Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် စားသုံးဆီအတုပြုလုပ်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များတွင် စားသုံးဆီအတု၊ စားအုန်းဆီများအား မြေပဲဆီအနံ့ရရှိစေရန် ရောစပ်ထားသော ဓာတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးဆီအတုနှင့်မြေပဲဆီအနံ့ရရှိစေရန် ရောစပ်ထားသော ဓာတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးမှု မရှိကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား၍ စားသုံးရန်သင့်သည့် ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါပစ္စည်းများ ရောင်းချဖြန့်ဖြူးမှုမပြုလုပ်ရန်အတွက် အသိပညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသည် စက်တင်ဘာလအတွင်း မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံမှု (၁၀)ကြိမ် ပြုလုပ်ခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားများနှင့် သက်ဆိုင်သည့်အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ထားမှုဆိုင်ရာရှင်းလင်းခြင်း စသည့်တို့အား အသိပညာပေးဆွေးနွေး ခြင်းပြုလုပ်ကြောင်း သိရသည်။  

      စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသောဆန်ကုန်သည်အသင်းအဖွဲ့၊ ဆီကုန်သည်နှင့်လုပ်ငန်းရှင်၊ ကြက်သွန်နီရောင်းဝယ်ရေးအသင်းအဖွဲ့၊ NEIမှ တာဝန်ရှိသူများ၊ ကွမ်းသီးအသင်း အဖွဲ့လုပ်ငန်း ရှင်၊ ကျောက်ထုတ်လုပ်လုပ်ငန်းရှင်၊ မုန့်လုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်း ရှင်များနှင့် “ရိုးဝါး” အမှတ်တံဆိပ်တူနှင့် တစ်ရှူးထုတ်လုပ်သည့်လုပ်ငန်းရှင်၊ မွန်ပြည်နယ် ပဲ၊ နှမ်း လုပ်ငန်းရှင်၊ ကွန်ကရစ်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်တို့အား တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့သို့  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်းသည် မွန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းရှင်နှင့်စားသုံးသူများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကာကွယ်ဆောင်ရွက်နေကြောင်း  သိရှိရပါသည်။

DOCA(မွန်)

 

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးသို့ (၂၈.၉.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် မြင်းခြံမြို့ရှိ ငွေလမင်းနှင့် သော်တာထွန်း ပဲကြော်လုပ်ငန်းလုပ်ကိုင်သူများမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဉ်း၍ ခရိုင်ဦးစီးမှူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးမောင်ထူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင် ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ခေါ်ဆိုတာဖြစ်ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များအား သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ် စည်ကမ်းများနှင့်အညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိ၏စီးပွားရေးတိုးတက်ဖို့တစ်ခုတည်းဖြင့် နည်းလမ်းမမှန်မကန်စီးပွားရှာမှုများအား ရှောင်ရှားသင့်ကြောင်း၊ စားသုံးသူအား စိတ်စေတနာ အပြည့်အဝထား၍ နည်းလမ်းမှန်ကန်စွာဖြင့် လုပ်ဆောင်ပါက လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

မင်းဘူးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့် ဝန်ထမ်းများသည်(22.၉.၂၀၂၃)နေ့ နံနက်(09:00)နာရီအချိန်တွင် မင်းဘူးမြို့နယ် အတွင်းရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအနက်မှ မင်းဘူးစကုလမ်းပေါ်ရှိ ဦးအေးလွင် ဆီဆိုင်၊ Special Pump ဆီဆိုင်နှင့် စွယ်တော်ဆီဆိုင်တို့အား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့် တင်ရောင်းချမှုရှိ/မရှိ၊  အချင်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် LED ဆိုင်းပုဒ်များတပ်ဆင် ထားခြင်း ရှိ/မရှိတို့ကို အထူးဈေးကွက်စောင့်ကြည့်သည့်အနေဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးအေးလွင်ဆီဆိုင်၊ Special Pump ဆီဆိုင်နှင့် စွယ်တော် ဆီဆိုင်များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန် ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချနေသည်ကို စိစစ်တွေ့ရှိရပါသည်။ LED ဆိုင်းပုဒ်များတပ်ဆင် ထားပြီး အလေးချိန်အချင်အတွယ်များလည်းမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ (၂၂.၉.၂၀၂၃)ရက် နေ့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ (92)(၁)လီတာလျှင် ကျပ်(၂၃၃၅)၊ (95)(၁)လီတာ လျှင် ကျပ်(၂၄၄၀)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၂၅၉၅)၊ Premium (၁)လီတာလျှင် ကျပ်(၂၆၇၅) ဈေးနှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကွင်းဆင်းလေ့လာသိရှိရပါသည်။

DOCA(မကွေး)

ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) တွင်ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်

   ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စီမံ/ငွေစာရင်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် Virtural  Zoom Meeting စနစ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါသည်။

       အခမ်းအနားတွင် ခေတ္တာညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စီမံ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များစနစ်တကျရှိစေရေး အဖွင့်အမှာစကားပြောကြာပြီး အစီအစဉ်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံရေးရာဌာန၊ ငွေစာရင်းဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းအခြေအနေများကိုရှင်းလင်းတင်ပြ၍ ရှင်းလင်းတင်ပြချက်များအပေါ် စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ငွေစာရင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းကြူတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိချက်များအပေါ် ညွှန်ကြားရေမှူးချုပ်က လိုအပ်သည်များလမ်းညွှန်၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

     အစည်းအဝေးတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တာဝန်ခံအရာထမ်းများအား စီမံရေးရာဌာနခွဲနှင့် ငွေစာရင်းဌာနခွဲလုပ်ငန်းများညွှန်ကြားဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ညနေ (၁၇:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ကရင်)

ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စားသုံးသူကာကွယ် ရေးဆိုင်ရာနှင့်ပတ်သက်၍ (Talk Show) ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)သည် စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခရိုင်ပြန်ကြားရေး နှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဒေါ်သူဇာမြင့်က စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးစို့” ခေါင်းစဉ်ဖြင့်  စားသုံးသူပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန်မည်သည့်စားသုံးကုန်စည်ဖြစ်စေ ကုန်ညွှန်းအမှတ်အသား ပြီးပြည့်စုံစွာ မဖြစ်မနေ ဖော်ပြရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်ဥပဒေ၊နည်းဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အများပြည်သူသိရှိစေရန် ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၂၅)နှင့် ပုဒ်မ(၈၄) ခုပါရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)၊ ပုဒ်မ(၂)မှ အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ ၊ကုန်စည်နှင့်ဝန်ဆောင်မှု၏အဓိပ္ပာယ်၊ အခန်း(၉)မှ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များ၊ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ချင်း)

 

 

 

ချင်းပြည်နယ်တွင် စားသုံးသူကော်မတီအစည်းအဝေး(၈/၂၀၂၃) ကျင်းပပြုလုပ်

    ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၈/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၇/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ်ကြေညာထားသည့် ကုန်ပစ္စည်းများ  ဈေး ကွက်အတွင်းသို့ ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်စည်များ ရှိ/မရှိ စစ်ဆေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ စားသုံးသူပြည် သူအားလုံးအတွက် ပိုမိုကောင်းမွန်သော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများ၊  ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

DOCA(ချင်း)

 

 

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးမှ ခရိုင်ရုံးဝန်ထမ်းများနှင့် မိတ်ဆက်တွေ့ဆုံခြင်း

    စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်သည် ၂၂.၉.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃:ဝဝ) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ မိတ်ဆက်တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါတွေ့ဆုံရာတွင် တိုင်းဦးစီးမှူးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်မှ ဝန်ထမ်းတစ်ဦးချင်းစီနှင့် မိတ်ဆက်ပေးခြင်းနှင့် ခရိုင်ဦးစီးမှူးရုံး၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ပါသည်။

     ထို့နောက်တိုင်းဦးစီးမှူးမှ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်‌ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကြောင်း၊ လျာထားချက်များ ပြည့်မှီအောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်း ဂရုတစိုက်လုပ်ဆောင်ကြရန်နှင့် ဌာနခွဲတစ်ခုနှင့် တစ်ခုချိတ်ဆက်မိစေရန်လိုအပ်ကြောင်း၊ မကြာမီကာလအတွင်း ရာထူးတိုးစာမေးပွဲများနှင့် ဝန်ထမ်းသစ်များခေါ်ယူရန်ရှိကြောင်းနှင့် သတင်း/ဆောင်းပါးများရေးသားမှုကို စွမ်းစွမ်းတမံရေးသားပေးစေလိုကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြနိုင်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ ဝန်ထမ်းအင်အား (၁၈) ဦးနှင့် တွေ့ဆုံခြင်းကို နေ့လယ်(၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

မိုခါဆိုင်ကလုန်းမုန်တိုင်း ‌ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့ခြင်း

    ၂၀၂၃ ခုနှစ်၊ မေလအတွင်းဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၈)ခု၏ ဆန်အိတ် (၃၆၀၀၀) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့နိုင်‌ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်းများသည် ၂၂-၉-၂၀၂၃ ရက်နေ့တွင် ဆန်တင်ပို့ခြင်းလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ စားသုံးဆီများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းသည် မိတ်ဖက်ဌာနများနှင့်အတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ စားသောက်ကုန်စုံ ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချ နေမှုများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်းသိရပါသည်။

      ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံတို့က  ကော့မှူးမြို့မစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များအား ပြည်သူများထံ စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးဆီအမျိုးမျိုး တို့ကိုရောင်းချရာတွင် ကျန်းမာရေးဘေးကင်းလုံခြုံရေးအတွက် သတ်မှတ် စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာ ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ရန်နှင့် စားအုန်းဆီများ ရောင်းချရာတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးအတိုင်း မိမိတို့ မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို လုပ်ငန်းရှင်များအား ပူးပေါင်းအဖွဲ့တွင် ပါဝင်သောဌာနဆိုင်ရာတာဝန်ရှိသူများမှ အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ