Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၃-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့အား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUNDAY( TEA MIX) အမှတ်တံဆိပ်ပါ အသင့်သောက်လက်ဖက်ရည်ထုပ်တွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့်သုံးစွဲပုံနည်းလမ်းများကို ဖော်ပြထားခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသည့်ကုန်စည်များကိုသာ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိတို့အား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒန်းနစ်ရ်(ထောပတ်ကွတ်ကီး)အမှတ်တံဆိပ်ပါ အသင့်စားမုန့်ထုပ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ လက်လီ/လက်ကားရောင်းချနေသောကုန်စုံဆိုင်လုပ်ငန်းရှင်များအား ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိသောကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

စံမညီဆေးများနှင့် တားမြစ်ဆေးဝါးများရောင်းချမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   (၃-၄-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၁၁)ဆိုင်အား စံမညီဆေးများနှင့် တားမြစ်ထားသောဆေးဝါးများရောင်းချမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးများနှင့် FDA က တားမြစ်ချက်ထုတ်ပြန်ထားသောဆေးဝါးများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများက တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No.(IR) များဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာရောင်းချရန်၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

       

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ (၃-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ မိဘမဲ့ရေရှင်းဘုန်းတော်ကြီးစာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ‌‌ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျာ်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကိုဝယ်ယူသုံးစွဲရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း     နမူနာပစ္စည်းများဖြင့်ပြသကာ    ရှင်းလင်း‌‌ဟောပြောခဲ့ပြီး    စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၁၅)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

ထားဝယ်မြို့မစျေးကြီးအတွင်း စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း

    (၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့မစျေးကြီး၊ စျေးခေါင်းရုံးခန်းမတွင် စျေးသူ/စျေးသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်များနှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့်ကုန်စည်များအား စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

    ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ      တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်ဝင်းမောင်က ဆီစားသုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ စျေးသူ/စျေးသားစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး နေ့လယ်      (၁၅:၀၀) နာရီအချိန်တွင် ဟောပြောပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အစည်းအဝေးကျင်းပခြင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးသည် လားရှိုးမြို့တွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။

      အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)တွင် ဒုတိယပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။  အစည်းအ‌ဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

စမ်းပွင့်ဆီစက်စမ်းသပ်လည်ပတ်၊ တစ်ရက်လျှင် ဆီပိဿာချိန် ၃၀၀ပိဿာခန့်ထွက်ရှိနိုင်

    ကရင်ပြည်နယ်၊ ဘားအံမြို့၊ စက်မှုဇုံတွင်တည်ဆောက်ထားသည့် စမ်းပွင့်သံလွင်ကုမ္ပဏီ၏ စမ်းပွင့်ဆီစက်အား (၁-၄-၂၀၂၃) ရက်နေ့တွင် စတင်စမ်းသပ်လည်ပတ်ခဲ့ရာ တစ်ရက်လျှင် ဆီပိဿာချိန် ၃၀၀ခန့်ထွက်ရှိနိုင်ကြောင်းသိရပါသည်။

     ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးခြင်း၊ ဆီစက်လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးနှင့် အဆင့်မြင့်ဆီစက်များတည်ဆောက်နိုင်ရေးအတွက်  စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအစိုးရဌာနက တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကြိတ်ခွဲထုတ်လုပ်နိုင်မည့် ယခုစမ်းပွင့်ဆီစက်အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေဖြင့် တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်းနှင့် ဆီစက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။

    မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူတစ်ဦးလျှင် တစ်နှစ်စာ စားသုံးဆီသုံးစွဲမှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၃.၈၆ပိဿာဖြင့် အများဆုံးဖြစ်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၌ ၆.၂၅ပိဿာဖြင့် အနည်းဆုံးဖြစ်ကာ ကရင်ပြည်နယ်အနေဖြင့် လူတစ်ဦးလျှင် တစ်နှစ်စာ စားသုံးမှုမှာ ၇.၄၂၅ပိဿာဖြစ်ကြောင်းစာရင်းများအရ သိရပါသည်။ ကရင်ပြည်နယ်တွင် လူဦးရေ ၁၆သိန်းခန့်မှီတင်းနေထိုင်ကြပြီး စားသုံးဆီဖူလုံပိုလျှံမှုအနေဖြင့် ၇၂ရာခိုင်နှုန်းသာရှိသောကြောင့်  ဆီလိုဒေသဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)

                  

ဆန်စပါးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ New World ခန်းမ၌ (၁-၄-၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့်တကွ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရခိုင်ကုန်သည်စက်မှုအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးနှင့်ပတ်သက်သော အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စိုက်ပျိုးထုတ်လုပ်သူများတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသော ဆန်စပါးဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများတက်ရောက်ကြသည့်အတွက် ဝမ်းသာကြိုဆိုပါကြောင်း၊ ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်၍ အတိတ်၌ ရခိုင်ပြည်နယ်မှ ဆန်စပါးများကို ကမ္ဘာသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်စပါးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ဤဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဆန်စပါးနယ်ပယ်တွင် ပါဝင်ပတ်သက်နေသည့် စိုက်ပျိုးထုတ်လုပ်သော တောင်သူများ၊ ပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပတင်ပို့လုပ်ငန်းရှင်များထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါးကဏ္ဍတိုးတက်လာမည့်ဖြစ်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာ(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်နီလာသိန်းက ဆန်စပါးဥပဒေ(မူကြမ်း)ရေးဆွဲရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကာ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ဆန်စပါးဥပဒေ(မူကြမ်း)ပါ ကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသူများ၏အကြံပြုဆွေးနွေးချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို နေ့လယ်(၁၃:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရခိုင်)

 

 

ရွှေဘိုခရိုင် (၃/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းအား (၄)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၈-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ၊ ဥဒေါင်းမင်းဆီစက်လုပ်ငန်းရှင်နှင့် “ဦးတာနှင့် ညီများ” ဆီစက်လုပ်ငန်းရှင်၊ (၂၀-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုခရိုင်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် သိန်းသန်းဖြိုးဆီစက်လုပ်ငန်းရှင်နှင့် ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင်(၆)ဦးအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ရောင်းချရမည်ဖြစ်ကြောင်း၊ အကယ်၍ ကုန်အညွှန်းအမှတ်အသားများကို ထုပ်ပိုးပစ္စည်းပေါ်တွင်ဖော်ပြရန် အခက်အခဲရှိလျှင် ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်းစာစောင်၊ အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါးတည်းပေးအပ်ရန်လိုအပ်ကြောင်း၊ စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါ အကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင်၌ (၃/၂၀၂၃)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး”ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး(၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

    (၁၇-၃-၂၀၂၃) ရက်နေ့တွင် ရွှေဘိုခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သင်တန်းသူနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၀)ဦးအားလည်းကောင်း၊ မတ်လ(၂၃)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ် (၉)ရပ်ကွက်ရှိ ခရိုင်စီမံ ကိန်းဦးစီးဌာနတွင် ဌာနဆိုင်ရာဝန်ထမ်း(၁၅)ဦးအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်(၄၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ