေးမြူထားရှိမှု အခြေအနေများမှာ ကျွဲ     ( ၇၀၀၀ ) ကောင်၊ နွား ( ၇၀၀၀၀ ) ကောင် ဝန်းကျင် မြေပြင်အနေအထားတွင် မွေးမြူထားရှိပါကြောင်း လေ့လာသိရှိရပါသည်။

                  နွားများကို ဝယ်ယူစုဆောင်းရာတွင် ကလေးနယ်တစ်ဝိုက်ဖြစ်သည့် ကလေး၊ နတ်ချောင်း၊ ထောက်ကြန့်၊ ကျောင်းတိုက် ကျေးရွာများတွင် ဝယ်ယူစုဆောင်းပါကြောင်း၊ ဝယ်ယူ စုဆောင်းမှုကာလမှာ ( ၂ ) လမှ ( ၄ ) လ ကြာမြင့်ပြီး ဝယ်ယူစျေးနှုန်းမှာ နွား ( ၅ ) နှစ်သားမှ (၁၃ ) နှစ်သားအထိ တစ်ကောင်လျှင် ( ၁၁ ) သိန်းမှ ( ၁၃ ) သိန်းထိပေး၍ ဝယ်ယူရပြီး တရုတ်နိုင်ငံသို့ ရောင်းစျေးနှုန်းမှာ တစ်ကောင်လျှင် ယွမ် (၈၀၀၀/- မှ ၉၀၀၀/-  မှ ၁၀၀၀၀/-)ရောင်းချရပါကြောင်း နွားရောင်းဝယ်သူများထံမှ မေးမြန်းသိရှိရပါသည်။

                  ကလေးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးတောင်သူများလိုအပ် သော နို့စားနွား (Friesian) ၊ အသားစားနွား (Brahmin) ခိုင်းနွားများဖြစ်သော ပြာစိမ်းနှင့် ရွှေနီမျိုးစပ်များကို မေထုံမဲ့သားစပ်ခြင်းဖြင့် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။

                  ကလေးခရိုင်အတွင်းရှိ ကျွဲ၊ နွားအရှင်များ ပြည်ပသို့တင်ပို့နေမှုအခြေအနေများကို သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။

                                                                                                                                                                                                                                                                                                     စန္ဒာမွန်

                                                                                                                                                                                                                                                                                                    ( ကလေး )

ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ နှင့် လုပ်ငန်းကော်မတီ(၂) ရပ် တို့၏ (၃/၂၀၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

         

                 သြဂုတ်လ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၂)ရပ်တို့၏(၃/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးရုံးခန်းတွင် ကျင်းပခဲ့ပါသည်။

                 အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌ၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး က အမှာစာစောင်(၁)မှ (၉) အထိတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာ သူများမှ အကြံပြုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊မျိုးစေ့အရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးရန်၊ သက်ဆိုင်ရာမြို့နယ်များမှ ဌာနဆိုင်ရာမြို့နယ်များမှ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေး၊မျိုးစေ့များအတွက် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ တင်သွင်းဖြန့်ဖြူး၊ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲနိုင်ရန်အတွက် ပညာပေး ကာလ(၃)လ သတ်မှတ်ဆောင်ရွက်ရန်၊ အသိပညာပေးကာလကျော်လွန်ပါက ဥပဒေအရ ထိရောက် စွာအရေးယူဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ဆောင်ရွက်ခဲ့ပါသည်။

               အစည်းအဝေးသို့ရှမ်းပြည်နယ် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌ ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီဝင် များ၊ ပြည်နယ် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များ၊ တောင်ကြီးခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင်များ၊သတင်းမီဒီယာများနှင့် ရှမ်းပြည်နယ်စားသုံးသ ူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄:၄၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြကြောင်းသတင်းရရှိပါသည်။  

 

                                                                                                                                                                                                                                                           လွင်ကိုအောင်(တောင်ကြီး)

လုပ်ငန်းရှင်များသို့ ကြိုတင်အသိပေးခြင်း

လုပ်ငန်းရှင်များသို့ ကြိုတင်အသိပေးခြင်း

        ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်များပေါ်တွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြ၍ ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်သွားရန် အမိန့်ကြော်ငြာစာ ကို မကြာမီ ထုတ်ပြန်ကြေညာသွား မည်ဖြစ်ပါသည်။

          အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်မြောက်သည့် နေ့မှစ၍ အာဏာသက်ရောက်မည် ဖြစ်၍ လိုက်နာခြင်းမရှိပါက စားသုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ် ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်သိရှိပြင်ဆင်ဆောင်ရွက်ထားနိုင်ကြပါရန် အသိပေး အပ်ပါသည်။

 

                                                                                                                                                                                                                          စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် -  ဇွန် ၁၅   စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏  ညှိနှိုင်းအစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အမှာစကားပြော ကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဌများဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကဏ္ဍရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူအကာအကွယ်ပေးရေးကိစ္စရပ်ဆိုင်ရာ ကျွမ်းကျင်သူပြင်ပပညာရှင်များ၊ အထူးဖိတ်ကြားထားသူ များ တက်ရောက်ကြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအတွင်း “နိုင်ငံဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် စားသုံးသူယုံကြည်မြင့်မားစေခြင်း”ဟူသည့် အခြေခံမူအရ တင်းသွင်း၊ တင်ပို့သော ကုန်စည်များအပေါ် စားသုံးသူများ ယုံကြည်မှုမြင့်မားစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိရာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များကို ဥပဒေနှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ သုံးစွဲ ပုံနှင့်ပတ်သက်ပြီး ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြစေခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးရာရောက်ပါကြောင်း၊ အဓိကအားဖြင့် တရားမဝင် ဝင် ရောက်လာသော ကုန်စည်များနှင့် ပြည်တွင်းထုတ်လုပ်သောကုန်စည်များ စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်း ချရာတွင် ပြည်တွင်းထုတ်လုပ်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေခြင်း၊ အရည်အသွေးပိုင်းကို ပိုမိုဂရုစိုက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးကို တိုးတက်စေလာခြင်း၊ နယ်စပ် ဒေသ သို့မဟုတ် တစ်ဖက်နိုင်ငံမှ မြန်မာဘာသာမဟုတ်သော အခြားဘာသာတစ်ခုခုဖြင့်ရိုက်နှိပ်၍ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကို တားဆီးအရေးယူရာတွင် ပိုမိုထိရောက်စေခြင်း စသည့် ရလဒ်ကောင်း များရရှိနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အပြင် စားသုံးသူများအနေဖြင့်လည်း ရွေးချယ်ဝယ်ယူစားသုံးနိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည့်အပြင် ကုန်စည်များလုံခြုံစိတ်ချပြီး ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်ခြင်း၊ စိတ်ကျေနပ်မှုရရှိခြင်းတို့ကို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ကာ ပြည်ပသို့ တင်ပို့နိုင်သည်အထိ တန်ဖိုးမြှင့် ကုန်စည်များကို နိုင်ငံတကာကုန်အညွှန်း အမှတ်အသားများအတိုင်း ဖော်ပြ၍ ထုတ်လုပ်နိုင်ပါက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုလာမည် ဖြစ်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

            ထိုနောက် စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကုန်စည်တ္ငင်ဖော်ပြရမည့် ကုန်ညွှန်းအမှတ်အသားတွင် ပါဝင်သင့်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန်အတွက် ဦးစားပေးကုန်စည် သတ်မှတ်၍ ဆောင်ရွက်သွားမည့်အစီအမံများအား ဆွေးနွေးညှိနှိုင်းခဲ့ကြကာ အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

ရှမ်းပြည်နယ်လွိုင်လင်ခရိုင်တွင် ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ မှန်ကန်စွာသုံးစွဲတတ်ရေးပညာပေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့၊ ပင်လုံမြို့၊ နမ့်စန်မြို့များတွင် ဓါတ်မြေ သြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများမှန်ကန်စွာ သုံးစွဲတတ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက ပြုလုပ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

          အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးမှု သင်တန်းကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမင်းအောင်ဦးဆောင်ပါဝင်သောအဖွဲ့ဝင်(၆)ဦးတို့သည်လွိုင်လင်မြို့ မြို့လယ်ဓမ္မာရုံတွင် တက်ရောက်သူ (၇၇) ဦးအားလည်းကောင်း၊ ပင်လုံမြို့ဝမ်လုံကျေးရွာတွင် တက်ရောက်သူ (၅၂)ဦးအား လည်းကောင်း၊ နမ့်စန်မြို့ စိုက်ပျိုးရေးခန်းမတွင် တက်ရောက်သူ (၆၂) ဦးအားလည်းကောင်း၊ စုစုပေါင်း ၁၉၁ ဦးကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါတယ်။ထို့ပြင် တက်ရောက်လာသူများမှ သိရှိလိုသည် များကိုလည်း ရှင်းလင်းဆွေးနွေးပေးခဲ့ခြင်း၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ် ဆေးများမှန်ကန်စွာသုံးစွဲတတ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြတယ် လို့သတင်းရရှိပါသည်။

 

(စောမောင်)

တောင်ကြီး

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ