Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးကျော်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် သုံးပင်ကွင်းရပ်ကွက်၊ တက္ကသိုလ်လမ်း၊ အ-ထ-က(၄)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် အခန်း း(၂၅)ခန်း၊ ပုဒ် မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို စီးပွားရေးနှင့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ပြဌာန်းပြီးဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီး၊ ဥပဒေတွင် အခန်း း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များနှင့် ပုဒ်မ (၁၉)တွင်ပါရှိသော အချက် (၈)ချက်များအကြောင်း၊ အခန်း (၁၃)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် စားသုံးသူအသိအညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

အခြေခံသတင်းရေးသားနည်းသင်တန်း ကျင်းပဖွင့်လှစ်

        မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံသတင်းရေးသားနည်းသင်တန်းကို ၁၅.၆.၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် နေ့လည် (၁၃:၀၀) နာရီမှ (၁၆:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်းနိုင်မှ  လာရောက်ပို့ချခဲ့ပြီး သတင်းအမျိုးအစားများ၊ သတင်းဆောင်းပါးတွင် ရေးသားဖော်ပြသည့် အကြောင်းအရာ၏ နောက်ခံသမိုင်းကြောင်းအရေးကြီးပုံများ၊ သတင်းတွင် အဓိကပါဝင်ရမည့် အချက်များ ၊ သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းရေးသားရာတွင် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် သတင်းအခန်းကဏ္ဍ၏ အရေးပါပုံများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၁၄) ဦး တက်ရောက်ခဲ့ကြပါသည်။

DOCA(မန္တလေး)

ချောက်မြို့တွင် အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများ ပြန်လည်ရောင်းချမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၁၉.၆.၂၀၂၂)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး၊ မကွေးခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ၊ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)သည် ချောက်မြို့မှ လက္ကားရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူခွင့်ရရှိခဲ့သည့် ဒေါ်စီစီလွင်နှင့် ဒေါ်ထွေးမြတ်နွယ်တို့၏ စားသုံးသူပြည်သူများသို့ သယ်ယူစရိတ်လုပ်သားခနှင့် အရင်းအပေါ် (၂)ရာခိုင်နှုန်းအမြတ်ဖြင့် စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်စေရေး၊ အ‌လေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မှီမှန်ကန်စွာရောင်းချရေး၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး နေ့စဉ်ရောင်းချမှုမှတ်တမ်းနှင့် ဓါတ်ပုံမှတ်တမ်းများအား အချိန်နှင့်တပြေးညီ နေ့စဉ်တင်ပြပေးရန် ဌာနမှသတ်မှတ်ထားသည့် စားအုန်းဆီ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် Food Gradeအဆင့်ရှိ  Yellow Colour Drum ၊ Clean Drumများ ပြောင်းလဲအသုံးပြုခြင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွင်း နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဘက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်မှုအတွက် ဌာနမှအသိအမှတ်ပြုပါကြောင်း မှန်မှန်ကန်ကန်ရောင်းချပေးခြင်းဖြင့် အတ္တပရမျှပါကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်တွင် အသိပညာပေး ဟောပြောဆွေးနွေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ ဇွန်လ (၁၇)ရက် နံနက်(၁၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ လင်းလက်ကြယ်စင် ဆံပင်ထိုးလုပ်ငန်းမှ ပိုင်ရှင်နှင့် အလုပ်သမားများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ် ချက် အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစား အပေါ်မူတည် ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များအစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကယားပြည်နယ်၊ ပြောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

           ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင်  ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ် ပြောင်းအသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြောင်းကုန်သည်များ၊ ပြောင်းစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ရာ ဆွေးနွေးပွဲတွင်  ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြောင်းကုန်သည်များ ၊ပြောင်းစိုက်ပျိုးတောင်သူများ စုစုပေါင်း (၈)ဦး တက်ရောက်ခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က ပြောင်းလုပ်ငန်းရှင်များ၊ပြောင်းစိုက်တောင်သူများအနေဖြင့် ကယားပြည်နယ် ပြောင်းအသင်းဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားစွာ လာရောက်ဆွေးနွေးသည့်အတွက် ကြိုဆိုလျက်ရှိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်တို့၏ အခက်အခဲများရှိပါက တတ်နိုင်သမျှကူညီချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်တစ်ဦးက မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်အသင်းနှင့် ကယားပြည်နယ် ပြောင်းလုပ်ငန်းရှင်များ Zoom Meeting ဖြင့် အကြိုတွေ့ဆုံရန် လိုအပ်ပါကြောင်း၊ ယခုလို တွေ့ဆုံဆွေးနွေးမှသာ ကယားပြည်နယ်ပြောင်းလုပ်ငန်းဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသောလုပ်ငန်းရှင်များမှ သိရှိလိုသည့်အချက်များကို မေးမြန်း၍ အသီးသီးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသည့် ဆပ်ပြာမှုန့်များအား ကွင်းဆင်းစစ်ဆေး

          ပုသိမ်မြို့နယ်၊ ရွှေပြည်သာဈေးအတွင်း၌ ရောင်းချနေသော ဆပ်ပြာမှုန့်များအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဇွန်လ(၁၃)ရက်၊ နံနက် ၁၀ နာရီတွင် ဈေးအတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါဈေးအတွင်းရှိအရောင်းဆိုင်များတွင် Win ဆပ်ပြာမှုန်နှင့် E-Land ဆပ်ပြာမှုန့် များအား ကုန်အညွှန်း အမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချရန်အသိပညာပေး ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)သည် ၁၇.၆.၂၀၂၂ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ထမ်း(၁၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာပေးဟောပြောရာတွင် ဦးအောင်မြင့်မြတ် (အကြီးတန်းစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သောအခွင့်အရေးများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးခန်းဖွင့်လှစ်ထားရှိမှုနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

 

ရေဘေးရှောင် အိမ်ထောင်စုများအား ဆန်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေ

               ကချင်ပြည်နယ်အထက်ပိုင်းတွင် မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် ၂၀.၆.၂၀၂၂ ရက်နေ့၌ စိုးရိမ်ရေအမှတ်(၁၁၁၀)စင်တီမီတာအထိ ရောက်ရှိလာပြီး မြို့၏အနိမ့်ပိုင်းရပ်ကွက် နေအိမ်အချို့ရေနစ်မြုပ်၍ အိမ်ထောင်စု(၃၁၀)စု လူဦးရေ ကျား(၅၆၉)ဦး၊ မ(၆၁၅)ဦး၊ စုစုပေါင်း(၁၁၈၄)ဦးမှာ ရပ်ကွက်(၇)ခုရှိ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံ(၉)ခုတို့တွင် ရေဘေးရှောင်နေရပါသည်။ လက်တလောစားသောက်ရေးအဆင်ပြေစေရန်အတွက် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ဆန်ကုန်သည်၊ ပြောင်းကုန်သည်၊ ကုန်သည်နှင့်လုပ်ငန်းရှင်အချို့ထံမှ ဆန်အိတ်အလှူခံခဲ့ရာ (၆၇)အိတ်ရရှိခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်မှတာဝန်ရှိသူများနှင့်အတူ ရေဘေးရှောင်ပြည်သူများသို့ ပြန်လည်ခွဲဝေပေးခဲ့ပါသည်။ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်မှလည်း ဈေးသူဈေးသားများထံမှ အလှူခံရရှိသော အသင့်စားခေါက်ဆွဲခြောက်(၃၉)ဖာအား ရေဘေးရှောင်စခန်းအသီးသီးသို့ လိုက်လံပေးဝေခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ကချင်)

ဟင်္သာတခရိုင်အတွင်း စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)အစီအစဉ် ပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ဟင်္သာတမြို့နယ်(၁၄.၆.၂၀၂၂)ရက်နေ့ နေ့လည်(၀၁:၀၀)အချိန်၌ ဟင်္သာတမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမိုးကျော်နှင့် ဒေါ်နှင်းဝေဖြိုးမှလည်းကောင်း၊ (၁၇.၆.၂၀၂၂)ရက်နေ့ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမြင့်သိန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှလည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး အမေးအဖြေများ မေးမြန်းခြင်း ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

          Talk Show တွင် ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကြောင်း၊ ကုန်စည်များအားဈေးကွက် မရောက်မီနှင့် ဈေးကွက်ရောက်ပြီးကုန်စည်တွေကို စစ်ဆေးခြင်းများအကြောင်းတို့ကို ရှင်းလင်းပြီး အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၂၀)တွင် ပါဝင်သော ပုဒ်မ(၅၃)ပါ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများအကြောင်းနှင့် Online Shopping နှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးဆောင်ရန်ရှောင်ရန်များအကြောင်းတို့အား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၁-၆-၂၀၂၂  ရက် (အင်္ဂါနေ့) ၊ နံနက် ၁၀:၀၀နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၂)ရပ်ကွက်၊ အခြေခံမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က တားမြစ်ဆိုးဆေးနှင့် သုံးစွဲရန်မသင့်သည့် အစားအသောက်များအကြောင်းကိုလည်းကောင်း၊  မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်က မိုးရာသီအချိန်အခါတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က သတ္တမတန်းသင်ရိုးသစ်ပါ ဘဝတွက်တာကျွမ်းကျင်စရာစာအုပ်တွင်ပါရှိသော စားသုံးသူအခွင့်အရေးများ၊ တာဝန်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသူ၊ ကျောင်းသားများ ပိုမိုနားလည်အောင် လက်တွေ့သရုပ်ပြမှုဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသူ၊ ကျောင်းသာများမှ သိရှိလိုသည်များကိုမေမြန်းပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ရှင်လင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး (၁)ဦး၊ ဆရာ/ဆရာမ (၁၃)ဦးနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ဦးရေ (၁၀၀)ဦး တက်ရောက်ပြီး  ကမ်းစာစောင်များနှင့် Leafletsများ ဖြန့်ဝေခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးကို စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်အား ပေးအပ်ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို စစ်ဆေးခဲ့ကြသည်။

          စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်သည် ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီကာလအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းများကို စားသုံးသူကာကွယ်ရေးနှင့်ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ရက်အလိုက်လျာထားချက်များ ချမှတ်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ