Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖြူးမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

                  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ပြန်ကြား ရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြိုန့ယ်ဦးစီးမှူး ဒေါ်အိမာဟိန်းတို့သည် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို Talk Show အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

                  ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ စစ်ဆေး ရေးအရာရှိများ၏ လုပ်ငန်းတာဝန်များ၊ ကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်အတွင်းရှိ စက်သုံးဆီများအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး ကွင်းဆင်းစစ်ဆေး

            စက်သုံးဆီဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် တောင်ငူခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်များတွင် ရောင်းချနေသော စက်သုံးဆီဆိုင်များအား ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ အလေးချိန်မှန်ကန်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

                  ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒု-ဦးစီးမှူး ဦးနေစိုးထက်တို့သည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ တောင်ငူမြို့နယ်ရှိ စက်သုံးဆီအရောင်း ဆိုင် ၂၂ ဆိုင်အားလည်းကောင်း၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်အားလည်းကောင်း၊ ဖြူး မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဖြူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်အားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးများနှင့်အညီရောင်းချရေး၊ အချိန်အတွယ်မှန်ကန်ရေး၊ ကြော်ငြာဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို အလေးထားဝန်ဆောင်မှုပေးရေးတို့ကို ဆိုင်တာဝန်ခံများနှင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း နှင့် ပိုးမွှားများအကြောင်း သိကောင်းစရာ

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ပို့ကုန်/သွင်းကုန်များ၏ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ နှိုင်းယှဉ်စစ်ဆေးပေးခြင်း၊ အရည်အသွေး စီမံခန့်ခွဲမှု ဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်၍ ပညာပေး မျှဝေခြင်း၊ အမျိုးသားအရည်အသွေး အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကို အဓိကထား လုပ်ဆောင်လျက်ရှိပြီး ဓာတ်ခွဲခန်း (၈)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းလည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

စမ်းသပ်နိုင်သော အမျိုးအစားများ

          ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သောအမျိုးအစားများမှာ Organo Chlorine အုပ်စုဝင် ပိုးသတ်ဆေးဓာတ်ကြွင်းများ စမ်းသပ်ခြင်းနှင့် Organo Phosphate အုပ်စုဝင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ စမ်းသပ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကမ္ဘာ့ ကုန်သွယ်ရေး လုပ်ငန်းများ  တိုးတက်များပြားလားခြင်းနှင့်အညီ  ရောင်းဝယ် ဖောက်ကား ရာ၌   အရည်အသွေး ညံ့မှု/ မညံ့မှုသည် အရေးပါသော အခန်းတစ်ခုအနေဖြင့် ပါဝင်လျက်ရှိပါသည်။ ၁၉၆၀ ပြည့် နောက်ပိုင်းတွင် ဓာတုဆေးဝါးများ သုံးစွဲလာမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လွှမ်းမိုးလာပြီး ဓာတုဆေးဝါးများ သုံးစွဲခြင်းကြောင့် လူသားတို့ ကျန်းမာရေး ထိခိုက်စေနိုင်သောကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းဓာတု ဆေးဝါးများ ( ပိုးသတ်ဆေးများ )သုံးစွဲမှုကို ထိန်းချုပ် ဆောင်ရွက်လာပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အဖွဲ့အစည်းများ ( Environmental Protection agency – EPA ) မှ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်လာသည်ကို သိရှိရပါသည်။

ဓာတုဆေးကြွင်းအန္တရာယ်

          စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတုဆေးများ သုံးစွဲကြသကဲ့သို့ ဓာတုဆေးကြွင်းမှ တဆင့် စားသုံးသူတို့အား အန္တရာယ် ဖြစ်စေနိုင်သောကြောင့်  နိုင်ငံတကာမှ ဓာတုဆေးကြွင်းနှင့် ပတ်သက်၍ အလေးထားစစ်ဆေးလျှက်ရှိပြီး စားသုံးသီးနှံတင်ပို့ ရောင်းချသော မြန်မာနိုင်ငံ အနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါ သည်။ သီးနှံလူရိက္ခာ ၊ လူ၊ တိရိစ္ဆာန်နှင့် အခြားပစ္စည်းများကို နှောင့်ယှက်ဖျက်ဆီးစားသောက်တတ်သော ပိုးကောင်များ ၊ မွှားကောင်များ၊ ကြွက်၊ ပွေး၊ ခရု၊ ပေါင်းပင်နှင့် အခြားသက်ရှိများ ဖြစ်သည့် အပင်ရောဂါပိုး စသည်တို့ကို ကာကွယ်နှိမ်နင်း သုတ်သင်ရာတွင် သုံးသောဆေးများမှာ ပိုးသတ်ဆေးများဖြစ်ကြောင်း သိရှိရပါသည်။

ပိုးသတ်ဆေးအုပ်စုများ

ပိုးသတ်ဆေးများကို   ဓာတုဗေဒ  ဖွဲ့စည်းပုံပေါ်မူတည်၍ အုပ်စု (၃)မျိုး ခွဲခြားနိုင်ပြီး ၎င်းတို့ကို

          အော်ဂဲနိုကလိုရင်း အုပ်စုဝင်ဒြပ်ပေါင်း၊ အော်ဂဲနိုဖော့စ်ဖရပ်စ် အုပ်စုဝင်ဒြပ်ပေါင်း နှင့် ကာဗာမိတ် ဒြပ်ပေါင်းများ အမျိုးအစားခွဲခြားနိုင်ပါသည်။ ပိုးသတ်ဆေးများကို အမည် အမျိုးမျိုး ခေါ်တွင်ကြပြီး အင်းဆက်ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး၊ ပေါင်းသတ်ဆေး ၊ မွှားသတ်ဆေး၊ ပိုးဥသတ်ဆေး၊ ရေညှိသတ်ဆေး၊ သန်းသတ်ဆေး၊ မှိုသတ်ဆေးဟုခေါ်တွင်ကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည် စားသုံးသီးနှံများတွင် ပိုးသတ် ဆေးကြွင်းအမြင့်ဆုံး ပါဝင်ရမည့် ပမာဏများအား ကန့်သတ်ထားသည်ကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်-

စားသုံးကုန်

ပစ္စည်း

အမျိုးအမည်

အော်ဒရင်း

+

ဒိုင်ဒရင်း

ဘီအိပ်

ချပ်စီ

ဒီဒီတီ

ပါရာသီ

ယွန်

မီသိုင်း

မာလာ

သီယွန်

ဒင်န်ဖင်

မီသိုင်း

ဘရိုမိုဒ်

ဖော့စ်ဖင်း

မပြုပြင်ရသေး

သောသီးနှံ

၀.၀၂

၀.၅

၀.၁

-

၁၀

၅၀

၀.၁

ပြောင်းဖူး

-

-

-

-

-

-

-

ဂျုံ

-

-

-

-

-

-

-

-

နှံစားပြောင်း

-

-

-

-

-

-

-

-

စပါး

၀.၀၂

၀.၅

-

-

-

-

-

-

လုံးတီးဆန်

-

-

-

-

-

-

-

-

စက်ကြိတ်ဆန်ဖြူ

-

-

-

-

-

-

-

-

တန်းမြင့်ဆန်ဖြူ

-

၀.၅

-

-

-

-

-

-

ဖွဲနု

-

-

-

-

-

-

-

-

မြေပဲတောင့်

-

-

-

-

-

၁၀

-

-

မြေပဲ

-

-

-

-

-

-

-

-

မြေပဲဆီ

-

-

-

-

-

-

-

-

ပဲမျိုးစုံ

-

၀.၅

-

-

-

-

ဘိုကိတ်

-

-

-

-

-

-

-

-

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

         ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ မသုံးစွဲရန်ကြပ်မတ်ထားသော ဆေးများတွင် အော်ဂရင်း ၊ အင်ဂရင်း၊ ဘင်ဇင်းဟက်ဆာကလိုရိုက် (ဘီအိပ်ချ်စီ)၊ ဒီဒီတီ ၊ ဒိုင်အယ်လ်ဒရင်း ဆေးများကို သိုလှောင်ရေးတွင်သာမက စိုက်ခင်းများ တွင်ပါ မသုံးစွဲရန် တားမြစ်ထားပါသည်။ ပိုးသတ်ဆေးကြွင်း အာနိသင်သည် ဆေးသက်တမ်း (၁၂)နှစ်ကြာ သည့်တိုင်အောင် မပျောက်နိုင်ခြင်း၊ ရေတွင် မပျော်ဝင်နိုင်ခြင်း၊ ဆီတွင် ပျော်ဝင်နိုင်သည့် အတွက် သက်ရှိသတ္တဝါ   တို့၏ အဆီပြင်တွင် စုခဲနေတတ်ခြင်း၊ ပက်ဖျန်းထားသော သီးနှံ၏ အတွင်းပိုင်းတွင်းသို့ စိမ့်ဝင်သွားနိုင်ခြင်း၊ မြေသား အတွင်း အနက်ရှိုင်းဆုံး အထိ စိမ့်ဝင်သွားနိုင်ခြင်း၊ ခန္ဓာကိုယ် ဆဲကလာပ် စည်းများကို ပျက်စီးသွားစေပြီး ကင်ဆာကဲသို့သော ရောဂါများကို ဖြစ်တတ်စေပါသည်။ CTQM (လှည်းကူး) ရှိ ပိုးသတ်ဆေးကြွင်း ဓာတ်ခွဲခန်းတွင် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပေါင်းဆန်ကွဲ၊ ပဲမျိုးစုံ၊ ဂျုံ၊ နှမ်း၊ ပြောင်း၊ တိရိစ္ဆာန်အစာများအပြင် ဝါးပန်းကန်ပြား၊ ကွမ်းဖတ် ပန်းကန်ပြား ၊ သနပ်ဖတ်အရွက် ၊ ဒန့်ဒလွန်အရွက် ၊ ပီလောပီနံအမှုန့်၊ ဇီးဆံမှုန့်များ သည်လည်း ပိုးသတ်ဆေးကြွင်း ဓာတ်ခွဲခန်းတွင် လာရောက် စမ်းသပ် စစ်ဆေးကြပါသည်။

CTQM (လှည်းကူး) ရှိ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းအကြောင်း

          CTQM (လှည်းကူး) ရှိ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းသည် နှစ်စဉ် နမူနာ (၇၀၀)ကျော်ကို ဓာတ်ခွဲစစ်ဆေး အဖြေထုတ်ပေးနေရသော ကြီးမားသည့် ဓာတ်ခွဲခန်းတစ်ခုဖြစ်သည့်အပြင် ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ တို့တွင် ဓာတ်ကြွင်းအဖြစ် ကျန်ရှိနေသော  စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး (၇)မျိုးကို ခေတ်မီ GC-MS စက်ကိရိယာဖြင့်  စစ်ဆေးအဖြေထုတ် ပေးနေသော ဓာတ်ခွဲခန်းတစ်ခုဖြစ်ပါသည်။ CTQM ရှိ ပိုးသတ်ဆေးကြွင်း ဓာတ်ခွဲခန်း ၊ မှိုဆိပ်ဓာတ်ခွဲခန်းနှင့် သီးနှံ (ဓာတု) ဓာတ်ခွဲခန်းတို့၏ စစ်ဆေးချက် ရလာဒ်များသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရရှိရန် လိုအပ်သောကြောင့် ၂၀၁၆ ခုနှစ် ၊ ဇွန်လမှစတင်၍ UNIDO ၏ နည်းပညာ အကူအညီဖြင့်  Proficiency Testing များ ဝင်ရောက်ဖြေဆိုခဲ့ရာတွင် အောင်မြင်မှုများရရှိလျက်ရှိပြီး CTQM ၏ စမ်းသပ်ချက်အဖြေများကို နိုင်ငံတကာမှ ယုံကြည်လက်ခံနိုင်ရေးအတွက် ပိုးသတ်ဆေးကြွင်း ဓာတ်ခွဲခန်းကို ISO 17025 Accreditation ရရှိရန် ကြိုးပန်းဆောင်ရွက်လျက်ရပါသည်။

          နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိခြင်းကြောင့် ဓာတ်ခွဲခန်းအတွင်း ကောင်းမွန် ပြည့်စုံသော အုပ်ချုပ်မှုရှိခြင်း ၊ ဓာတ်ခွဲခန်း ဝန်ထမ်းများ၏ နည်းပညာ အရည်အသွေး မြင့်မားလာခြင်း ၊ စစ်ဆေးချက်အဖြေများ ခိုင်မာလာခြင်းကြောင့် Customer များ၏ စိတ်ကျေနပ်မှု ရရှိခြင်း၊ ပြည်တွင်း ထုတ်ကုန်များအတွက် စမ်းသပ်စစ်ဆေးခြင်း စရိတ်စက သက်သာခြင်း ၊ စမ်းသပ်စစ်ဆေးပေးသော ကုန်ပစ္စည်းများကို ဈေးကွက်တောင်းဆိုမှု မြင့်မားလာစေရန် အထောက်အကူပြုနိုင်ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး ကိုအထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူး ရရှိနိုင်ပါသည်။ စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ   တောင်သူဦးကြီးများနှင့်  မြေသြဇာ အရောင်းဝန်ထမ်းများကို ပညာပေးသင်တန်းများ ပို့ချ၍ ပူပေါင်းဆောင်ရွက်မှသာ ပိုးသတ် ဆေးကြွင်းကျန်မှု အတော်အသင့် လျော့နည်းမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source : CTQM ( လှည်းကူး)

DOCA(ပဲခူး)

ပခုက္ကူမြို့မဈေးရှိ ကုန်စုံဆိုင်နှင့်အလှကုန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဧပြီလ(၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ စည်ပင်သာယာဈေးရှိ အလှကုန်(စတိုး)ဆိုင် (၄)ဆိုင်တို့တွင် ရောင်းချနေသည့် Paris ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် Paris ဆပ်ပြာခဲ (80)g မှာ ရောင်းချမှုမရှိကြောင်းနှင့်  Paris ဆပ်ပြာခဲ (115)gတွင် ကုန်အညွှန်းအမှတ်အသားပါ အလေးချိန်ဖော်ပြချက်နှင့် အမှန်တကယ် ပါဝင်သော အလေးချိန်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရာတွင် လျော့နည်းနေသည်ကိုစစ်ဆေးတွေ့ရှိရ ပါသည်။ Paris ဆပ်ပြာခဲ (115)g အကြီး တစ်ကဒ်တွင် (၆)ခဲပါဝင်ပြီး ရောင်းချရမှုမှာလည်း အနည်းငယ်သာရှိကြောင်း၊ယခုအခါ လက်ကျန်အနေဖြင့် အလှကုန်(စတိုး)ဆိုင်များတွင် Paris ဆပ်ပြာခဲမရှိသလောက်နည်းပါးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲမှုမရှိသလောက်နည်းပါးကြောင်းလည်း တွေ့ရှိရပါသည်။

          ရောင်းချဖြန့်ဖြူးသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏ ကုန်အညွှန်းအမှတ် အသားတွင်ဖော်ပြထားသည့် အချင်အတွယ်၊ ပမာဏနှင့် အလေးချိန်ကိုက်ညီမှန်ကန်မှုရှိသည့် ကုန်ပစ္စည်းများကိုသာ စိစစ်ရောင်းချသွားရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တွင်ဖော်ပြထားသည့် အာမခံချက်နှင့်ကိုက်ညီသည့် ကုန်စည်များကိုသာ ရောင်းချရန် တာဝန်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့်အတွက် လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး အလေးချိန်ကိုက်ညီမှု မရှိသည့် ဆပ်ပြာခဲများအား ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် မိမိတို့ဝယ်ယူခဲ့သည့်ကုမ္ပဏီသို့ ပြန်လည်ပြောကြားရန် အသိပေးဆွေးနွေးခဲ့ပါသည်။

          ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်း၊ဈေးကွက်စောင့်ကြည့်ခြင်းနှင့် မိတ်ဖတ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာသည့်အတွက် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများသိရှိကာ မိမိကိုယ်မိမိကာကွယ်နိုင်သည့် အသိပညာများ ပိုမိုရရှိလာကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

ကုန်အညွှန်းအမှတ်အသားပါအလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးခရိုင်ဦးစီးမှူး ‌ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်ပြီး၊ ဦးမျိုးဝင်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၂၅.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီထိ မကွေးမြို့၊ ကံသာစျေးနှင့် သာလှ (စတိုးဆိုင်)များ၌ ရောင်းချနေသော Paris ဆပ်ပြာခဲများအား ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသော အလေးချိန်နှင့်ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆပ်ပြာခဲများ၌ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အလေးချိန်များထက်လျော့နည်းနေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဖြန့်ဖြူးသူများအနေဖြင့် အလေးချိန်ဖော်ပြချက်နှင့်ကိုက်ညီခြင်းမရှိသည့် ဆပ်ပြာခဲများအား ‌ရောင်းချဖြန့်ဖြူးခြင်းမပြုရန်၊ မိမိတို့ ဝယ်ယူခဲ့သည့် ကုမ္ပဏီသို့ ပြန်လည်အသိပေး၍ အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီသည့် ပစ္စည်များ ကိုသာ လဲလည်ရောင်းချသွားရန်နှင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ ကုန်စည်ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၂၁)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များ နှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေး ကျင့်ဝတ်စည်းကမ်း နှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း” စသည်တို့ကိုလိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး  စီးပွားရေး ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပုဒ်မ(၅၂)အရ စီမံခန့်ခွဲရေး ဆိုင်ရာနည်းလမ်းများဖြင့် အ‌ရေးယူခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည်‌ဖြန့်ဖြူးရောင်းချသူများအနေဖြင့်လည်း မိမိတို့ဆိုင် တင်‌ရောင်းချသည့် ကုန်စည်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရုံသာမက အလေးချိန်နှင့် အရေအတွက်ပြည့်မီရေးကိုလည်း တာဝန်ခံရမည်ဖြစ်ကြောင်း အသိပညာ‌ပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

“ကျေးရွာများသို့ အသိပညာပေးဆွေးနွေးခြင်းနှင့်ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး (၂၅.၄.၂၀၂၂) ရက်နေ့ နံနက်ပိုင်း(၈:၃၀)အချိန်တွင် ထိန်စမ်းကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ နေ့လည်ပိုင်း(၁၄:၀၀)အချိန် တွင်ကံတောက်ချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ကျေးလက်နေပြည်သူများအား မိမိဒေသတွင်းစားသုံးမှုဖူလုံယုံသာမက ပိုလျှံသည်အထိဖြစ်စေရေး ဆီထွက်သီးနှံနေကြာအား သီးညှပ် စိုက်ပျိုးကြရန်နှင့် ထိုသို့စိုက်ပျိုးရာတွင်လည်း သဘာဝဓါတ်မြေဩဇာများ ပြုလုပ်သုံးစွဲကြရန်၊ ဓါတုပိုးသတ်ဆေးများလျော့ချသုံးစွဲရန် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များနှင့် ကုန်ပစ္စည်းများဝယ်ယူရာ၌ သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

          အသိပညာပေးဆွေးနွေးပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး ထိန်စမ်းကျေးရွာရှိ ကုန်စုံဆိုင်(၃)ဆိုင်နှင့် ကံ‌တောက်ချောင်းကျေးရွာရှိ ကုန်စုံဆိုင်(၂)ဆိုင်တို့တွင် ရောင်းချလျှက်ရှိသည့် **** အမှတ်တံဆိပ် ကျောက်ဖရုံယိုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများအား စားသုံးကုန်၊ လူသုံးကုန်၊ အလှကုန်၊ ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဆိုင်တင်ရောင်းချရန် သက်တမ်းကုန်နေသော အစားအသောက်၊ အချိုရည်များအား ရောင်းချခြင်း မပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသေးစိတ်အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး သက်တမ်းလွန်နှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား ဆိုင်တင်ရောင်းချပါက ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ် အသိပေးရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် မြို့‌ပေါ် စည်ပင်သာယာစျေးများ၊  ရပ်ကွက်/ကျေးရွာများရှိ  စတိုးဆိုင်၊ ကုန်စုံဆိုင်များနှင့် ထုတ်လုပ်သော လုပ်ငန်းခွင်အရောက်ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိရပါသည်။=

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၏ ပြည်ပပို့ တန်ဖိုးမြှင့်ထုတ်ကုန်မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder) ထုတ်လုပ်မှု အခြေအနေ

           နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာအိန္ဒိယအင်ဒိုနီးရှားတရုတ်နှင့် အာဖရိက စသည့် အပူပိုင်းဒေသတို့တွင်  ဆီထွက်သီးနှံအဖြစ် ကျယ်ပြန့်စွာစိုက်ပျိုးသောအရေးပါသည့် သီးနှံ တစ်မျိုး ဖြစ်ပါသည်။ မြန်မာ့နှမ်းသည် နိုင်ငံတကာ ဈေးကွက်နယ်ပယ်တွင် နေရာရရှိထားသော ပြည်ပပို့ကုန်  ပစ္စည်းများအနက် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး နိုင်ငံတကာဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းထက် နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်(နှမ်းလှော်မှုန့်) အဖြစ် ထုတ်လုပ်တင်ပို့ခြင်းဖြင့် ပို၍တွက်ခြေကိုက်ပြီး ဈေးနှုန်းပိုမိုရရှိကာ နှမ်းလှော်မှုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် အကျိုးများစွာ ဖြစ်ထွန်းစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။

            ယခင်က မြန်မာ့နှမ်းများကို နှမ်းတန်ဖိုးမြှင့် နှမ်းလှော်မှုန့်ပြုလုပ်ရာတွင် သဘာဝအတိုင်း ထင်းမီးကို အသုံးပြုကြောင်း၊ လုပ်ငန်းစတင်ချိန်က နှမ်းလှော်ဖို စက်ရုံ ၂ ရုံ ၃ ရုံမျှဖြင့် ထုတ်လုပ် လာနိုင်ရာမှ ယခုအခါ ပြည်တွင်းစက်မှုဇုန်တွင် နှမ်းလှော်မှုန့်ထုတ်လုပ်သော စက်ရုံများ အပြိုင်အဆိုင် တိုးချဲ့ထုတ်လုပ်လာသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့  အပြိုင်အဆိုင် အရည်အသွေးကောင်းအောင် ဖန်တီးထုတ်လုပ်လာကြသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအနက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ မဟူရာ Energy ကုမ္ပဏီ၏ MD ဖြစ်သူ ဦးဖိုးနီ သည်လည်း မြန်မာ့နှမ်းလှော်မှုန့်များကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကိုရီယား နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။ မည်သည့်နိုင်ငံ၏ နည်းပညာကိုမျှ အ‌ခြေခံ၍ ထုတ်လုပ်ထားခြင်းမဟုတ်ဘဲ နှမ်းလှော်ထုတ်လုပ်ပုံ၊ ထုတ်လုပ်နည်း အဆင့်ဆင့်တို့ကို ဒေသတွင်း အတွေ့အကြုံရှိသော သင်ဆရာ၊ မြင်ဆရာများကြောင့်လည်းကောင်း၊ မိမိဖြတ်သန်း လာရသော လုပ်ငန်းအတွေ့အကြုံများ ကြောင့်လည်းကောင်း မိမိတို့၏ Value added ပြုလုပ်ထားသော နှမ်းလှော်မှုန့်သည် ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ပုံကို MDဖြစ်သူ ဦးဖိုးနီက ရှင်းပြပါသည်။ ၂၀၁၁ ခုနှစ်တွင် မကွေးမြို့၊ ဆားတိုင်ကန်ကျေးရွာတွင် နှမ်းလှော်ဖို တည်ထောင်ကာ  လုပ်သားအင်အား (၁၀)ဦးနှင့် စတင်ခဲ့ပြီး ရန်ကုန်မြို့ရှိကုမ္ပဏီခွဲမှ တောင်ကိုရီးယား နိုင်ငံသို့ နှမ်းလှော်မှုန့် (၂၀)kg အိတ်၁ လုံး၊ ၂လုံးကို စမ်းသပ် တင်ပို့ခဲ့ရာမှ ယခုအချိန်တွင် နှမ်းလှော်မှုန့် တင်ပို့သည့် Exporter အဖြစ် အောင်မြင်မှုများ ရရှိခဲ့ပါသည်။ ယခုအခါ လုပ်သားဦးရေ (၃၅)ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားပြီး ပို၍အလုပ်ဖြစ်ကာ ၁လလျှင် တန်ချိန် ၂၀၀ နီးပါးခန့် တင်ပို့နိုင်ပြီဖြစ်ရာ စတင်ထုတ်လုပ်သည့် အချိန်မှ ယခုကာလအထိ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်သည့် ကွန်တိန်နာ အလုံးရေ ၆၀၀ခန့် ရှိလာပြီ  ဖြစ်သည့်အတွက် တစ်နှစ်ထက်တစ်နှစ် တိုး၍ ပိုမိုတင်ပို့လာနိုင်သည်ကိုလည်း တွေ့ရှိရပါသည်။

           ကိုးရီးယားဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်း တစ်မယ်ဖြစ်သော အရည်အသွေး ပြည့်မီသည့် နှမ်းလှော်မှုန့်ကို ရရှိရန် ကုန်ကြမ်း နှမ်းဖြူကိုသာ  အသုံးပြုရကြောင်း နှမ်းရိုင်းမှ နှမ်းလှော်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို ဤသို့ ရှင်းပြခဲ့ပါသည်။ “Quality  ကောင်းသော နှမ်းလှော်မှုန့် ရဖို့အတွက် ကုန်ကြမ်းအနေနဲ့ နှမ်းဖြူကို အများဆုံးသုံးကြောင်း၊ နှမ်းဖြူကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော  မကွေး၊  မန္တလေး၊   ကျောက်ဆည်၊  မြင်းမူ၊  ချောက်နဲ့  စလင်း  စသည့်ဒေသများမှ  အဓိကရရှိကြောင်း၊ အရည်အသွေးကို  ပို၍ကောင်းအောင် ဈေးကွက်မပျောက်အောင် ထုတ်လုပ်နိုင်ရန်  အမြဲတမ်း ဂရုစိုက် နေရ ကြောင်း၊ မြေပဲခွံမီးနှင့် လှော်ရသည့်အတွက် အခက်အခဲများစွာရှိကြောင်း၊ ယခင်ကဆိုရင် နှမ်းလှော်မှုန့်မှာ မီးခိုးနံ့ကျန်တာမျိုး၊ နွေရာသီနေ့လည်ခင်းတွေမှာ လုပ်သားများချွေးဒီးဒီးကျအောင် လုပ်ဆောင်ခဲ့ရာမှ ယခုဆိုရင် မီးခိုးနံ့ကင်းစင်ပြီး လုပ်သားများ သက်တောင့်သက်သာရှိလာတဲ့ အဆင့်ရောက်အောင် မြန်မာ့ နည်း မြန်မာ့ဟန်နဲ့ တီထွင်ခဲ့ရကြောင်း၊ နှမ်းလှော်မှုန့် ပြုလုပ်ရန် ပထမဆုံး ကုန်ကြမ်းနှမ်းကို ဇကာချပြီး ရေနဲ့ ဆေးကြောရကြောင်း၊ နောက် စိတ်ကြိုက်အရွယ်အစားရအောင် စက်နဲ့ ရွေးချယ်ပြီး  မီးနဲ့လှော် ရကြောင်း၊ ထို့နောက်အအေးခံပြီး အမှုန့်ကြိတ်ရကြောင်း ” မဟူရာ Energy ကုမ္ပဏီ၏ MDဖြစ်သူ ဦးဖိုးနီ က ထုတ်လုပ်ပုံတို့ကို အသေးစိတ်ရှင်းပြပါသည်။ ယခုအခါတွင် ကုန်ကြမ်းနှမ်းတွင် Acid ပါဝင်မှု ၃%  ထက် မပိုစေရန်မိမိပိုင် ရွှေဟင်္သာပွဲရုံမှ  ဂရုစိုက်ဝယ်ယူရကြောင်း၊  စေတနာထား၍ Quality  ကောင်းအောင် နည်းစနစ်ကျနစွာ ထုတ်လုပ်ခြင်းကြောင့် Reject  မရှိဘဲ နှစ်စဉ် တန်ချိန်တိုး၍ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း စသည့် ၎င်းတို့ကုမ္ပဏီ၏ကြိုးပမ်းမှုများကိုလည်း မျှဝေပေး ခဲ့ပါသည်။ မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်း တင်ပို့ရာတွင် အခွန် ၆၀% ပေးဆောင်ရပြီး နှမ်းလှော်မှုန့်ကို တင်ပို့ရာတွင် ၉ % သာ အခွန် ပေးဆောင်ရသည့်အတွက် နိုင်ငံခြားကုမ္ပဏီများအနေဖြင့်လည်း နှမ်းလှော်မှုန့်ကို ပိုမိုဝယ်ယူလိုကြောင်း သိရှိရပါသည်။ သို့ဖြစ်၍  ပြည်ပဝယ်လိုအား ဈေးကွက်ရှိသော နှမ်းလှော်မှုန့်များကို   Exporter ကုမ္ပဏီ များအနေဖြင့်လည်း ပို၍တွက်ချေကိုက်သည့်အတွက်  နှမ်းလှော်မှုန့်ထုတ်လုပ် တင်ပို့သူ ပြည်တွင်းလုပ်ငန်းရှင်များ အပြိုင်အဆိုင် တိုးပွားလာရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

             ပို့ကုန်ပစ္စည်းများအတွက် လိုင်စင်လျှောက်ထားရာတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကုမ္ပဏီ လုပ်ငန်းရှင်များ စိတ်ကြိုက်ငွေပေးချေမှုနည်းလမ်းများနှင့် လိုင်စင်ခွင့်ပြု ထုတ်ပေးလျက်ရှိပါ ကြောင်း၊ Letter of Credit (LC) စနစ် နှင့် Telegraphic Transfer (TT) စနစ် ဟူ၍ ငွေပေးချေမှုစနစ် (၂)မျိုး ရှိရာ Letter of Credit (LC)စနစ်နဲ့ ငွေပေးချေရာတွင် တစ်ဘက် ကုန်ဝယ်သူကို မိမိကုန်ရောင်းသူ ဘက်ကယုံကြည်စိတ်ချရမှုရှိမှသာပြုလုပ်၍ရသည့်  စနစ်မျိုးဖြစ်ပါကြောင်း၊ ပစ္စည်းကို တင်ပို့ပြီးမှ ဘဏ် အချင်းချင်း ချိတ်ဆက်၍ (၃)လ အတွင်း ငွေပေးချေသည့် စနစ်ဖြစ်သည့်အတွက် ရောင်းဝယ်ရာတွင် ငွေရနောက်ကျသည့် အခြေအနေ နှင့် တစ်ခါတစ်ရံတွင် ငွေကြေးလိမ်လည်မှု ခံရသည့် အခြေအနေမျိုးကြုံတွေ့နိုင်ကြောင်း၊  TT စနစ်ကို  ပို့ကုန်ကြိုတင်ရငွေဟု သုံးနှုန်းလေ့ရှိကြပြီး  ဝယ်သူနှင့် ပို့ကုန် လုပ်ငန်းရှင် စာချုပ် ချုပ်ဆိုပြီး  ၁ပတ် သို့မဟုတ် ၁၀ ရက်အတွင်း ငွေပေးချေရသည့် စနစ်ဖြစ်ကြောင်း၊ ဤစနစ်တွင် တစ်ဘက်ကုန်ဝယ်သူက ကုန်ရောင်းချသူကို ယုံကြည်မှုအရ ကြိုတင်ငွေလွှဲ ပို့ပေးထားခြင်းဖြစ်ကြောင်း၊  ငွေရောက်ပြီးမှသာလျှင် ကုန်စည်ကို သင်္ဘောပေါ်တင်ပေး ရသည့် စနစ်ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ငွေလည်ပတ်မှု ဒုက္ခမှကင်းဝေးသည့် အားသာချက် အပြင်ငွေကြေးဆုံးရှုံးမှုလည်းမရှိသည့်အတွက် TT စနစ်ဖြင့် အရောင်းအဝယ်လုပ်ကြ သည်က များကြောင်း၊  မဟူရာ Energy ကုမ္ပဏီ အနေဖြင့် ဝယ်ယူသူများ၏ တောင်းဆိုမှုပေါ် မူတည်၍ စနစ် (၂)မျိုးလုံး အသုံးပြု ကာ အရောင်းအဝယ် ပြုလုပ်ပေးသော်လည်း TT စနစ်ကို အသုံးပြုသည်က များကြောင်းသိရှိရပါသည်။ နှမ်းလှော်ဆီမွှေးထုတ်လုပ်ရန် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ နှမ်းလှော်မှုန့်ကို အဓိကတင်ပို့လျက်ရှိပြီး  နှမ်းလှော်ဆီမွှေးကို  အမွှေးဆီအဖြစ်    အသီးအရွက်များ သုပ်စားရာတွင်   အနည်းငယ်မျှသာ ထည့်၍ အသုံးပြုကြကြောင်း၊ ရိုးရိုးဆီဖြင့် ချက်ပြုတ်ရာတွင် ဆီဝေခြင်း၊ အထားခံနိုင်မှု အနေဖြင့်လည်း  ၁ နှစ်         ကျော်လျှင်အနံ့ အရသာမကောင်းခြင်း စသည်တို့ ဖြစ်စေသော်လည်း  နှမ်းလှော်ဆီမွှေးသည် ရေငွေ့ ပါဝင်မှုနှုန်း ၀.၀၂%သာ ရှိသည့်အတွက် ၃နှစ်အထိ အထားခံကြောင်းသိရှိရပါသည်။  

            နှမ်းလှော်ဆီမွှေး စားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့် အခြားရောဂါများဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ခြင်း၊ အသည်း၏ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း နှင့် ခန္ဓာကိုယ် အတွင်း အဆီချေဖျက်မှုကိုတိုးမြှင့်ပေးခြင်း စသည့်အချက်များကြောင့်  စားသုံးသူတို့၏ ကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေကြောင်း၊   ထို့ကြောင့်   ရိုးရိုးဆီများနှင့် နှိုင်းယှဉ်သော် နှမ်းလှော်ဆီမွှေးသည် ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော အထူးသင့်လျော်သည့် ဆီ တစ်မျိုးဖြစ်ကြောင်း၊  ကမ္ဘာ့နှမ်းလှော်ဆီ ဈေးနှုန်းဈေးကွက် အခြေအနေကို လေ့လာကြည့်ပါက  နှမ်းလှော်ဆီ ၁ ပိဿာ လျှင် မြန်မာငွေ ကျပ် (၃၀၀၀၀ - ၄၀၀၀၀) ဝန်းကျင်ခန့် ဈေးရှိရာ ကမ္ဘာ့နှမ်းလှော်ဆီ ဈေးကွက် အနေဖြင့်လည်း အလွန်မြင့်မားကြောင်း၊  ပြည်တွင်းပဲ၊ နှမ်း ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်း အတက်အကျ ရှိကြောင်းသိရှိရပါသည်။  ယခုအခါတွင်    မြန်မာနိုင်ငံ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများရှိ စူပါမားကက်ကြီးများတွင် နှမ်းလှော် ဆီမွှေးကို ဝယ်ယူရရှိနိုင်သော်လည်း ငွေကြေးတတ်နိုင်ပြီး ကျန်းမာရေးလိုက်စားသည့် လူနည်းစုအနေဖြင့်သာ ဝယ်ယူအသုံးပြုလာကြကြောင်း သိရှိရပါသည်။

            တန်ဖိုးမြှင့်ထုတ်ကုန် မြန်မာ့နှမ်းလှော်မှုန့် (White Sesame Powder)သည် ပြည်ပ ဈေးကွက်တွင် ရောင်းတန်းဝင်ပစ္စည်းတစ်မယ်ဖြစ်သော်လည်း ပြည်တွင်းနှမ်းလှော်မှုန့် ထုတ်လုပ်မှု ပမာဏနည်းသောကြောင့်   ပြည်ပဈေးကွက်၏ လိုအပ်ချက်ကို ပြည့်မီ‌အောင် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း၊  တန်ဖိုးမြှင့် (Value Added) ပြုလုပ်ထားသော မြန်မာ့ပို့ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံတော်၏ ပို့ကုန်ဝင်ငွေတန်ဖိုး ပိုမိုတိုးပွားစေခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ကုန်သည်ပွဲစားများ၊ Exporter ကုမ္ပဏီများ စသည့် supply chain တစ်လျှောက်ရှိ ပါဝင်သူအသီးသီး အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေသည်ကို လေ့လာသိရှိရပါသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများအဖြစ် မြန်မာ့ပို့ကုန်များ ထုတ်လုပ်တင်ပို့နိုင်ကြစေရန်သာမက မိမိတို့ ပြည်တွင်းရှိ စားသုံးသူပြည်သူများအတွက် နေ့စဉ် မီးဖိုချောင်၌ စားသောက်ရာတွင် ပါလေရာ ဖြစ်သည့် အဟာရ ဓာတ်ပြည့်ဝသော နှမ်းလှော်ဆီကို ပြောင်းလဲသုံးစွဲနိုင်သည့် အသိုက်အဝန်းတစ်ခု ဖြစ်လာစေရေး ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(မကွေး)

ASEAN Guidelines on Consumer Associations ရေးဆွဲထုတ်ပြန်

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ASEAN Guidelines on Consumer Associations အား ရေးဆွဲ ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါ လမ်းညွှန်ချက်တွင် ဒေသတွင်း စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များ ပိုမိုပေါ်ထွန်းလာရေး၊ အသင်းအဖွဲ့များ ရေရှည်ရပ်တည် နိုင်ရန်အတွက် လိုအပ်သည့် အထောက်အပံ့များပေးအပ်ရေးနှင့် ဒေသတွင်းအသင်းအဖွဲ့များအ ကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး စသည့် လမ်းညွှန်ချက်များ ဖော်ပြပါရှိပါသည်။ အဆိုပါ လမ်းညွှန်ချက်အား အောက်ဖော်ပြပါ pdf file အား download ပြုလုပ်၍ လည်းကောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ website ဖြစ်သည့် www.aseanconsumer.org တွင် လည်းကောင်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://aseanconsumer.org/read-news-asean-committee-on-consumer-protecti...
စားသုံသူရေးရာဌာနခွဲ

ASEAN Online Dispute Resolution Guidelines ရေးဆွဲထုတ်ပြန်

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် ASEAN Online Dispute Resolution Guidelines အား ရေးဆွဲထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါ လမ်းညွှန်ချက်တွင် စားသုံးသူများ နှင့် လုပ်ငန်းရှင်များအနေဖြင့် နစ်နာဆုံးရှုံးမှုများကို လွယ်ကူချောမွေ့စွာနှင့် အချိန်ကုန်သက်သာ စွာဖြင့် တိုင်ကြားနိုင်ရန်နှင့် အငြင်းပွားမှုဖြေရှင်းဆောင်ရွက်နေစဉ်အတွင်း စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရန်အတွက် လိုအပ်သည့်နည်းပညာဆိုင်ရာကူညီထောက်ပံ့မှုများ၊ ကူညီပေးမည့် ကြားခံအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ စသည်တို့ ဖော်ပြပါရှိပါသည်။
အဆိုပါ လမ်းညွှန်ချက်အား အောက်ဖော်ပြပါ pdf file အား download ပြုလုပ်၍ လည်းကောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ website ဖြစ်သည့် www.aseanconsumer.org တွင် လည်းကောင်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
https://aseanconsumer.org/file/ODR/ASEAN%20ODR%20Guidelines%20-%20FINAL.pdf
စားသုံသူရေးရာဌာနခွဲ

စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် အစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေနှင့်အညီ ဆောင်ရွက်စေရေး အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံသည် မြို့နယ်အစည်းအဝေးခန်းမ၌ Gold Dalta Co.Ltd , မှ တာဝန်ရှိသူများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများနှင့်၊ ဆန်စက်၊ ဆီစက်၊ ပွဲရုံ လုပ်ငန်းရှင်များအား (၂၅.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်း မှ အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေ အခန်း (၁၃) ပါ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၏ အဓိပ္ပာယ်နှင့် အခန်း(၁၄) ပါ ဝန်ဆောင်မှုလုပ်ငန်း၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

          ဆက်လက်၍ Gold Dalta  Co.Ltd, မှ ဓနုဖြူမြို့နယ် တာဝန်ခံ ဦးတိုးလွင်မှ ပြောကြားရာတွင် ကုမ္ပဏီ၏ ရည်ရွယ်ချက်၊ လယ်သမားများအတွက် ကုမ္ပဏီမှ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်မှု အလားအလာကောင်းများ အကြောင်း ပြောကြားပြီး၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ တာဝန်ရှိသူများက ဘဏ်၏ ဝန်ဆောင်မှုများ၊ ငွေရေး၊ ကြေးရေးကဏ္ဍနှင့် လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ