Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့၊ လင်းလင်းဇော် ပဲမုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSME လုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်

    ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ်(၁၇)ရပ်ကွက်၊ ပုလဲလမ်းရှိ တစ်နိုင်တစ်ပိုင်မုန့်များထုတ်လုပ်ရောင်းချနေသည့် လင်းလင်းဇော် ပဲမုန့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် လင်းလင်းဇော် ပဲမုန့်လုပ်ငန်းမှ ပဲမုန့်နှင့် အခြားဆီကြော်မုန့်များ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချနေမှုကို ကွင်းဆင်းလေ့လာစိစစ်ခဲ့ပါသည်။ ပဲမုန့်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများအနေဖြင့် (သကြား၊ ဂျုံ၊ ပဲ၊ ကြက်ဥ၊ ဆီ၊ ရေသန့်)ဖြစ်ပြီး တစ်ရက်ထုတ်လုပ်မှုဘူးအရေအတွက်မှာ (၇၀၀) ဘူးခန့်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ်မူတည်၍ နေ့စဉ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အခြေအနေပေါ် မူတည်၍ ဒေသအတွင်းနှင့် ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

      ထို့နောက် တာဝန်ခံက ထုတ်လုပ်သည့်ကုန်စည်များနှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုလည်း ကုန်စည်ထုပ်ပိုးမှုအပေါ်တွင် စနစ်တကျထည့်သွင်းဖော်ပြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သော အသားတုများအား ဘားအံမြို့တွင် အဖွဲ့စုံဖြင့်ဖျက်ဆီး

    တရားဝင်တင်သွင်းခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသောကြောင့် သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး၍ အမှုဖွင့်ထားသော ကုန်စည်များမှ ပုပ်သိုးပျက်စီးလွယ်သော အသားလုံး အသားတုများအား အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သောအဖွဲ့စုံဖြင့် ဘားအံမြို့ ထန်းကိုးပင် သုဿာန်တွင် ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ဆောင်ရွက်ရာတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံထုတ် အသားလုံး/အသားတုမျိုးစုံ ၅၀ကီလိုပါ အိတ် ၄၀ အတွက် ၂၄၀၀၀၀၀/ကျပ်တန်ဖိုးရှိပစ္စည်းများကို ၁၈-၁၀-၂၀၂၃ ရက်နေ့တွင် လည်းကောင်း၊ ထိုင်းနိုင်ငံထုတ် အသားလုံး/အသားတုမျိုးစုံ ၅၀ကီလိုပါ  ၂၇အိတ်အတွက် ၂၀၂၅၀၀၀/ကျပ်တန်ဖိုးရှိပစ္စည်းများကို ၁၉-၁၀-၂၀၂၃ ရက်နေ့တွင်လည်းကောင်း အဖွဲ့စုံဖြင့် စနစ်တကျဖျက်ဆီးခဲ့ကြောင်း သိရသည်။

     အေးခဲသားအပါအဝင် အသားလုံး/အသားတုများတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိခြင်းနှင့် သက်ဆိုင်ရာဌာနများတွင် စိစစ်ခံမှုများမရှိဘဲ မြတီနယ်စပ်ရှိ တရားမဝင် ဂိတ်ပေါက်များ တရားမဝင်တင်သွင်းလာခြင်းဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု ပပျောက်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တရားဝင်တင်သွင်းခွင့် အထောက်အထားမပါရှိသော ကုန်စည်များနှင့် စားသောက်ကုန်များကို  ပြည်နယ်/ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများရွေးချယ်ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ Consumer Call Center No. (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၂၀.၁၀.၂၀၂၃) ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊ ဥပဒေ အခန်း(၂)၊ပုဒ်မ(၃) ပုဒ်မခွဲ(က)မှ(ဇ)ထိ ဥပဒေ၏ ရည်ရွယ်ချက်(၈)ချက်၊ အခန်း(၉)၊ ပုဒ်မ(၁၉)ပါစားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် ပုဒ်မ(၂၀)ပါ စားသုံးသူ၏တာဝန်(၄)ချက်။ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများ နစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့၊ မြို့မဈေးကုန်မျိုးစုံဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မြို့နယ်တာဝန်ခံက ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့၊ မြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ စသည်တို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။ ထို့ပြင် သက်ဆိုင်ရာအစိုးရဌာနများကသတ်မှတ်ထားသောအချက်အလက်များနှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ T.T.A ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဖျာပုံမြို့၊ T.T.A ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် တာရှည်ခံဆိုးဆေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သောမုန့်များကို ဝယ်ယူစားသုံးခြင်းမပြုကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ လူမှုကွန်ရက်မှဖြစ်စေ တိုင်ကြားနိုင်သည့်အပြင် Consumer Call Center No. (1535) သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ အားကစားခန်းမတွင် သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အားကစားသင်တန်း တက်‌ရောက်သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဆွေး‌နွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ အားကစားသမား သင်တန်းသား(၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကျိုက်လတ်မြို့ ၊ အမှတ်(၆) အ.မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊အောက်တိုဘာလ (၂၀) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အမှတ်(၆) အ.မ..က ကျောင်းရှိ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၀၁) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက တားမြစ်ဆိုးဆေးများ ၊တာရှည်ခံဆိုးဆေးများအသုံးပြုထားသော ကုန်စည်များကိုဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များကိုဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များဖြစ်သည့် အသားလုံး/အသားချောင်းများကိုဝယ်ယူစားသုံးခြင်းမပြုကြရန်၊ အစားအသောက်များကိုဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm Website နှင့် Consumer Call Center No. (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

   ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီလိုက်နာ ဆောင်ရွက်ကြရန် ၊ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မိုးညှင်းမြို့နယ်၊လယ်မှီးကျေးရွာအတွင်းရှိ စားသုံးသူများအား အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် ၂၄.၁၀.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံး (CICC)သို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းတို့ကို သိရှိလိုပါက ဦးစီးဌာန၏ Website လိပ်စာဖြစ်သော www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှု့ လေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ