Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်တွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပန်းတောင်းမြို့နယ်၌ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မူလွန်(ကြခတ်) ကျောင်းနှင့် နေ့လယ်ပိုင်းတွင် မူလွန်(သူရဲဇီး)ကျောင်းတို့သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်၌ (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အ-လ-က (မယားမာန်)၊ နေ့လယ်ပိုင်းတွင် မူလွန်(အိုးထိန်းကုန်း)နှင့် (၁၄-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အ-မ-က (လက်ခုတ်တန်း) ကျောင်းတို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၆-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် အ-ထ-က (မြို့မ) ကျောင်းသို့လည်းကောင်း၊ ပြည်မြို့နယ်၌ (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မူလွန်(မြတ်လေးရုံ)ကျောင်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စုစုပေါင်းကျောင်း (၇)ကျောင်းတွင် ကျောင်းသား/သူစုစုပေါင်း (၅၅၁) ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသောကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ် လင်းတိုင်းပြည့် မြန်မာမှု ပန်းပုလုပ်ငန်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ၊ လက်ဆက်ကျေးရွာအုပ်စု ၊ စိန်ကန့်လန့် ကျေးရွာရှိ လင်းတိုင်းပြည့် မြန်မာမှုပန်းပုလုပ်ငန်းပိုင်ရှင် ဦးကိုမင်းနှင့် ဒေါ်နီနီဝင်းတို့၏ မြန်မာမှု ပန်းပု လုပ်ငန်း လုပ်ဆောင်နေမှု အခြေအနေများလေ့လာရန်အတွက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးစိန်ဝင်းမှ (၂၀.၆.၂၀၂၃)ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေးမြန်းလေ့လာခဲ့ပါသည်။                                

    လင်းတိုင်းပြည့် မြန်မာမှု ပန်းပုလုပ်ငန်းအား ၁၉၈၈ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ရာ ယခုအချိန်အထိ လုပ်ငန်းသက်တမ်း (၂၅)နှစ် ရှိပြီဖြစ်ပြီး လုပ်ငန်းအခြေအနေမှာ မိသားစု(၃)ဦးနှင့် ပန်းပုလုပ်သား(၁၂)ဦး တို့ဖြင့် အော်ဒါလက်ခံကြောင်း ၊ မှာကြားသည့် ပန်းပုရုပ်အမျိုးအစား၊ အရွယ်အစားဆိုဒ်၊ လက်ရာ အလိုက် အကြမ်းထည်/ အနုထည် တို့၏ အသေးစိတ်ထုဆစ်မှုအပေါ် ပန်းပုလုပ်သားများအား ထုဆစ်ခ ပေးချေရကြောင်း၊ ယခင်က အကြမ်းထည် ထုဆစ်ပြီး အခေျာသပ်ရာတွင် လက်ဖြင့် ‌အသေးစိတ် ကော်ပတ်အကြမ်း/ အနုတိုက်ရသဖြင့် အချိန်ကြာမြင့်ပြီး လုပ်ငန်း မတွင်ကျယ်ကြောင်း၊ ယခုအခါတွင် စက်မော်တာများ၊ လက်ကိုင် ချိန်းဆောအသေးများ၊ ကော်ပတ်တိုက်စက်များဖြင့်လည်းကောင်း ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်ပြီး အသုံးပြုရသဖြင့် လုပ်ငန်းပိုမို မြန်ဆန်ပြီးမြောက်ပါကြောင်း၊ ခေတ်မီစက်ကိရိယာများအတွက် လျှပ်စစ်မီး အသုံးပြု လုပ်ဆောင်ရသော်လည်း မီးလာချိန် ကန့်သတ်မှု ရှိသဖြင့်  မီးစက်ဖြင့် အသုံးပြု ဆောင်ရွက်ရကြောင်း၊ အော်ဒါမှာကြားရက် အချိန်မီရန်       မီးစက်မောင်း၍ ဆောင်ရွက်ရကြောင်း၊ အော်ဒါမှာကြားမှု အခြေအနေအရ တစ်ရက်လျှင် မီးစက် အသုံးပြုမှု ဓါတ်ဆီ(၃)ဂါလံခန့် ကုန်ကျကြောင်း၊ ကုန်ကြမ်းအနေဖြင့် ကင်းလွတ်သစ် အမျိုးအစား ဖြစ်သည့် ကုက္ကိုသားများအား အဓိကထား၍ ထုလုပ်ပြီး ကုန်ကြမ်းအား ဒေသတွင်းမှပင် ဝယ်ယူစုဆောင်း ရရှိပါကြောင်း၊ မှာကြားသည့် ပန်းပုရုပ်အမျိုးအစား၊ အရွယ်အစားဆိုဒ်အလိုက် ဈေးနှုန်း ကွာခြားပြီး မှာယူသည့် ဒေသအရောက်ပေးပို့ရပါက သယ်ယူပို့ဆောင်ခအား မှာယူသူမှ ကျသင့်ခံရကြောင်း၊ ပန်းပုရုပ်များ ပို့ဆောင်ရာတွင် အရွယ်အစားအလိုက် ထိခိုက်ကျိုးပဲ့မှုမရှိစေရန် စနစ်တကျ ထုတ်ပိုးပြီး ပို့ဆောင်ပေးရပါကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့မှလည်း မှာကြားမှုများရှိပါကြောင်း၊ ပန်းပုရုပ်အမျိုးအစားများအား နမူနာအဖြစ် အနည်းငယ်ထုဆစ်ပြသထားပြီး  အော်ဒါမှာကြားမှုအရသာ ထုဆစ်ပေးပြီး ကြိုတင်ထုဆစ်မထားပါကြောင်း ၊ လူမှုကွန်ယက်တွင်လည်း လင်းတိုင်းပြည့်မြန်မာမှုပန်းပုလုပ်ငန်းအမည်ဖြင့် Facebook Page ဖွင့်လှစ်ထားရှိပြီး လုပ်ငန်း အပ်နှံမှုများလက်ခံခြင်း၊ နမူနာဓာတ်ပုံများတင်ပြထားပြီး နမူနာရုပ်ထုဓာတ်ပုံ(၂၀၀၀)ကျော်ရှိပြီး လုပ်ငန်းအရ အပ်နှံသူများ စိတ်တိုင်းကျ ထုဆစ်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြန်မာမှုပန်းပုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဈေးကွက် ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပဲခူးမြို့ အ‌ရောင်းပြခန်းတွင် ဗွီနိုင်းစနစ် Venyl ဖြင့် ပြသရောင်းချနိုင်ရေးကို ကူညီဆောင်ရွက်ပေးထားပြီး ဒေသထွက်ကုန် မြန်မာမှု ပန်းပုလက်ရာများအား ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပိုမို အကျိုးအမြတ်များရရှိနိုင်ပါကြောင်း၊ ရိုးရာမြန်မာမှု ပန်းပုများအား မတိမ်ကော မပပျောက်စေရေးအတွက် မိသားစု လက်ဆင့်ကမ်းပညာအမွေပေး ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါ သည်။

DOCA(ပဲခူး)

 

ငှက်ပျောပင်မှ ထွက်ရှိသောကုန်ကြမ်းများဖြင့် လူသုံးသူကုန်ပစ္စည်းများပြုလုပ်နိုင်သည့် အသက်မွေးဝမ်းကြောင်းသင်တန်းအားလေ့လာ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ငှက်ပျောပင်မှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်နိုင်သည့် သင်တန်းအား ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၊ ဒုတိယပတ်က မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖွင့်လှစ်ပေးခဲ့ပါသည်။  အဆိုပါသင်တန်းအား စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာခဲ့ပါသည်။

    သင်တန်းတွင် စိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြပြီး ငှက်ပျောပင်မှ ထွက်ရှိသော ငှက်ပျောပလပ်များအား လိုသလောက်ဖြတ်တောက်၍ အစိတ်များစိတ်ခြင်း၊ အကြောခွာ၍ အခြောက်ပြုလုပ်ပြီး စက်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း အမျှင်ထုတ်ခြင်း အဆင့်ဆင့်ပြုလုပ်၍ လူသုံးကုန်များဖြစ်သော ဦးထုပ်၊ ဖိနပ်၊ ခင်းဖျာ၊ လက်ကိုင်အိတ်၊ ဆွဲခြင်း၊ ဖုန်းအိတ်များ ၊ အင်္ကျီဖျင်နှင့် ယပ်တောင်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သောက်ရေသန့်ထုတ်လုပ်သော လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးနှင့်တကွ ဝန်ထမ်းများသည် ၁၅.၆.၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ၊ ညောင်လေးပင်မြို့ ၊ မြို့မ (၂) ရပ်ကွက်ကြား တောရ (၁) လမ်းရှိ သောက်ရေသန့်လုပ်ငန်းသို့ ခရိုင်ဦးစီးမှူးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်၍ ထုတ်လုပ်မှု ဖြစ်စဉ်များနှင့် ဈေးကွက်ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သောက်ရေသန့်များ ထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင် FDA ထောက်ခံချက် ရှိ/မရှိ ၊ အခြားဌာနများ၏ တရားဝင် အသိအမှတ်ပြု အထောက်အထားများရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး

    အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၆. ၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် အုတ်ဖိုမြို့နယ်အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင်များသို့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

  ထိုသို့ ဆေးဆိုင်များသို့ ကွင်းဆင်းရာတွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့၏ ညွှန်ကြားချက်အရ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ‌ဒေါက်တာစိုးသက်တင်ဦးဆောင်လျက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် အုတ်ဖိုမြို့နယ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် အင်္ဂလန်နိုင်ငံရှိ Astra Zeneca Company မှထုတ်လုပ်သော Cresfor 10 mg အမျိုးအစား တရားမဝင်ဆေးဝါး (၁၇)မျိုးအား ရောင်းချခြင်းမပြုရန် သတိပေးတားမြစ်ချက်များ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)

ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြစေရေးအတွက် အသိပညာပေး Talk Show ပြုလုပ်

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၎င်းဌာနရှိ လူထုဗဟိုပြုဌာန (Community Center) ၌ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ Talk Show  ဆွေးနွေးပွဲတွင် သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်နီလာစိုး(ဦးစီးအရာရှိ)က ပထမဦးစွာ Talk Show ဆောင်ရွက်ခြင်း၏ ရည်ရွက်ချက်များကိုပြောကြားခဲ့ပါသည်။ ထို့နောက် သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒေါ်လင်းလင်းထွန်း(ဒုတိယဦးစီးမှူး)က “ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာဖော်ပြစေရေးအတွက် အသိပညာပေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများနှင့် ဘေးအန္တရယ်မဖြစ်စေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ကုန်စည်များတွင် သတ်မှတ်ထားသည့်ကုန်ညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်းရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်နှင့် စားသုံးသူများအနေဖြင့်လည်း ကုန်စည်များဝယ်ယူရာတွင် ကုန်ညွှန်းအမှတ်အသားများကို သတိပြု၍ဖတ်ရှုတတ်သည့် အလေ့အထကောင်းများရရှိစေနိုင်သည့်အပြင် မိမိတို့၏လိုအပ်ချက်နှင့်ကိုက်ညီသည့် ကုန်စည်ကို ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် “ကုန်စည်လုံခြုံစိတ်ချရမှုအစ၊ ကုန်ညွှန်းအမှတ်အသားက” ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာမှုမရှိလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် Talk Show  အစီအစဉ်တွင် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

“မိတ္ထီလာမြို့၊ ပညာရေးဒီဂရီကောလိပ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း”

      ၂၀၂၃ခုနှစ်၊ဇွန်လ(၂၀)ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ပညာရေးဒီဂရီကောလိပ်၊ပညာပါရမီခန်းမတွင် “စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူ၊ဆရာ/မ စုစုပေါင်း (၁၃၇၆)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ      ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ၊ ဦးလွှမ်းမိုးဟန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းရသည့်ရည်ရွယ်ချက် ၊ စားသုံးသူ အခွင့်အရေးနှင့်တာ၀န်များ ၊ လုပ်ငန်းရှင်၏တာ၀န်များ ၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး ၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၀န်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံထားမှုအ‌ပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာမတပ်ဆင်ပါက (၂)နှစ်ထက် မပိုသော ထောင်ဒဏ် နှင့်ကျပ်သိန်း(၂၀၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံး မှုဖြစ်ပေါ်ခဲ့လျှင် စားသုံးသူသတင်း ပြန်ကြား ရေးနှင့် တိုင်ကြားမှု  လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ၊ စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သောwww.doca.gov.mm မှလည်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ DOCA Myanmar Applicationအား playstoreတွင် download ရယူ၍ထို Applicationမှတဆင့်လည်းတိုင်ကြားနိုင်ကြောင်း၊ Hotline Number 1535မှလည်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ထို့နောက် သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ရာ သင်တန်းသား/သူများမှ သိရှိလိုသည်များမေးမြန်းဆွေး နွေးခဲ့ပါသည်။မိတ္ထီလာမြို့၊ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုလတ်ထွေးမှ ယခုလို လာရောက်ဟောပြောသည့်အတွက် သင်တန်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများ များစွာရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြောခဲ့ပြီး ဟောပြောပွဲကို (၁၁း၅၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာခရိုင်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ Thursday Talk ပြုလုပ်’’

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျက် Thursday Talk အသိပညာပေးဆွေးနွေးပွဲများ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကြာသပတေးနေ့၌ ဆွေးနွေးဟောပြောကြောင်း သိရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဒေါ်မြို့ရီ (ဦးစီးအရာရှိ) မှ အသိပညာပေးဆွေးနွေး ပြောခဲ့ပါသည်။ ဆွေးနွေးရာ၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် အချက်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ရသည့်အချက်များကို အသေးစိတ်ဆွေးနွေးဟောပြောခဲ့ရာ ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

သီပေါမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား မိုးသီးနှံချေးငွေများစတင်ထုတ်ပေး

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ (၁၈) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရပါသည်။

  သီပေါမြို့နယ်၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် နားမခေါ်ကျေးရွာအုပ်စုမှ တောင်သူ(၂၅၉၆)ဦးအား စပါး(၅၀၆၈)ဧက၊ ပြောင်း(၁၁၁၁၉)ဧကစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ ကျပ်(၂၇၉)သိန်းကိုထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ မေလ(၁၈) ရက်နေ့မှ ဇွန်လ(၁၆) ရက်နေ့အထိ ကျေးရွာ(၂၇)အုပ်စုမှ တောင်သူများအား ငွေကျပ်(၁၈၇၂၁)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသောကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများအား နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

   ထိုသို့ထုတ်ချေးပေးရာတွင် စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကာ ၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အကျေပေးသွင်းပြီးသည့်တောင်သူများအား ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ခုနှစ်၊ မိုးသီးနှံချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၏ မန်နေဂျာထံမှသိရှိရပါသည်။

DOCA(ရှမ်း)

                                               

သီပေါမြို့နယ်၊ လူထုအခြေပြုဗဟိုခန်းမတွင် Online Shopping နှင့်ပတ်သက်၍ စားသုံးသူများအား အသိပညာပေး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၉-၆-၂၀၂၃) ရက်နေ့တွင် သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် (၉း၀၀) နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (BookClub)၊ အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့်အချက်များကို အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်နီလာစိုး (ဦးစီးအရာရှိ)က အသိပညာပေးဆွေနွေးပွဲပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်လင်းလင်းထွန်း(ဒုတိယဦးစီးမှူး)က Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများရင်ဆိုင်ကြုံတွေ့ရသည့် အချက်(၇)ချက်တို့ကို အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ရာ Club အဖွဲ့ဝင်များဖြစ်ကြသော ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဆွေးနွေးပွဲတက်ရောက်သူများကလည်း သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ