Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်း စပါးစိုက်ပျိုးမှုအခြေအနေ

     ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဆင်းသုခစပါးကိုအဓိကထား၍ စိုက်ပျိုးပြီး မိုးစပါးကို ယခုနှစ်တွင် (၁၂၅၃၆၇)ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအချိန်ထိ (၁၂၇၈၆၀)ဧက လျာထားချက်ထက်ပိုမို စိုက်ပျိုးနိုင်ခဲ့ပါသည်။ စပါးစိုက်ပျိုးရာတွင် ယခင်ကြဲခင်းများဖြင့် စိုက်ပျိုးခဲ့၍ ယခုနှစ်တွင် စက်ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်၍ အတန်းလိုက်စိုက်ပျိုးခြင်းတို့ကို အဓိကထား၍ စိုက်ပျိုးနေပါသည်။ ယခင်နှစ်များထက် အထွက်နှုန်းကောင်းစေရန် ကြဲခင်းစိုက်ပျိုးနည်းကိုလျော့၍ စက်ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်၍ အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်တိုးပြီး ပြည်တွင်းစားသုံးဖူလုံစေရန်နှင့် ပြည်ပပို့ဆန်ရရှိရေးအတွက် မျိုးကောင်း/မျိုးသန့်စပါးများရရှိစေရန် စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် ဆောင်းသီးနှံများကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ် ဆန်စက်အသင်းရုံးတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် ဆန်စက် အသင်းရုံးအစည်းအဝေးခန်းမတွင် ၇-ရပ်ကွက်နေပြည်သူ(၃၀)ဦးအား (၂၀.၉.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀) အချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့ကြပါသည်။ 

       ဟောပြောပွဲတွင် စားသုံးသူ‌‌‌ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးက  စားသုံးကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်မှ  စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီအချက်အလက်ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအကြောင်းကိုလည်းကောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက  Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးကိစ္စရပ်များအား သိရှိလိုပါက Consumer Call Center 1535 သို့ဆက်သွယ်၍ ရုံးချိန်အတွင်း မေးမြန်းလေ့လာနိုင်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ ပြန်လည်ဖြေကြားအသိပညာပေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ဇကာကြီး မြို့ကွက်သစ်ရှိ အဆွေတော် နှမ်း/မြေပဲလုံး မုန့်လုပ်ငန်းအား MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့နယ်၊ ဇကာကြီးကျေးရွာ မြို့ကွက်သစ်ရှိ အဆွေတော် နှမ်း/မြေပဲလုံး မုန့်လုပ်ငန်းသို့ သွားရောက်၍  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် (၂၅.၉.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ် ဇကာကြီး၊ မြို့ကွက်သစ်ရှိ ဦးဆန်းအောင်၏ အဆွေတော်မုန့်လုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးရာတွင် မုန့်လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းအဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ပြီး နှမ်းနှင့် ထန်းလျက်ကို ကျိူပြီး ကပ်စေနည်းဖြင့် ညောင်စေးပေါက်အောင် ယိုထိုးပြီး လင်ဗန်းထဲသို့ထည့်ကာ အအေးခံ၍ လိုအပ်သော အပူချိန်သို့ရောက်သောအခါ လက်ဖြင့်လုံးရကြောင်း၊ အလားတူပင်မြေပဲကိုလည်း ကပ်စေနည်းဖြင့် ညောင်စေးပေါက်အောင်ယိုထိုးပြီး လင်ဗန်းထဲသို့ထည့်ပြီး လက်ဖြင့်လုံးပြီး ဗူးခွံထဲသို့ထည့်၍ ရောင်းတန်းဝင်မုန့်အဖြစ်ထုတ်လုပ်ပါကြောင်း၊ မြေပဲ၊ နှမ်းကုန်ကြမ်းများကို ရန်ကုန်ပွဲရုံမှ မှာယူပြီး အသုံးပြုကြောင်း နှမ်းလုံး/မြေပဲလုံး မုန့်ပြုလုပ်ပြီး ကုန်အညွှန်းအမှတ်အသား စားသုံးသူရေးရာဦးစီးဌာနတွင် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ် ပုသိမ် MSMEs ကုန်စည်ပြပွဲတွင်လည်း ဆုရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများက  ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် အခန်း (၁၁) ပါ ကုန်စည်များနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရန်၊ စားသုံးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

“ ဒေါ်ထက် ” ဆိတ်သားခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်တိုးတိုးချွန်နှင့် ဝန်ထမ်း (၁) ဦးသည် စက်တင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “ဒေါ်ထက်” ဆိတ်သားခြောက်လုပ်ငန်း ပိုင်ရှင် ဒေါ်ထက်ထက်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

        ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် “ဒေါ်ထက်” ဆိတ်သားခြောက်လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် မိသားစုလုပ်အားဖြင့် စတင်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် ကျပ်သိန်း (၅၀) ခန့် ရှိကြောင်း သိရှိရပါသည်။

       ကုန်ကြမ်းဖြစ်သော ဆိတ်သားများကို မုံရွာမြို့နှင့် အနီးတဝိုက်ဖြစ်သော ဘုတလင်မြို့၊ ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့များမှ ဝယ်ယူရရှိကြောင်း၊ တစ်ပိဿာ (၁၆၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်) ပေးရကြောင်း၊ ဆိတ်သားခြောက်လုပ်ငန်းကို မိသားစုလုပ်အားအပြင် ဝန်ထမ်း(၄)ဦးဖြင့် လုပ်ကိုင်လျက်ရှိပြီး တစ်ဦးလျှင် တစ်ရက်လုပ်အားခ (၅၀၀၀)ကျပ် ပေးရပါကြောင်း၊ ဆိတ်သား ခြောက်နှင့် ဆိတ်သားခြောက် မီးကင်ဟူ၍ (၂)မျိုး ထုတ်လုပ်ပါကြောင်း၊ ဆိတ်သားအစို တစ်ပိဿာလျှင် ဆိတ်သား အစိမ်းခြောက်(၅၀)ကျပ်သားနှင့် ဆိတ်သားမီးကင် (၃၀) ကျပ်သား ရရှိ ပါကြောင်း၊ တစ်လလျှင် (၂၅)ရက် လုပ်ငန်းလည်ပတ်ပြီး တစ်ရက်လျှင် ဆိတ်သားအစို ပျမ်းမျှ (၃၀ ပိဿာ)ခန့် အသုံးပြုရကြောင်း၊ ဆိတ်သားမီးကင်ရန်အတွက် တစ်နေ့လျှင် မီးသွေးအိတ် (၃)အိတ်  အသုံးပြုရပြီး မီးသွေးတစ်အိတ်လျှင် (၁၀၀၀၀)ကျပ် ပေးချေရကြောင်း၊   ဆိတ်သားခြောက်နှင့် ဆိတ်သားခြောက်မီးကင်များကို  မုံရွာမြို့တွင်းရှိ စားသောက်ကုန် ရောင်းချသည့်ဆိုင်များ၊ ချင်းတွင်း မြစ် အထက်ပိုင်းဒေသများ (ကလေး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဟောင်ပါး)နှင့် တိုင်းပြင်ပဖြစ်သော မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ ကော့ကရိတ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တင်ပို့ရောင်းချရကြောင်း၊ ထို့အပြင် မိမိဒေသထွက် လက်ဆောင်အနေဖြင့် ပေးရန်အတွက်လည်း ရောင်းချရကြောင်း ၊ ဈေးနှုန်းအနေဖြင့် ဆိတ်သားမီးကင်ခြောက် ဘူးကြီး တစ်ဘူး (၁၃၅၀၀)ကျပ်၊ အလတ်တစ်ဘူး (၆၅၀၀)ကျပ်နှင့် အသေး တစ်ထုပ်လျှင် (၃၅၀၀) ကျပ် ရောင်းချရကြောင်း၊ ဆိတ်သားခြောက် တစ်ပိဿာလျှင် (၄၄၀၀၀)ကျပ် ရောင်းချကြောင်း သိရှိရပါသည်။

      ကြုံတွေ့ရသော အခက်အခဲများအနေဖြင့် ကုန်ကြမ်းအဖြစ် အသုံးပြုသောဘူးများ၊ ပလတ်စတစ်အိတ်များ၊ တံဆိပ်ရိုက်ခများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့်လည်းကောင်း၊ အခြား ဒေသများသို့ တင်ပို့ရာ လမ်းခရီးတွင် အချိန်ကြာမြင့်၍ ဆုံးရှုံးမှုများရှိခြင်းကြောင့်လည်းကောင်း၊ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ယခင်ကကဲ့သို့ အရောင်းအဝယ်မဖြစ်တော့ဘဲ လုပ်သားများ အလုပ်လက်မဲ့မဖြစ်စေရန်နှင့် မိမိတို့ ဖောက်သည်မပျက်စေရန်အတွက်သာ လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဌာနမှ ဝန်ထမ်းများကလည်း စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ တွင် ပြဌာန်းထားသော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ၄၁။ (ခ) နှင့်(ဆ) တို့တွင် ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြ ရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၏ (၉/၂၀၂၃)လအတွင်း ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

    ရွှေဘိုခရိုင်အနေဖြင့်(၉/၂၀၂၃)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်း(၁)ဦး ရွှေဘိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ (မိခင်နှင့်ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး)ဆိုင်အားလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ (ဆေးနှင့် ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်)အား လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် စားအုန်းဆီဈေးနှုန်းမှန်ကန်မှုရှိစေရေး ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေးနှင့် ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊ နှမ်းဆီအတု ပြုလုပ်ရောင်းချမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်(၉း၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊လုပ်ငန်းရှင်များ၊ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ စုစုပေါင်း (  ၄၅ )ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီရောက်ရှိမှုနှင့် ဖြန့်ခွဲရောင်းချရာတွင် ဆီများကို ဓာတုကုန်ကြမ်းရောစပ်၍ ပဲဆီ၊နှမ်းဆီအတုပြုလုပ်ရောင်းချမှုမရှိစေရေး လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိန်က တိုင်းဒေသ ကြီးအတွင်း စားအုန်းဆီဖြန့်ခွဲရောင်းချမှု ကြီးကြပ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ တက်ရောက်လာကြသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များကိုယ်စား ဦးတင်ဝင်း(ဆီကုန်သည်)က စားအုန်းဆီရောင်းချနေမှုနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။  အဆိုပါ ဆွေးနွေးမှုအပေါ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအား ဈေးနှုန်း၊ အရေအတွက်မှန်ကန်စေရေး၊ရောဆီစပ်ဆီ၊အနံ့ထည့်ဆီများ ရောင်းချမှုမရှိစေရေး၊ လိုအပ်သည်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို မှာကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂း၀၀)အချိန်တွင် ရုတ်သိမ်း၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၆.၉.၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm web site တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

ကုန်ဈေးနှုန်းစာရင်းများစနစ်တကျနှင့်မှန်ကန်တိကျမှုရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတက်ရောက်

  နေ့စဉ် ကုန်ဈေးနှုန်းစာရင်းများကောက်ယူရာတွင် ဈေးနှုန်းစာရင်းများစနစ်တကျနှင့်မှန်ကန်တိကျမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Zoom Meeting စနစ်ဖြင့် (၃၀-၉-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဗဟိုစာရင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်  တိုင်းဒေသကြီး/ ပြည်နယ်များမှ CSO အဖွဲ့ဝင်များ၊  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အစည်းအဝေးတွင်  ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Online မှ Virtual စနစ်ဖြင့်တက်ရောက်ကြသော တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်နယ်ဦးစီးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ CSO အဖွဲ့ဝင်များက  ကုန်ဈေးနှုန်းကောက်ယူရာတွင် နေ့စဉ် တင်ပြသည့်ဈေးနှုန်းစာရင်းကောက်ယူမှုအခြေအနေများနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှုအခြေ အနေများကို တိုင်းဒေသကြီး/ ပြည်နယ်ဌာနအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များမှ ဖော်ထုတ်ရရှိချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာနနှင့် CSO အဖွဲ့ဝင်များအနေဖြင့် နေ့စဉ် အခြေခံစားသောက်ကုန်ဈေးနှုန်းစာရင်းကောက်ယူရာတွင် ကွဲလွဲချက်များမဖြစ်ပေါ်စေရေးအတွက် အခြေခံစားသောက်ကုန်(၁၄)မျိုးဈေးနှုန်းကောက်ယူသည့် စံသတ်မှတ်ချက်နှင့် ကောက်ယူသည့်ပုံစံ၊ အချိန်၊ ဈေးနေရာသတ်မှတ်ချက်များကို တပြေးညီဖြစ်စေရန်အတွက် ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

    ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ပြည်တွင်းဌာနခွဲတာဝန်၊ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ပြည်တွင်းဌာနခွဲမှဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးအထောက်အကူပြုသီးနှံများ၊ အခြေခံစားသောက်ကုန်ဈေးနှုန်း/ ဈေးကွက်အခြေအနေများကို စာရင်းကောက်ယူပြုစုလျက်ရှိကြောင်းသိရပါသည်။

(DOCA)ကရင်

ပေါင်မြို့ရှိ စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် (၂၈-၉-၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပေါင်မြို့ပေါ်ရှိ မင်္ဂလာဈေးတွင်ရောင်းချနေသော စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ထိုသို့စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချသောစားအုန်းဆီများမှာ သန့်ရှင်းမှုရှိ/မရှိ၊ ဓာတုပစ္စည်းများ၊ အနံ့များရောနှောပါဝင်မှုရှိ/မရှိ၊ အခြားဆီများနှင့်ရောစပ်ရောင်းချမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိသောစားဆီများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော စားဆီများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားဆီများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံအစားအစာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာဖြန့်ဝေပေးရေးသင်တန်ဖွင့်လှစ်

 မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း (၂၀၂၀) ဖြင့်ဆောင်ရွက်နေသော မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်ကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာများဖြန့်ဝေရေးအစီအစဉ်အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော မွန်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံ အစားအစာထုတ်လုပ်ကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာဖြန့်ဝေရေးသင်တန်းကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ (၂၈-၉-၂၀၂၃) ရက်နေ့မှ (၃၀-၉-၂၀၂၃) ရက်နေ့ထိဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ/ သားများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

  အဆိုပါသင်တန်း၌ ပြည်နယ်အတွင်း MSMEs လုပ်ငန်းရှင်များ ထုတ်လုပ်မှုကဏ္ဍများတိုးမြှင့်ထုတ်လုပ်လာနိုင်စေရန်၊ ကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးကွက်နှင့် အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးနိုင်ရန်အတွက် အထောက်အကူဖြစ်စေရန်၊ စံချိန်စံညွှန်းပြည့်မီပြီး ကျန်းမာရေးနှင့်ညီညွတ်သော လူသုံးကုန်၊ စားသောက်ကုန်သစ်များတိုးချဲ့ထုတ်လုပ်လာနိုင်စေရန်နှင့် သွင်းကုန်အစားထိုးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။

   သင်တန်းတွင် မင်းဂွတ်သီး၊ ကြက်မောက်သီးဖျော်ရည်နည်းပညာ၊ ပိန္နဲသီး၊ ဒူးရင်းသီးခြောက်ပြုလုပ်ခြင်း (Freeze Dried တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း)၊ Vaccum-Frying အသီးအနှံခြောက်များပြုလုပ်ခြင်း၊ ကျွဲကောယို၊ ကျွဲကောသီးဝိုင်ထုတ်လုပ်ခြင်းနည်းပညာ၊ ဝါးပါကေးရာဘာသစ်ထုတ်ကုန်ပြုလုပ်သည့်နည်းပညာ၊ အုန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် နည်းပညာများကိုသင်ကြားပို့ချခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ