Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးဆီရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

            မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ၅.၄.၂၀၂၃ ရက်နေ့တွင် မကွေး မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သင်္ကြန်ကာလအတွင်း ဆေးများဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA၊ စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မကွေးမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် မကွေးမြို့ပေါ်ရှိ သီလ၊ သံလွင်၊ မေတ္တာမွန်၊ ပတ္တမြားဆေးဆိုင်၊ ထက်ဆေးဆိုင်၊ ဇီဝက ဆေးဆိုင်၊ ပုလဲ၊ ဖန်ခါးမြေဆေးဆိုင်များနှင့် JDS ဆေးကုမ္ပဏီများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ 

            အဆိုပါအဖွဲ့အနေဖြင့် ဆေးဈေးနှုန်းစာရင်းများကောက်ယူခြင်း၊ ကုမ္ပဏီရောင်းချသောဈေးနှုန်းများနှင့် ကွာခြားမှုရှိ/မရှိ စိစစ်ခြင်း၊  ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

        ဆက်လက်၍ အဆိုပါအဖွဲ့သည် မကွေးမြို့၊ ရန်ပယ်ဈေးရှိ စားသုံးဆီရောင်းချသော ဆိုင်များသို့ လည်း သွားရောက်၍ ရောဆီများပါဝင်မှုအချိုးအဆအတိုင်း လေဘယ်ကပ်၍ ရောင်းချရေး၊ ဆီများရောင်းချရာတွင် သန့်ရှင်းစွာဖြင့် ခင်းကျင်းရောင်းချရေးတို့အား ကွင်းဆင်းစစ်ဆေးခြင်းများ  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

                                                          

စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ် မတ်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၂၆)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)

ညောင်ပင်သာရပ်ကွက်ရှိ “ရာပြည့်” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဒု-ဉီးစီးမှူး ဒေါ်စန္ဒာမွန်နှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်ရှိ “ ရာပြည့် ” မုန့်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ရီမြင့်၏ နေအိမ်သို့ ဧပြီလ ( ၆ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် “ ရာပြည့် ” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ရီမြင့်မှ  ယခုလအတွင်း၌ ကိတ်မုန့်၊ပေါင်မုန့်နှစ်မျိုးကိုသာ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဖောက်သည်ဈေး (၈၀၀ ) ကျပ်မှ ( ၁၆၀၀ ) ကျပ် တန် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အား ( ၁၃ ) ဉီး ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး လစာနှုန်းထားများအနေဖြင့် ( ၅၀၀၀၀ ) ကျပ်မှ (၃၀၀၀၀၀) ကျပ် ခန့် ငှါးရမ်းသုံးစွဲခဲ့ပါသည်။ လုပ်ငန်းဆောင်ရွက်ရမှုအနေဖြင့် စားဝတ်နေရေးအတွက် ပုံမှန်အနေအထားသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မုန့်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများမှာ ဂျုံ(40KG)တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ စားဆီ ( ၁၀ )ပိဿာဝင်တစ်ပုံး ( ၇၈၀၀၀ )ကျပ်၊ သကြားအချိန် ( ၃၀ ) ပါ တစ်အိတ် လျှင် ( ၉၆၀၀၀ ) ကျပ်၊ ကြက်ဥတစ်ပိဿာ ( ၆၇၀၀ ) ကျပ်ပေး၍ လုပ်ငန်းအတွက် ဝယ်ယူအသုံးပြုဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီး အချိန်ပြည့်ရရှိမှုမရှိသဖြင့် ဒီဇယ်၊ ဂက်(စ်)များကို အသုံးပြု၍ လုပ်ကိုင်ရသည့်အတွက် ကုန်ကျစရိတ်များမှာ ယခင်ကထက်နှစ်ဆခန့် ကုန်ကျမှုများ ရှိပါကြောင်း လုပ်ငန်းရှင် ဒေါ်ရီမြင့်မှ ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထိုနောက် စားသုံးသူရေးရာဉီးစီးဌာန၊ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး)မှ မုန့်များပြုလုပ် ထုတ်ပိုးရာတွင်  လက်အိတ်များအသုံးပြု၍ ထုပ်ပိုးမှုများပြုလုပ်ရန်နှင့်  မုန့်ဖုတ်သည့် မုန့်ဖိုများအတွင်း သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်အသုံးပြုလုပ်ကိုင်ရန်နှင့် ဓာတုဆေးဝါး များအသုံးပြုခြင်း လျော့ပါးအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့် နည်းလမ်းများကိုးအသုံးပြု၍ ပြုလုပ်ရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မင်းလှမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံ ဒု-ကြီးကြပ်ရေးမှူး၊ ဦးဝေယံမြင့်အောင်သည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၅.၃.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မင်းလှမြို့ပေါ်ရှိ ကုန်မျိုးစုံအ‌ရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များအား သက်ဆိုင်ရာအစိုးရ ဌာနများမှ တားမြစ်ထားသောကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းလှမြို့နယ် တာဝန်ခံသည် ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် ကုန်အညွှန်အမှတ်အသား ဖော်ပြထားခြင်းမ ရှိသော ကုန်စည်များ‌ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီအ‌‌ရေးယူဆောင်ရွက်ခံ ရမည်ဖြစ်ကြောင်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး အရောင်ဆိုင်ရှင်များနှင့် ဈေးဝယ်ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ (၆.၄.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဝန်ထမ်း(၁၉) ဦး တက်ရောက်ခဲ့ကြပါသည်။

      ရှေးဦးစွာ ဒုတိယပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် သင်္ကြန်ကာလရုံး ပိတ်ရက်အတွင်း အလှူအတန်းပြုလုပ်မည့်သူများနှင့် သာသနာ့ဘောင်ဝင်မည့်သူများ ကြိုတင်သတင်းပို့ရန်၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုံခြုံရေးအထူးဂရုစိုက်သွားကြရန်နှင့် ထူးခြားမှုရှိပါက ဒုတိယပြည်နယ်ဦးစီးမှူးထံ အချိန်နှင့်တပြေးညီသတင်းပို့ရန် ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ တင်ပြဆွေးနွေးတင်ပြဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မင်းတုန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေး (Talk Show)ဟောပြောပွဲ ကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေ ဦးဆောင်သော ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် (၅.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့်ပူးပေါင်း၍  မင်းတုန်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် သုံးစွဲရန်မသင့် ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချမှုရှိ/ မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး  စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်  မြန်မာဘာသာဖြင့်ဖြစ်‌စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန်အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၌ နံနက်(၁၁:၃၀)အချိန်တွင် အသိပညာပေး(Talk Show) ဟောပြောပွဲပြုလုပ်ရာတွင် မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေက ကုန်စည်/ဝန်ဆောင်မှုနှင့် အာမခံချက်ပေးခြင်း အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာတို့၌ ဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၄.၄.၂၀၂၃) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ စျေးလယ်စိုးရပ်၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို မကွေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကား(၁)စီးဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးနေမှုအား မကွေးခရိုင် ဦးစီးမှူးရုံးမှ ဦးအောင်ဖြိုးဝေ (ဒု-ဦးစီးမှူး)၊ ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)နှင့် ဦးလင်းကိုကိုဖြိုး (ရုံးအကူမှူး)တို့မှ သွားရောက်ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။(၄.၄.၂၀၂၃) ရက်နေ့တွင် စျေးကား(၈)စီးဖြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၊ ကင်းရပ်၊ အုတ်ဖိုရပ်၊ စျေးလယ်စိုးရပ်၊ ဝါးတောချောင်း ကျေးရွာ၊ ကံလှ ကျေးရွာ၊ ကံပြားအရှေ့ကျေးရွာနှင့် ဝက်သိုက်ကျေးရွာတို့၌ သွားရောက်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

  ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်ရေး အလေးချိန်ပြည်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကောင်းမွန်အရောင်းစင်တာနှင့် Magway Shopping Mall ၌ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ (၄.၄.၂၀၂၃) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် မကွေးမြို့၊ ကောင်းမွန်အရောင်းစင်တာတွင်လည်းကောင်း၊ (၅.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် Magway Shopping  Mall လည်းကောင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ၊ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာ၌ စျေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်၊ သုံးစွဲရန်မသင့် တားမြစ်ထားသော စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သက်တမ်းလွန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များမရှိစေရေး စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

        မကွေးခရိုင်ဦးစီးမှူးမှ ကောင်းမွန်အရောင်းစင်တာနှင့် Magway Shopping  Mall ရှိ အရောင်းစင်တာတစ်ခုချင်းအလိုက် တာဝန်ယူထားသော ဝန်ထမ်းများအား မိမိတို့တာဝန်ယူထားသည့် ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ၊ သက်တမ်းကျော်လွန် မှုမရှိစေရေး အထူးသတိထားဆောင်ရွက်ပေးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များအား  ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

 

ပဲခူးဈေးကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ဆေးဝါးများရောင်းချစေရေးအတွက် ဈေးကွက်‌စောင့်ကြည့်စစ်ဆေး

     ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မဈေးအတွင်း ရောင်းချနေသော အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်း ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၅.၄.၂၀၂၃ ရက်နေ့တွင် ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ပဲခူးဈေးကြီးအတွင်း ရောင်းချ‌နေသော ဒေါ်ဆွေဆွေခိုင်ဈေးဆိုင်မှ ပဲသွေးများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ နမူနာကောက်ယူ စစ်ဆေးခဲ့ရာတွင်  ဖော်မလင်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ပဲသွေး(၅၀) ကျပ်သားပါ (၁၄) ခုအား အဖွဲ့မှ သိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ၌ဆန်စပါးဥပဒေ (မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန ၊ နတ်တလင်းခရိုင်၌ ဆန်စပါး ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နတ်တလင်းမြို့နယ် ၊ ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ သာစည်ရပ်ကွက် ၊ ရွှေထင်းဘိုးဘွားရိပ်သာခန်းမ၌ (၃.၄.၂၀၂၃) ရက်နေ့ ၊ နံနက် (၇ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနဲ့ လယ်ယာစီးပွားရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာလည်း “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည် ” ဟူ၍ ဦးတည်ချက်ချမှတ်၍ ဆောင်ရွက် လျက်ရှိကြောင်း ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  မိမိတို့ လုပ်ငန်းများရဲ့ လက်ရှိ ပကတိအခြေအနေများနှင့် အခက်အခဲများရှိပါက မည်ကဲ့သို့ ကျော်လွှားရမည်ကို ပွင့်ပွင့်လင်းလင်း ချစ်ကြည်ရင်းနှီးစွာ အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးဇေယျာဆွေက ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တက်‌ရောက်လာသူများက ဥပဒေ(မူကြမ်း)အား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ