Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင်ဦးစီးမှူးသည် ခရိုင်အတွင်းရှိ စပါးကုန်သည်များ၊ စက်ပိုင်ရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင်၊ ဖြူး၊ အုတ်တွင်းနှင့် တောင်ငူမြို့နယ်များရှိ စပါးကုန်သည်များနှင့်ဆန်စက်ပိုင်ရှင်များအား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်များသို့သွားရောက်တွေ့ဆုံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ခရိုင်ဦးစီးမှူးသည် နံနက် (၁၀:၃၀) နာရီအချိန်တွင် ဖြူးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ဖြူးမြို့မှ ဆန်စပါးကုန်သည်နှင့် ဆန်စက်ပိုင်ရှင်(၆)ဦးအားလည်းကောင်း၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အုတ်တွင်းမြို့ရှိ ဆန်စပါးကုန်သည်နှင့် ဆန်စက်ပိုင်ရှင် ၁၇ဦးအားလည်းကောင်း၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် တောင်ငူမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ တောင်ငူမြို့ရှိ ဆန်စပါးကုန်သည်နှင့်ဆန်စက်ပိုင်ရှင် ၁၀ဦးအားလည်းကောင်းတွေ့၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညှိနှိုင်းချက်အရ ပဲခူးတိုင်းဒေသကြီးပြင်ပသို့ စပါးသယ်ယူခြင်းအပေါ်  စိစစ်ကြီးကြပ်ရန်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

     ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာမြို့နယ်များမှ ဆန်စပါးကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များတွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒိုးအင်းကျေးရွာရှိ တောင်သူလယ်သမားများနှင့် မိသားစုဝင်များအားတွေ့ဆုံ၍ အသိပညာပေးဟောပြောခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်စောင့်ကြည့်ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလာမှုတို့ကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံနှင့် ကုန်အညွန်းအမှတ်အသားအတိုင်း လိုက်နာသုံးစွဲသင့်ပုံများကို ဟောပြောဆွေးနွေးခဲ့ ပါသည်။

    ထို့အတူ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးထွန်းတို့ကလည်း သက်ဆိုင်ရာဌာနများအလိုက် ကျေးရွာနေပြည်သူများသိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျေးရွာနေတောင်သူလယ်သမားကြီးများနှင့် မိသားစုဝင် ၇၅ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့၊ ပိတောက်ခင် အ-လ-က(ခွဲ) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ ပိတောက်ခင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများ၊ ကုန်စည်များကိုဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသည့် ကုန်စည်များကို ဦးစားပေးဝယ်ယူသင့်ပုံများ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာသုံးစွဲသင့်ပုံများကို ဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၉၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် ရေတာရှည်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီးများ၌ရောင်းချလျက်ရှိသော သောက်ရေသန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဆက်လက်၍ မြို့နယ်တာဝန်ခံသည် နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည့် စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးခဲ့ပါသည်။ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်များ၊ စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနကဆောင်ရွက်နေသည့် အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် ရေတာရှည်မြို့မှ စာပေဝါသနာရှင် ၁၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် ရေတာရှည်မြိုနယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မြို့လှဈေးနှင့် ဈေးပြင်ပဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

  ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ တရားမဝင်အလှကုန်ပစ္စည်းများနှင့် သက်တမ်းလွန်အလှကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း၊ စားသောက်ကုန်များ၌ ခွင့်မပြုဓာတုဆေးများနှင့် ဖော်မလင်ပါဝင်မှုရှိ/မရှိကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ပူးပေါင်းအဖွဲ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်မိုးအောင်တို့နှင့်အတူ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်းဦးဆောင်သောဝန်ထမ်းများ၊ မြို့လှတိုက်နယ်ဆေးရုံအုပ်  ဒေါက်တာပန်းအိအိသန့်ဦးဆောင်သောဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သက်သက်မွန်ဦးဆောင်သောဝန်ထမ်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာကို Talk Show အစီအစဉ်ဖြင့် အသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့တွင် အုတ်တွင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကြော်ငြာစာထုတ်ပြန်ခြင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများ၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများကိုဆွေးနွေးပြောကြားခဲ့သည်။

    အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်မာနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဘားအံမြို့၊ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ (၇၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

     ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးရှေ့၌  (၇၄) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို (၂၅-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

    ယင်းဆွမ်းလောင်းလှူပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း (   ၅၄   ) ကျောင်းနှင့် သီလရှင်ကျောင်း (   ၁၄   ) ကျောင်းတို့မှ ရဟန်း၊ သီလရှင်  ( ၂၅၀၀ ) ပါးခန့်တို့အား စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများပူးပေါင်းပါဝင်စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၄) ကြိမ်မြောက် သီတင်းကျွတ်လဆန်း (၁၁) ရက်နေ့တွင် ဆွမ်းဆန်လောင်းလှူပွဲကို ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ရှေ့မှ ကမ်းနားလမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ပြီး နံနက် (၀၈:၃၀)  နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

                                                                                           

ကလေးမြို့ (အ.လ.ကခွဲ-၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံရုံးမှ တာဝန်ခံ ဦးစွမ်းရည် (ဦးစီးမှူး) သည်  ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ( ၂၅ ) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌  တမူးမြို့ (အ.မ.က-၅) ကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ( ၂၀ ) ဦး၊ ကျောင်းသား/သူ ( ၂၀၀ ) ဦး၊ စုစုပေါင်း ( ၂၂၀ ) ဉီးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင်  တမူးမြို့(အ.မ.က-၅)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုချစ်က အဖွင့်အမှာစကားပြောကြားပြီး တမူးမြို့နယ်တာဝန်ခံရုံးတာဝန်ခံ ဦးစွမ်းရည် (ဦးစီးမှူး)က ကျောင်းသား၊ ကျောင်းသူများအသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ၊ စားသုံးသူကာကယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကိုသာဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့်နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ် ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို  ဟောပြောဆွေးနွေးခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)                 

ဆိပ်ဖြူမြို့၌ အောက်တိုဘာလတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အမှတ်တံဆိပ်တွင် ပါဝင်ရမည့်အမှတ်အသားများ၊ မြန်မာလိုထည့်သွင်းဖော်ပြရမည့် အချက် အလက်များအား သိရှိစေရန်အတွက် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်နှင့် နေ့လယ် (၁၃:၀၀)အချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ပတ္တမြားဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အသိပညာပေးခဲ့ပါသည်။

  ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက အမှတ်တံဆိပ်များအား နမူနာပြု၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

   ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စီးပွားရေးလုပ်ငန်းရှင်အား လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အား မိမိထုတ်လုပ်ရောင်းချသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်ကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကုန်စည်ပေါ်တွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်သိရှိလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်မည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များပါရှိသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

ကံမမြို့တွင် ပလတ်စတစ် (Campaign)နှင့် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၂၃-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး ကမ်ပိန်း(Campaign) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

       နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ပါဝင်သောအဖွဲ့စုံဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေး ကံမမြို့၊ အမှတ်(၁/၂/၃/၄) ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအ‌ရောင်း ဆိုင်(၅)ဆိုင်များတွင် FDA မှ DRC No. နှင့် Insert ပါရှိခြင်းမရှိသော Parbisure အမှတ်တံဆိပ်ပါ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှလည်းလုပ်ငန်းရှင်များအား တရားမဝင် ဆေးဝါးများကို ဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာ ရောင်းချရန်နှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှု ရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားပြီး ဥပဒေနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

 

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ