Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြောင်းအခြောက်ခံစက်ရုံ ကွင်းဆင်းစစ်ဆေးခြင်း

            ပြောင်းလုပ်ငန်းရှင်များအသင်းမှ ပြောင်းကုမ္ပဏီများအား SPS Protocal အရ တရုတ်နိုင်ငံသို့ ပြောင်းဆံတင်ပို့ရန် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၆၊ ၂၇ ရက်နေ့နှင့် မေလ ၂ ရက်နေ့တွင် တောင်ကြီးမြို့ တောင်လေးလုံးကျေးရွာရှိ မြနဒီ ပြောင်းအခြောက်ခံစက်ရုံ၊  ရပ်စောက်မြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ မိဘမေတ္တာ ပြောင်းအခြောက်ခံစက်ရုံ၊ အေးသာယာစက်မှုဇုန်ရှိ Mega  Richcorps ပြောင်းအခြောက်ခံစက်ရုံနှင့် သို့လှောင်ရုံများအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။  ကွင်းဆင်းစစ်ဆေးရာတွင် ပြောင်းဆံတင်ပို့မည့် ကုမ္ပဏီများ SPS Protocal ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ၊ ကုန်ကြမ်းနှင့် ကုန်ချောသိုလှောင်ရုံ စက်ရုံ/ သိုလှောင်ရုံတွင်ထားခြင်းအပိုင်း၊ လုပ်သားများကျန်းမာရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအပိုင်း ပြောင်းအခြောက်ခံစက်တို့ကို စစ်ဆေးခြင်းနှင့် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်သွားရန် စစ်ဆေးရေးအဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မြိတ်မြို့ရှိ ဆေးဆိုင်များသို့ Bella Plus Plaster အား စျေးကွက်စောင့်ကြည့်စစ်ဆေး

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ Bella Plus Plaster အား စျေးကွက်အတွင်း ရောင်းချနေခြင်းရှိ /မရှိ ကို ၂၀၂၂ခုနှစ်၊ မေလ (၄)ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြပါသည်။

         Bella plus Plaster သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ် နှင့် Import Registration No.(IR) များဖော်ပြထားရှိခြင်းမရှိဘဲ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်တင်သွင်းရောင်းချနေသူများအနေဖြင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ မြိတ်မြို့ရှိ ဆေးဆိုင်များ၌ Bella Plus Plaster နှင့် ပတ်သက်၍ စျေးကွက်အတွင်း ရောင်းချနေခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

            ရခိုင်ပြည်နယ် သံတွဲခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးဆွေးနွေးပွဲကို  သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ (၂-၅-၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ သံတွဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငပလီကမ်းခြေအတွင်း မှတ်ပုံတင်ထားရှိသည့် စားသောက်ဆိုင် (၃၈)ဆိုင်မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

              အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ  မြန်မာ့ခရီးသွားလုပ်ငန်း၏ အထင်ကရနေရာ တစ်ခုဖြစ်သော ငပလီကမ်းခြေသည် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သကဲ့သို့  ကမ်းခြေရှိစားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများမှလည်း ခရီးသွားစားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရသော အစားအသောက် ဝန်ဆောင်မှုအား အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါသည်။

         အခမ်းအနားတွင်  ရခိုင်ပြည်နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာရဲမင်းသိန်းမှ ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ခွဲခြားထားရှိရေး၊ စားသောက်ဆိုင်အတွင်း၌ အိမ်မွေးတိရိစ္ဆာန်များမရှိစေရေး၊ စားသောက်ဆိုင်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်း‌ရေးတို့အားလည်းကောင်း၊ သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးမြင့်ထွန်း (ဒု-ဦးစီးမှူး)မှ စားသောက်ဆိုင်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများအား စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးအတွက် ဝန်ဆောင်မှုကို အလေးထားဆောင်ရွက်ကြရန်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်ချက်များအား သက်ဆိုင်သည့် ဌာနအလိုက် ပြန်လည် ရှင်းလင်းဖြေကြားပြီးနောက် နေ့လယ်(၁:၀၀)နာရီအချိန်တွင် အခမ်းအနားပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ရွှေဘိုပေါ်ဆန်း GI ရရှိရေး တောင်သူပညာပေး (GI Awareness)

           ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (SPFMTA) အနေဖြင့် ရွှေဘိုပေါ်ဆန်း  G.I ရရှိ‌ရေးအတွက် ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှု GRET Myanmar၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်မှာ အားလုံးသိရှိပြီးဖြစ်သည်။

          ယခုအခါ ရွှေဘိုပေါ်ဆန်း GI ရရှိရေး ပညာပေးဟောပြောပွဲများကို SPFMTA အနေဖြင့် ပြုလုပ်လျက်ရှိရာ ၁.၅.၂၀၂၂ ရက်နေ့နှင့် ၂.၅.၂၀၂၂ ရက်နေ့ နေလည် ၁၁ နာရီအချိန်တွင်  ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပေါက်တုန်းကျေးရွာတွင် “ရွှေဘိုပေါ်ဆန်း GI” ပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့သည်။

      ၎င်းပညာ‌ပေးဟောပြောပွဲ ရွှေဘိုပေါ်ဆန်းGI ရရှိစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရွှေဘိုပေါ်ဆန်း GI ရရှိလာပါက တောင်သူများ၊ စက်ပိုင်များနှင့် ကုန်သည်များ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် SPFMTA အနေဖြင့် ရေးဆွဲလျက်ရှိသော ရွှေဘိုပေါ်ဆန်း အရည်အသွေးမှတ်တမ်း(BOS)ကို ရှင်းလင်းပြောကြားခဲ့၍ ထပ်မံပြုလုပ်မည့် BOS Workshop တွင် ပါဝင်တက်ရောက်နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

DOCA(မကွေး)

စားအုန်းဆီများဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်လှ(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ ဦးမျိုးဝင်း(မကွေးမြို့နယ်ဦးစီးမှူး) စစ်ဆေးရေး အရာရှိနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ (၁၆:၃၀)နာရီတွင် မကွေးမြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော မကွေးတိုင်းဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်ဌေးနှင့် လုပ်ငန်းရှင်များထံသွားရောက် တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင်  လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ထည့်သွင်းဖော်ပြလာစေရေး အသိပညားပေးဆွေးနွေးခဲ့ပါသည်။

            ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်များအား ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ အရည်အသွေးပြည့်မှီရေး  ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ‌စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ပမှစားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လုပ်ငန်းများကို ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိရာ စျေးကွက် အတွင်းသို့ စားသုံးဆီများဖြန့်ဖြူးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် မေလ (၁ )ရက်နေ့မှစတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ် ယူရာတွင် (က) ရန်ကုန်ဆိပ်ကမ်းရှိ Shore Tank များမှ ဆီထုတ်ယူရာ၌ အဝါရောင်၊ Food Grade Clean Drum များဖြင့်လည်းကောင်း၊ Food Garde Bouser Truckဖြင့်လည်းကောင်း စတင်အသုံး ပြုရန် (ခ) စျေးကွက်အတွင်းသို့ ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများ ထည့်သွင်းအသုံးပြုထားသည့် Drum  များတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲခြင်း မပြုရန် (ဂ) စျေးကွက်အတွင်းသို့ ဖြန့်ဖြူးရာတွင် Food Grade( New Drum/ Clean Drum/ Jerry Can/ Consumer Pack)များအသုံးပြုရန် (ဃ) စျေးကွက်အတွင်း သို့ ဖြန့်ဖြူးမည့် ထုပ်ပိုးပစ္စည်းများအပေါ်တွင် “စားသုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြုးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ”ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာကုမ္ပဏီ၏ Cap Seal  များဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ်(Logo)များကပ်နှိပ်ရန် ညွှန်ကြားထားပါကြောင်း အသိပညာပေး‌ဆွေးနွေးခဲ့ပါသည်။

            ဦးမျိုးဝင်း (မကွေးမြို့နယ်ဦးစီးမှူး)၊ စစ်ဆေးရေးအရာရှိမှ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil )နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအစားကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန် (ဥပမာ- ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီ) ဟင်းသီးဟင်းရွက်ဆီ  (အဆင့်မြင့်စားအုန်းဆီ)အပြင် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားဖြင့်ဖော်ပြရန် ၊ ညွှန်ကြားချက် များကို(၂၀.၁၂.၂၀၂၁)တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ (၆)လပြည့်မြောက်သည့်နေ့မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အချင်အတွယ်ဖြင့်ရောင်းချသော ဆီဆိုင်များအနေဖြင့်လည်း အလေးချိန်များမှန်ကန်စွာရောင်း ချစေလိုကြောင်း စားအုန်းဆီနှင့် အခြားဆီများ ရောစပ်ရောင်းချလျှင်လဲ ရောနှောသည့်အချိုးအစားကို ပွင့်လင်းမြင်သာစွာ ရောင်းချစေလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပ‌ဒေ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်တားမြစ်ချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်မှထုတ်ပြန်သည့် ညွှန်ကြားချက် အမှတ်(၂/ ၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းကောက်ယူလျက်ရှိ

                စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့်  စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သိရှိနိုင်ရေးအတွက် စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်း(Consumer Empowerment Index-CEI ) စစ်တမ်းကောက်ယူရေး  စီမံချက်အား စားသုံးသူရေးရာဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ ၃၀၀၀ ခန့်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ 

           စစ်တမ်းကောက်ယူရာတွင် လူကိုယ်တိုင်တွေ့ဆုံ၍ စစ်တမ်းမေးခွန်းလွှာ ဖြေကြားစေခြင်းနှင့် online မှတဆင့် မေးခွန်းလွှာပေးပို့၍စစ်တမ်းကောက်ယူခြင်းဟူ၍ နည်းလမ်း နှစ်သွယ်ဖြင့် ကောက်ယူမည်ဖြစ်ပါသည်။ စစ်တမ်းမေးခွန်းလွှာတွင် ပြည်သူများသို့ စားသုံးသူအသိပညာပေးမှု လုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ် အသားနဲ့စပ်လျဉ်းသည့် စားသုံးသူများသိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေများကို အခြေခံပြုစု ထားကြောင်း သိရှိရသည်။

            စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးမှူးရုံးမှလည်း အဆိုပါ စီမံချက်အား လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။ စစ်ကိုင်းဒေသကြီးအတွင်း စုစုပေါင်းလူဦးရေ ၃၀၀ ခန့်ကို စစ်တမ်းကောက်ယူသွားရန်လျာထားပြီး လူကိုယ်တိုင်တွေ့ဆုံစစ်တမ်းကောက်ယူရန် ၂၀၀ ဦးနှင့် online မှတဆင့်စစ်တမ်းကောက်ယူရန် ၁၀၀ ဦးဖြစ်ရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှစတင်၍ ခရိုင်နှင့်မြို့နယ်များတွင် ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စစ်တမ်းကောက်ယူရာတွင် ကျား၊မအချိုးအစားညီမျှစေရေး၊ လူတန်းစားအလွှာပေါင်းစုံအချိုးအစားညီမျှစွာ ကောက်ယူနိုင်ရေး နှင့် မြို့ပြနှင့်ကျေးလက်အချိုးညီမျှစေရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

            စစ်တမ်းရလဒ်များကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် တွေ့ရှိရသည့်ရလဒ်များအပေါ်အခြေခံ၍ ပြုပြင်ပြောင်းလဲရန်လိုအပ်သည်များနှင့် တိုးချဲ့ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဖော်ထုတ်သွားမည်ဖြစ်သည့်အတွက်  စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့ကျသောမူဝါဒများချမှတ်နိုင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“အသိပညာပေးဟောပြော ဆွေးနွေးပွဲများကျင်းပ”

              ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၂၅-၄-၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ကြပါသည် ။ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးက ပြောကြားရာတွင် စားသုံးသူကာကွယ်ပေးရေးဥပဒေအား ၂၀၁၄ခုနှစ်တွင်ပြဌာန်းခဲ့သော်လည်း ဥပဒေ၏အားနည်းချက် များရှိသောကြောင့် ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့တွင် အသစ်ပြန်လည်ပြဌာန်းခဲ့ကြောင်း၊၄င်းဥပဒေတွင် စားသုံးသူများအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များနှင့် Consumer Call Center များဖြစ်သည့် MPT Sim Card အသုံးပြုသူများ အနေဖြင့် 09-765481535 နှင့် အခြား Sim Card အသုံးပြုသူများအနေဖြင့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း၊၄င်းအပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ဝင်ရောက်ပြီးတိုင်ကြားနိုင်ပါကြောင်း၊၄င်း Website ထဲတွင်မိမိတို့ဌာနမှဆောင်ရွက် လျှက်ရှိသည့် စားသုံးသူကာကွယ်ပေးရေးနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များနှင့် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ချက်များအားအချိန်နှင့်တပြေးညီ လွှင့်တင်လျှက် ရှိပြီးဝင်ရောက်လေ့လာကြည့်ရှု့စေလိုပါကြောင်း ဆွေးနွေးပြောကြားသွားပါသည် ။ ဆက်လက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ “ အိုမီခရွန်ကာလတွင်ကြုံတွေ့ရသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ”နှင့် “နွေကာလအပူရှပ်ခြင်း ၊ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့်ပြဿနာများ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူမှုမီဒီယာကိုအကျိုးရှိရှိအသုံးပြုမည်ဆိုလျှင်”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး အခမ်းအနားကို(၁၆:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း(၃၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကိုဗစ်-၁၉ရန်ပုံငွေမှ ချေးငွေရယူထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး”

               ကိုဗစ်-၁၉ ရန်ပုံငွေမှထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် ကျောက်ဆည်ခရိုင် စိစစ်ကြပ်မတ်ရေးအဖွဲ့နှင့် ချေးငွေရယူထားသော စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို (၂၃-၄-၂၀၂၂)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောက်ဆည်မြို့ ၊ မြန်မာ့စီးပွားရေးဘဏ်ခန်းမ၌ ကျင်းပခဲ့ပါသည် ။ တွေ့ဆုံဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌ ၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါကြောင့်ဖြစ်ပေါ်နိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းအဖွဲ့ (Tesk - Force)အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးခေါင်းဆောင်သော အဖွဲ့ဝင်(၈)ဦးဖြင့် ဖွဲ့စည်းခဲ့ ကြောင်း ၊ မိမိတို့ခရိုင်စိစစ်ကြပ်မတ်ရေးအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်း တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ၄င်းအဖွဲ့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်တွင်း အခွန်များဦးစီးဌာန ၊ မြန့်မာ့စီးပွားရေးဘဏ်များမှ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မန္တလေးတိုင်းဒေသကြီး၊ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ(၁) တို့ပါဝင်ကြောင်း၊ ခရိုင်စိစစ်ကြပ်မတ်ရေးအဖွဲ့ဖွဲ့စည်းသလို တိုင်းဒေသကြီးစိစစ်ကြပ်မတ်ရေးအဖွဲ့အားလည်း ဖွဲ့စည်းခဲ့ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ချေးငွေရယူထားသည့် သက်ဆိုင်ရာ ကုမ္ပဏီ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏အမည်စာရင်းများပြုစုခြင်း ၊ ချေးငွေထုတ်ယူရရှိမှုအခြေအနေနှင့် အသုံးပြုထားမှုအခြေအနေ၊ လုပ်ငန်းလည်ပတ်မှုအလုပ်အကိုင်ခန့်ထားမှု၊ ချေးငွေများပြန်လည်ပေးဆပ်ရန် ပြင်ဆင်ထားရှိမှု၊ ဝင်ငွေရရှိမှုနှင့်ချေးငွေအသုံးပြုမှုအပေါ်ရရှိလာသည့် အရှုံးအမြတ်အခြေ အနေနှင့်သတ်မှတ်ကာလအတွင်း အတိုးနှင့်အရင်း အပြီးအပြတ်ပေးဆပ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ ခရိုင်စိစစ်ကြပ်မတ်ရေး အဖွဲ့အတွင်းရေးမှူး ကျောက်ဆည်မြို့ ၊ မြန်မာ့စီးပွားရေးဘဏ် ၊ ခရိုင်မန်နေဂျာ ဦးဝင်းနိုင်က ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါကြောင့် ဖြစ်ပေါ်နိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ကိုဗစ်-၁၉ရန်ပုံငွေမှကိုဗစ်-၁၉ကြောင့်စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့်စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၀ပြည်နှစ်၊ ဧပြီလမှစ၍ အတိုးနှုန်းသက်သာသောချေးငွေများအား အသုတ်လိုက်ထုတ်ချေးခဲ့ပြီး ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေများအား ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်မှချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလသက်တမ်း (၁)နှစ်စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်(၆)လ (၂)ကြိမ် သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း ၊ ယခုအခါ ချေးငွေများပြန်လည်ပေးဆပ်ရန်အချိန်နီးကပ်လာပြီဖြစ်ပြီး အပြည့်အဝပြန်လည်ပေးဆပ်ရန်လိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောက်ဆည်ခရိုင် ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးလှငွေက စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်စည်းကြပ်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား နံနက်(၁၁:၃၀)နာရီ အချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။ ကိုဗစ်-၁၉ ရန်ပုံငွေမှထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် ကျောက်ဆည်ခရိုင် စိစစ်ကြပ်မတ်ရေးအဖွဲ့ နှင့် ချေးငွေရယူထား သောစီးပွားရေးလုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းအတွင်းရှိ ပြောင်းလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြောင်းဆံတင်ပို့ ရန် GACC မှတ်ပုံတင်ခွင့်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ကုမ္ပဏီ(၂၇)ခုမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန အရာထမ်း၊အမှုထမ်းဝန်ထမ်း(၉)ဦးနှင့် လုပ်ငန်းရှင်(၂၃)ဦးတို့ တက်ရောက်ခဲ့ပါသည်။

          တိုင်းဒေသကြီးဦးစီးမှူးမှ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ GACC တို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol အရ ပြောင်းဆံတင်ပို့ရန်မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ယခုလို ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေနှင့် မိမိတို့စက်ရုံများ၊သိုလှောင်ရုံများ၊ အခြောက်ခံစက်များအား SPS Protocol ပါသတ်မှတ်ချက်များနှင့်အညီ သိရှိပြီးလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် GACC မှတ်ပုံ တင်ခွင့်ရရှိရန်အတွက်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရန်နှင့် အရည်အသွေးပြည့်ဝသော ပြောင်းဆံများတင်ပို့နိုင်ရေး ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်လာစေရန်အတွက်ရည်ရွယ်၍ SPS Protocolပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမှုနှင့်ပတ်သက်၍မိမိတို့သိရှိသမျှကို လုပ်ငန်းရှင်များအား သိရှိစေရန် ရည်ရွယ်၍ ဆွေးနွေးခြင်းဖြစ်ပါတယ်။

       လုပ်ငန်းရှင်များအနေနှင့် မိမိတို့ကုန်ပစ္စည်း သိုလှောင်ထားရှိသည့် သိုလှောင်ရုံပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရေဆိုးများဝပ်နေခြင်း၊ အမှိုက်သရိုက်နှင့် အနံ့ဆိုးများကင်းရှင်းခြင်း၊ လုံလောက်သော အကျယ်အဝန်း လေမိုးဒဏ်ခံနိုင်ပြီး သန့်ရှင်းရေးပြုလုပ်ရန်လွယ်ကူသော အဆောက်အဦဖြစ်ခြင်း၊ နံရံ၊မျက်နှာကျက်နှင့် ကြမ်းပြင်များချောမွေ့ပြီး ရေစိမ့်ဝင်ခြင်း နှင့် ပိုးမွှားများခိုအောင်းခြင်းလည်းမရှိစေရ၊ လေလှယ်ပန်ကာ Ventilation Fan LED မီးလုံး(သို့) အဖုံးပါသော မီးလုံးများတပ်ဆင်ခြင်း၊ ပြတင်းတံခါးမျက်နှာကျက်နှင့် နံရံအကြား ငှက်ကာများ တပ်ဆင်ထားရခြင်း၊ လုပ်သားများအတွက် အဝတ်လဲခန်း၊ လက်ဆေးကန်တစ်သျှူး(သို့) လက်သုပ်ပုဝါအမှိုက်ပုံးသန့်ရှင်းရေးပစ္စည်းများ ရေဓါတုပစ္စည်းများ ဆပ်ပြာ၊ပိုးသတ်ဆေး၊ ပြောင်းဆံထုပ်ပိုးမည့်ပစ္စည်းများ၊ မီးထောင်ခြောက်၊ ကြွက်ထောင်ခြောက်စသည်တို့ကို လုံလုံလောက်လောက်ထားရှိခြင်း၊ နမူနာကောက်ယူထားသည့် Sample များကို စနစ်တကျထားသိုပြီး မှတ်တမ်းများလည်း ထားရှိခြင်း၊ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြင်ဆင်ထားရှိရမည်။ သိုလှောင်စဉ်ကာလအတွင်း ပြောင်းစေ့များကို အိတ်အသစ်အသန့်များဖြင့် ထုပ်ပိုးပြီး သန့်ရှင်းရေးပြုလုပ်ထားသည့်ကြမ်းပြင်တွင် ကုန်တင်ခုံများကို အသုံးပြု၍သိုလှောင်ရခြင်း၊ ပိုင်ပုံတစ်ပုံနှင့်တစ်ပုံအကြား ပိုင်ပုံနှင့်နံရံအကြား အနည်းဆုံးလူတစ်ကိုယ်စာ ဝင်ထွက်သွားလာနိုင်သည့် အကွာအဝေးထားရှိခြင်း၊ ပိုင်ပုံတိုင်းတွင် Bin Card များချိတ်ဆွဲခြင်း၊ ကုန်ချောနမူနာ ကောက်ယူခြင်းကို မှတ်တမ်းထားရှိခြင်း၊ ပိုးသတ်မှိုင်းတိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိသာသော အမှတ်အသားများ ပြုလုပ်ထားခြင်း၊ အိမ်မွေးတိရစ္ဆာန်များ မလာစေရန်စီမံထားခြင်းစသည်တို့ကို လုပ်ငန်းရှင်များအနေနှင့် ပြည့်ပြည့်စုံစုံသိရှိစေရန်၊ စက်ရုံနှင့်သိုလှောင်ရုံများတွင် လုပ်ငန်းများ လုပ်ဆောင်နေသည့် လုပ်သားများအတွက် ကျန်းမာရေးသည်လည်း အဓိကဖြစ်ပါသည်။

          လုပ်သားများကျန်းမာရေးအတွက် ၆လ(သို့မဟုတ်)၁နှစ် တစ်ကြိမ်ဆေးစစ်ချက် မှတ်တမ်းများ၊တစ်ကိုယ်ရေသန့်ရှင်းရေးကို နေ့စဉ်စနစ်တကျပြုမူ လုပ်ဆောင်ခြင်းများကို အစဉ် ဂရုစိုက်ဆောင်ရွက်သင့်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ယခုလို ရှင်းလင်းပြောကြားရခြင်းသည် မိမိတို့အနေနှင့်ဝန်ကြီးဌာနမှ ပြည်နယ်နှင့်တိုင်းများသို့ ပြောင်းဆံတင်ပို့မည့်ကုမ္ပဏီ များ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို အချိန်မှီ ပြန်လည်ပေးပို့နိုင်ရေး အတွက်လုပ်ငန်းရှင်များအနေနှင့် မိမိတို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည့်အခါ လုပ်ငန်းရှင်များအနေနှင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လုပ်ငန်းရှင်များအနေနှင့် မြန်မာ့ပြောင်းသီးနှံကို SPS Protocolပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာကျင့်သုံးခြင်းအားဖြင့် ဒေသတွင်းရှိလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်ရာတွင် အလေ့အကျင့်ရရှိလာပြီး မိမိတို့ကုန်ပစ္စည်းများ Food Safety နှင့်အညီ ထုတ်လုပ်လာနိုင်ပြီး မြန်မာထုတ်ကုန်များသည် တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံများကိုလည်း တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၂)ကျင်းပ

         စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူနှင့် စီးပွာရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ ညနေ (၁၅:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး(၁/၂၀၂၂) ကို ကျင်းပခဲ့ပါသည်။

          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ အမှာစာများကိုဖတ်ကြားကာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အမှာစာများအပေါ် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ကာ ဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ညနေ (၁၆: ၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

            အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ