Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်အနားတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ချမ်းမြေ့အောင်စည်ရပ်ကွက်သို့ ( ၄.၄.၂၀၂၃ ) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်၌  အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား /သင်တန်းသူ ( ၃၀ ) ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက မိမိတို့ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည်ဆိုပါက ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းဆွေးနွေးရာ မိမိတို့ ထုတ်လုပ်ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင်  ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့်  ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို ထည့်သွင်းဖော်ပြရမည့်အချက်အလက်များကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစွာပထမ အသးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒေါ်ခိုင်ခိုင်ဝင်း (လ/ထညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး  မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်လေးများ ဖြစ်ထွန်းလာစေရန်နှင့် MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ဖွင့်လှစ်ရသော သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှလက်တွေ့ကျကျသင်ကြားသော သင်ခန်းစာ များကို မသိနားမလည်မှုများရှိပါက သင်တန်းနည်းပြများထံသို့ အချိန်မရွှေးဆက်သွယ်မေးမြန်း နိုင်ပါကြောင်း သင်တန်းလာတက်ရသည့် အချိန်များကို အကျိုးရှိအောင် မိမိတို့ဘက်မှလည်း ကျိုးစား၍ သင်ကြားပေးသည့်အတွက်၊ သင်တန်းမှရရှိသော သင်ခန်းစာများနှင့် မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းများဖြင့် ပေါင်းစပ်၍ လုပ်ငန်းငယ်လေးများ စတင်ထူထောင်ကြစေလိုပါကြောင်း၊ ခေတ်စနစ်နှင့်အညီ ပြည်ပမှဝင်ရောက်သော Ready Made မုန့်များတွင် အရောင်ဆိုးဆေးများစွာနှင့် ကလေးသူငယ်များ စားချင်စဖွယ်ဖြစ်အောင် ဖန်တီးထားသော မုန့်များကို ဈေးကွက်များတွင် မြင်တွေ့နေရ၍ ပြည်ပမှဝင်ရောက်သော မုန့်များစားသုံးမှုနည်းလာစေရန် ပြည်တွင်းမှ ကိုယ်တိုင်ပြုလုပ်ပြီး အာဟာရပြည့်ဝတဲ့ မုန့်များကိုဈေးကွက်တွင် ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်ပမှဝင်ရောက်လာတဲ့ မုန့်များဟာလည်း လျော့နည်းလာ မည်ဖြစ်ကြောင်း သင်တန်းမှပို့ချပေးသောပညာရပ်များကို မိမိတို့၏ မိသားစုတစ်ပိုင်တစ်နိုင် လက်တွေ့ဆောင်ရွက်သွားကြစေလိုကြောင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်သည့်လုပ်ငန်းရှင်ကြီးများဖြစ်အောင်လည်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန်အတွက် ( ၂/၂၀၂၃ ) ကြိမ်မြောက် Tursday Talk ကျင်းပဆောင်ရွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၃၀.၃.၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ( ၂/၂၀၂၃ ) ကြိမ်မြောက် Tursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ရာတွင် ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း ( ၇ )ဦး တက်ရောက်ခဲ့ပါသည်။

        အဆိုပါ Tursday Talk အသိပညာပေးဆွေးနွေးပွဲတွင် ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်း ( ဒု-ဦးစီးမှူး ) မှ Mobile Application အသုံးပြုနည်း ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ Tursday Talk အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့သိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းခဲ့ကြပြီး  ဒေါ်သိမ့်သိမ့်ထွန်း ( ဒု-ဦးစီးမှူး ) က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိ”

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် (၄.၄.၂၀၂၃)ရက်နေ့ နံနက်(၀၉:၄၅)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဝါဝင်းစက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်ချနေခြင်းကို စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချိန်အတွယ်မှန်ကန်စွာ ရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်၏ (၃/၂၀၂၃)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

  ရွှေဘိုခရိုင်အနေဖြင့် (၃/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၀.၃.၂၀၂၃)ရက်နေ့တွင် အနောက်ဈေးရပ်၊ အမှတ်(၄) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်သို့လည်းကောင်း၊ ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍  (၁၃.၃.၂၀၂၃)ရက်နေ့တွင် ဝန်တော်အိမ်ရပ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်နှင့် သူဇာရပ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်သို့လည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသည့်မုန့်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပြည့်စုံမှုရှိသည့်အပြင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် တားမြစ်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ခဲ့

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသောဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူများအား မိမိတို့ရသင့် ရထိုက်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုများနှင့် ပတ်သက်၍ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်မည့်နည်းလမ်းများကို သိရှိကြစေရန် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကာ ဆွေးနွေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများနှင့် တာဝန်ဝတ္တရားများအား သိရှိလိုက်နာစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြဌာန်းထားသော ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးဖော်ထုတ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် မိတ်ဖက်ဌာနဆိုင်ရာများအား ဖိတ်ခေါ်၍ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်/ဝန်ဆောင်မှုများသည် စားသုံးသူအတွက်ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ သိရှိစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ စားသုံးသူရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှင်မြန်ချောမွေ့စေရန် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းပို့ချခြင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားလာမှုများအား လက်ခံဖြေရှင်းဆောင်ရွက်ခြင်းများစသည့် လုပ်ငန်းများကို လျာထားချက်များ၊ အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အဆိုပါလုပ်ငန်းများအား လိုက်ပါဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလမှ မတ်လအတွင်း စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခြင်း(၁၄၂)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၃၆၀)ကြိမ်၊ စားသုံးသူရေးရာအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း(၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၃၃၆)ကြိမ်၊ စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပခြင်း(၇)ကြိမ်၊ စားသုံးသူရေးရာလုပ်ငန်းကျွမ်းကျင်မှု သင်တန်းပို့ချခြင်း(၂)ကြိမ်နှင့် စားသုံးသူတိုင်ကြားမှုများအားဖြေရှင်း ဆောင်ရွက်ပေးခြင်း(၃)ကြိမ် စသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ဌာန၏ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသောစားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ထားသောကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ဈေးကွက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသောမိဘပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသောကုန်စည်များကို ဦးစားပေးရောင်းချရန်လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ပါ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြရမည်ဖြစ်သည့်အတွက် ရောင်းချသည့်ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအစည်းအဝေး (၇/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၃၁.၃.၂၀၂၃ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ DICA အစည်းအဝေးခန်းမ၌ကျင်းပရာ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက  အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း  (၁၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    စားသုံးသူရေးရာကော်မတီဥက္ကဌ စီပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင်  စားသုံးသူရေးရာကော်မတီအစည်းအဝေး၌ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှု၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လစဉ်လျာထားချက်များအလိုက် စားသုံးသူကာကွယ်ရေးပညာပေးဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းရှင်အား တွေ့ဆုံပညာပေးဆောင်ရွက်နိုင်မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းဆောင်ရွက်မှုများ ကို လျာထားချက်ထက် ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခြင်းများကို တွေ့ရှိရပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ကျန်းမာရေးရှုထောင့်၊ စားသုံးသူရှုထောင့်၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထုတ်ကုန်များလုံခြုံမှုရှိစေရန် ဘက်ပေါင်းစုံမှ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရမှာဖြစ်ပြီး ကော်မတီအဖွဲ့ဝင်များမှလည်း  အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများသည် နယ်ပယ်ကျယ်ပြန့်သည့်လုပ်ငန်းများဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က ဌာန၏လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အမှာစာ(၈)စောင်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ ၂၀၂၂ခုနှစ်၊ မေလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့သော မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းရလဒ်များမှ  စစ်ကိုင်းတိုင်းဒေသကြီး၏ ရလဒ်အဆင့်များအကြောင်း၊ ယခင်ကျင်းပခဲ့သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)နှင့် (၁/၂၀၂၃)မှ စားသုံးသူရေးရာကော်မတီနှင့် သက်ဆိုင်သောအချက်များအကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း‌ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးတင်ပြရာ တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှလည်း ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထားဝယ်မြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ‌စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာရောင်းချနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့်ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့်အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကယားပြည်နယ်၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာ ဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်လည်းကောင်း ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းရည်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်း ဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်းနှင့် အငြင်းပွားမှုများ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံး လွှမ်းခြုံနိုင်မှု မဆောင် ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးများ၊ တက္ကသိုလ်ကောလိပ်များ ၊ အသက်မွေးဝမ်းကျောင်းများ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ လည်ပတ်လျက်ရှိသည့်ဆီစက်များ၊ စီးပွားရေး လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။

       ၂၀၂၂-၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ဒုတိယ(၆)လပတ်ကာလအတွင်း စားသုံးသူ ကာကွယ်ရေးအသိပညာပေးခြင်းကို ဌာနဆိုင်ရာများတွင်(၃)ကြိမ်၊ တက္ကသိုလ်ကောလိပ်များတွင်(၂) ကြိမ်၊ အသက်မွေးဝမ်းကျောင်းများတွင် (၂)ကြိမ်၊ Online စနစ်ဖြင့် Talk Show (၃)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၆)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၂၀)ကြိမ်၊ ကော်မတီအစည်းအဝေးကျင်းပခြင်း(၂)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၂)ဦး၏ ကုန်စည်အမျိုးအစား(၂)မျိုးအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲ တတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချပါက ဒေသတွင်း စီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)

စက်သုံးဆီရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် (၄-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့ပေါ်ရှိ စက်သုံးဆီရောင်းဝယ်ရေးစီးပွားရေးလုပ်ငန်းရှင်များအား  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က  စက်သုံးဆီရည်ညွှန်းဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုကြရန်နှင့် ဒေသအတွင်းစက်သုံးဆီဖူလုံနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ကန့်သတ်ထားသောအခြားနယ်မြေ‌ဒေသများသို့ တရားမဝင်ရောင်းချဖြန့်ဖြူးခြင်းမပြုရန်‌တို့အား ပြောကြား ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသော စီးပွား‌‌ရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းကိုဖြစ်စေ၊ ပြည်တွင်းသို့တင်သွင်းခြင်းကိုဖြစ်စေ၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း စသည့်အချက်များရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ