Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Myanmar Rice Online(MyRO) ၏ ပထမခြေလှမ်း

   မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများစနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀၀၀ (သို့) ဆန်တန် ၅၀အထက် ဆန်စပါးသိုလှောင်မှုအခြေအနေတို့ကို   ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRO) ဖြင့် မှတ်ပုံတင် နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါးဈေးကွက်တည်ငြိမ်မှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျမှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းစီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် Myanmar Rice Online(MyRO) ၏ Key User Training သင်တန်းကို (၂၃-၁၀-၂၀၂၃) တနင်္လာနေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်မှ ညနေ(၁၇း၀၀)နာရီအချိန်ထိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (အစည်းအဝေးခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ရာ  ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များမှ သင်တန်းသား (၂၅)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြပါသည်။  Key User Training သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက Warehouse Registration User Manual Version No.(2.0) နှင့်ပတ်သက်၍ တက်ရောက်လာကြသူများအား ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါသည်။                    အဆိုပါ လွယ်ကူလျင်မြန်သော ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်ပုံတင်စာရင်းတင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRO) ကို ၂၀၂၃ ခုနှစ်အတွင်း မကြာမီ စတင်အသုံးပြုနိုင်ရေးအတွက် Digital Certificate ထုတ်ပေးနိုင်သည့်ဝန်ဆောင်မှုဖြင့် သိုလှောင်မှုလုပ်ငန်းများစနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့သည့် Myanmar Rice Online (MyRO) ၏ ရည်ရွယ်ချက်ပန်းတိုင်သို့ရောက်ရှိနိုင်မည့် Key User Training သင်တန်း Warehouse Registration User Manual Version No.(2.0) ရှင်းလင်းမိတ်ဆက်ပွဲကို ပထမခြေလှမ်းအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့်  အသေးစိတ်သိရှိလိုပါက www. myro. com. mm သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သင်တန်းဖွင့်ပွဲအခမ်းအနားမှသိရှိရပါသည်။

DOCA(ရန်ကုန်)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

       မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ရတနာမာန်အောင်ရပ် ၊ မိတ္ထီလာမြို့၌“ရိုးမ”  လူသုံး ကုန်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါ ရန်၂၀၂၃ခုနှစ်၊ အောက်တိုဘာလရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       အဆိုပါတွေ့ဆုံမှုအရ “ရိုးမ”  လူသုံးကုန်လုပ်ငန်းတွင် ဆံပင်သန်လက်ဖက်ပေါင်းတင်ဆီ၊ ပျော့ဆေးမလို တရော်ကင်မွန်းခေါင်းလျော်ရည်များအား ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်း အမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာအမိန့်ကြေငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတွဲလျှက်ရှိစေဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန်တင်ပြလာမှုအပေါ် ကူညီ ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍  ဈေးကွက် အတွင်း၌ Parbisure (IV/HN Injection) ဆေးဝါးနှင့် (Composition & Strength) ဘူးခွံ design ဆင်တူပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်တရားဝင်ဆေးဝါး မှတ်ပုံတင် ခွင့်ပြုDRC No. နှင့်  Insert ပါရှိခြင်းမရှိသာ Parbisure အမှတ်တံဆိပ်ဆေးဝါးများ ရောင်းချမှုမရှိ စေရေးအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ ဆေးဆိုင်(၃၅)ဆိုင် အားကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရား မဝင်တင်သွင်း ဖြန့်ချိလျက်ရှိသည့် Parbisure အမှတ်တံဆိပ်(IV/HN Injection) ဆေးအား ရောင်းချ မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စားအုန်းဆီဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးကွင်းဆင်းကြပ်မတ်

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ နံနက် ( ၀၈:၃၀ ) နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် ဂါလံလီတာပြည့်မီမှု ရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့်ဆန်ရောက်ရှိမှုစိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အောက်တိုဘာလ(  ၁၆  ရက်နေ့မှ  ၂၀  အထိ)နေ့အထိ စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿာလျှင် ( ၄၂၇၅  ) ကျပ်အပေါ်အခြေခံ၍ အရောင်းဈေးထပ်ပေါင်းပြီး တစ်ပိဿာလျှင်( ၄၈၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

  ထို့ပြင်စားအုန်းဆီများရောင်းချရာတွင် အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီ ရောင်းချလျက်ရှိသော လက်လီအရောင်းဆိုင်(၁၁)ဆိုင်နှင့် ဈေးကား(၂)စီးတို့အား မြေပြင်အခြေအနေ ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

 

 

လွိုင်ကော်မြို့၊ဌာနဆိုင်ရာရုံးများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း( ၃ )ဦးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ ဝန်ထမ်းစုစုပေါင်း ( ၂၀ )ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စားသုံးသူများအနေဖြင့် မိမိတို့ရရှိပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိထားရန်လိုအပ်ကြောင်း၊ အဆိုပါ အခွင့်အရေးများကို စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေအရ အကာအကွယ်ပေးထားကြောင်း၊ အခွင့်အရေးများရှိသကဲ့သို့ စားသုံးသူများ လိုက်နာရမည့် တာဝန်များလည်းရှိပါကြောင်း၊ ကုန်အညွန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှ ဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းနိုင်ပါ ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ပြည်နယ်လွှတ်တော်ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး မေးမြန်းခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရန် ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၄၄) ဦး နှင့်  တွေ့ဆုံဆွေးနွေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။  

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးဦးမြင့်အောင်က စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဖြန့်ဖြူးရောင်းချရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်ပါကြောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ် ဖြစ် သော ပိဿာ/ ကျပ်သားတို့ဖြင့်သာ တိကျစွာဖော်ပြရမည် ဖြစ်ပါကြောင်း၊ စားအုန်းဆီအား ချိန်ခွက်ဖြင့် ရောင်းချရာတွင် ဒေသအရောက်အရင်း ဈေးပေါ်တွင်(၂) ရာခိုင်နှုန်းထက် မပိုသော နှုန်းထားဖြင့်သာရောင်းချရမည်ဖြစ်ကြောင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကုန်စည်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ ညွှန်ကြားချက် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ပြီး  အဆိုပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များလည်း ရယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်များနှင့် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ကယား)

ပေါ်ဆန်းစပါး/ဆန်များ သိုလှောင်ရောင်းဝယ်ရာတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆောင်ရွက်ရေး အစည်းအဝေးပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၄.၁၀.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်အသင်းဥက္ကဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌ၊ ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီးဆန်ကုန်သည်နှင့် လုပ်ငန်းရှင်များတက် ရောက်ခဲ့ပြီး ပေါ်ဆန်းစပါး / ဆန်များ သိုလှောင်ရောင်းဝယ်ရာတွင် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့ပါသည်။ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြိးဦးစီးမှူးက ဆန်စပါးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်များ   ၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ ဆန်ကုန်သည်လုပ်ငန်းရှင်များအား ဆန်ဈေးကွက်တည်ငြိမ်ရေး၊ ဆန်ဈေးနှုန်းမြင့်တက်စေရန် သိုလှောင်ထားရှိမှု မဖြစ်ပေါ်စေရေးတို့ အတွက်သတ်မှတ်ထားသည့် လအလိုက် ရည်ညွှန်းဈေးနှုန်းသိရှိစေရန် ရည်ရွယ်၍ ညှိနှိုင်း အစည်းအဝေးကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း မိမိတို့ဌာနအနေဖြင့် ယခုခေါ်ယူဆွေးနွေးသည့် သတင်း အချက်အလက်နှင့် အခြေနေများကို မိမိတို့ဌာနရုံးချုပ်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်သဖြင့် တက်ရောက်လာသည့် ဆန်လုပ်ငန်းရှင်များအနေ ဖြင့် ယခုလက်ရှိအခြေနေများကို ဆွေးနွေးပေးကြပါရန်နှင့် မိမိတို့ဘက်မှ ပြည်တွင်းဈေးကွက်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီတိုင်းဘက်မှ ထွက်ရှိသည့်ပေါ်ဆန်းများသည် ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချမှုနှင့် ပြည်တွင်းစားသုံးသူများအနေနှင့် ဆန်အဟောင်းများကို ကြိုက်နှစ်သက်၍ သိုလှောင်ရောင်းချမှုများကို ဆွေးနွေးပေးပါရန် နှင့်ဆွေးနွေးချက်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

       ဆက်လက်၍ဆန်ကုန်သည်အသင်းမှ ဆွေးနွေးရာတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် မိုးစပါးများ လှိုင်လှိုင်မပေါ်သေးသော်လည်း ဆန်ဈေးနှုန်းကျဆင်းနေ ပါကြောင်း၊သီတင်းကျွတ် ပြီးနောက်ပိုင်း ဆန်ဈေးနှုန်းအနေနှင့် ပိုမိုကျဆင်းနိုင်ကြောင်း ရွှေဘိုပေါ်ဆန်းအနေနှင့် ဈေးမကျဘဲ သတ်မှတ်ဈေး ထက် မြင့်နေသည်ကို တွေ့ရှိရပါကြောင်း မန္တလေးမြို့တွင်ရွှေဘိုပေါ်ဆန်း ယခုပေါက် ဈေးအနေဖြင့် တအိတ်လျှင် ၁၄၅၀၀၀ကျပ်ဝန်းကျင်ရှိပြီး၊   ရွှေဘိုပေါ်ဆန်းများမှာ ဒီဇင်ဘာလမှ စတင်ထွက်ပေါ်ပြီး ဇန်နဝါရီလတွင် လှိုင်လှိုင်ရိတ် သိမ်းမည်ဖြစ်ကြောင်း၊ ယခုလတ်တလော ဈေးနှုန်းများနှင့် MRFမှ သတ်မှတ်သည့် ဈေးနှုန်းများနှင့် ပတ်သက်၍ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို ယခုတက်ရောက်လာ သည့် ဆန်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ယခုလတ်တ‌ေလာ ဖြစ်ပေါ်နေသော ဈေးနှုန်းနှင့်ဆန်သစ် ထွက်ပေါ်လာချိန် ဈေးနှုန်းဈေးကွက်များနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ဝိုင်းဝန်း ဖော်ထုတ် ၍ MRF နှင့် စားသုံးသူရေးရာဦးစီးဌာနတို့အား တင်ပြပေးမည်ဖြစ်ပါကြောင်း ဆွေးနွေး ခဲ့ပြီး နေ့လည် ၁၂:၀၀နာရီ အချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

အုတ်တွင်းမြို့နယ်၊ အ-ထ-က ညောင်ခြေထောက်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်

  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ခရိုင် ၅၀တို့တွင် (၂၀၂၃-၂၀၂၄) စာသင်နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်ပေးခဲ့ရာ တောင်ငူခရိုင်တွင်လည်း စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းကို အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် အခြေခံပညာအထက်တန်းကျောင်း၌ တွဲလျက်ဖွင့်လှစ်ထားပါသည်။ စတင်ဖွင့်လှစ်သည့် ယခုစာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူ ၂၇ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့တွင် ညောင်ခြေထောက် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၇ဦးအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မွေးမြူရေးဆိုင်ရာဘာသာရပ်ကို လက်တွေ့သင်ကြားပေးခဲ့ပြီး အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာရှိ “လင်း”ဥစားကြက်မွေးမြူရေးခြံ၌ ဥစားကြက်မွေးမြူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကြက်ဥထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် တိရစ္ဆာန်အစာများဖြစ်သော နေဗီယာမြက်များစိုက်ပျိုးထားရှိမှိုကို လက်တွေ့ကွင်းဆင်းသင်ကြားပြသပေးကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးကျင်းပသည့် ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့် သင်တန်းများသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အခါအားလျော်စွာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျင်းပသည့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့တက်ရောက်လာသည့် ဖြူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၃၂ဦးအားလည်းကောင်း၊ အောက်တိုဘာလ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် စာစီစာကုံးပြိုင်ပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ ၂၈ဦးအားလည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခဲ့ပါသည်။

    ဟောပြောပွဲများတွင် ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသောက်ကုန်များအပါအဝင် ကုန်စည်များကိုဝယ်ယူရာ၌ ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသင့်ပုံများ၊ ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံများကို ဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့၊ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ရေတာရှည်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် စက်သုံးဆီများ အလေးချိန်နှင့်ဈေးနှုန်းမှန်ကန်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပလတ်စတစ်ပုံးဖြင့်ရောင်းချမှုမပြုရေး၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်ပြီး ရေတာရှည်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော လှဂုဏ်ရည်၊ အောင်မေတ္တာ၊ ဟန်ဝင်းအောင်နှင့် Petro K၊ Pyae, Petro 7 နှင့် Kyaw San အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ