ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါးစိုက်ဧက ၅သိန်းသုံးသောင်းကျော် စိုက်ပျိုးပြီး၊ ဆင်းသုခစပါး ၂၄၁၀၀၇ ဧက၊ ဧရာမင်းစပါး ၁၀၁၆၀၃ ဧက၊ မနောသုခစပါး ၇၂၂၂၆ ဧက၊ ရွှေဝါထွန်းစပါး ၄၃၂၂၄ ဧက၊ စဝါနာ စပါး ၃၇၀၅၁ ဧက ၊အင်းမရဲဘော် စပါး ၁၃၂၂၉ ဧက၊ ငစိန် ၁၂၈၆၈ ဧက စိုက်ပျိုးပြီး၊ မှော်ဘီ-၂၊ ထိုင်း ၉၀၊ ပခန်းရွှေဝါစသည့် အခြားစပါးမျိုးများ ကိုလည်း ဧကထောင်ဂဏန်းဝန်းကျင် စိုက်ပျိုးသည့်ဒေသ ဖြစ်သည်။ တစ်ခရိုင်လုံးတွင် ဆင်းသုခစပါး ကို ဧကနှစ်သိန်းကျော်စိုက်ပျိုးပြီး၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ (၆) မြို့နယ်လုံးစိုက်ပျိုးသည့်အတွက် ဆင်းသုခ ဇုန် ဟု ခေါ်ဆိုနိုင်သောဒေသလည်း ဖြစ်ပါသည်။
ဈေးကွက်တွင်လည်း ဆင်းသုခ စပါးဈေးကိုသာ အဓိကထား ဈေးဖွင့်ကြပြီး ဆင်းသုခ စပါးနှင့်ဆန်ကို အလေးထား အရောင်းအဝယ်ပြုကာ ဒုတိယအနေဖြင့် ဧရာမင်းစပါးအုပ်စုဖြစ်သည့် ခြံဧရာ၊ လှဌေး(ရှယ်)၊ ရိုးနီ စသည့်စပါးများကိုအရောင်းအဝယ်များသော ဒေသလည်းဖြစ်ပါသည်။ မတ်ပဲ သီးထပ်စိုက်ပျိုးသောဒေသဖြစ်သည့်အတွက် သက်လတ်မျိုးဖြစ်သော ဆင်းသုခမျိုးကို စိုက်ပျိုးကြ ခြင်းလည်းဖြစ်သည်။ ဟင်္သာတခရိုင်တွင်၊မိုးစပါးစိုက်ပျိုးရာ၌ ဆင်းသုခစပါးကို ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၁၄၂၆၈၅ ဧက၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၀၂၆၀၃ဧက၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၄၁၀၀၇ ဧကထိ တိုးတက်စိုက်ပျိုးလာပြီး စိုက်ပျိုးရာတွင်လည်း ထွန်ခင်းထက် ၊ ကြဲခင်း စနစ်ကို အများဆုံး အသုံးပြုစိုက်ပျိုးလာကြပါသည်။ နွေစပါးစိုက်ပျိုးရာတွင်လည်း ဟင်္သာတတခရိုင်လုံး နွေစပါး စိုက်ဧက ၃၈၀၀၀ ကျော်တွင် ဆင်းသုခစပါး စိုက်ဧကမှာ ၉၀၀၀ ခန့်ရှိပါသည်။
ဆင်းသုခစပါးသည် လက်ရွေးစင်အထွက်တိုးအုပ်စုဖြစ်ပြီး၊ ၂၀၀၉ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ ပြီး အပင်အသက်ရက် ၁၃၅-၁၄၀ ရက်ရှိပါသည်။ ဆန်ရည်ဆန်သားမှာ ကြည်လင်ပြီး၊ ဆန်စေ့ အလျားမှာ ၆.၂၈ မီလီမီတာ၊ အနံမှာ ၂.၁၄ မီလီမီတာရှိပြီး၊ အလျားအနံအချိုးမှာ ၂.၉၃ ရှိသည့် အတွက် Medium-Grain အမျိုးအစားဖြစ်ကာ၊ သင့်တင့်သော စားသုံးမှုအဆင့်အတန်းရှိသည့် စပါး မျိုးဖြစ်ပါသည်။
စပါးမျိုးတခုတည်းကို ဧကများစွာစိုက်ပျိုးသည့်အတွက် စပါးပေါ်ချိန်တွင် တပြိုင်တည်းပေါ် ပြီး၊ရိတ်သိမ်းရာတွင်လည်း ရိတ်ခြွေစက်ဖြင့်ရိတ်သိမ်းပြီး၊ ရာသီကလည်းသိုလှောင်ရန်မသင့်သေး သည့်အတွက် တောင်သူမှ ကွင်းအတွင်းပင် ကုန်သည်၊ ပွဲစား၊ စက်ပိုင်တို့ ထံရောင်းချကြသည့်၊ မိုးစပါးကောက်စောပေါ်ချိန် ၂၀၂၁ ခုနှစ် အောက်တိုဘာ လဆန်းတွင် ဟင်္သာတခရိုင်၌ ဆင်းသုခ စပါး (၄၆)ပေါင်၊ တင်း ၁၀၀လျှင် ၊ အစိုဓာတ် ရာခိုင်နှုန်း ၁၄-၂၀ ကြား၊ စက်အရောက်ဈေး ငါးသိန်းလေးသောင်းကျပ်ဈေးပေါက်ပြီး၊ ဆင်းသုခဆန်(အလတ်စ) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်ဈေးပေါက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ကောက်စောပေါ်ချိန်တွင် စပါးတင်း (၁၀၀) ၄၆၀၀၀၀ကျပ်၊ ဆင်းသုခ ဆန်(အလတ်စ) ၁၇၅၀၀ ကျပ်၊ ၂၀၂၀ ခုနှစ်တွင် စပါးတင်း(၁၀၀) ၅၂၀၀၀၀ ကျပ်၊ ဆင်းသုခဆန် (အလတ်စ) ၂၁၀၀၀ ကျပ် ဈေးများ နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ၊ မိုးစပါးကောက်စောပေါ်ချိန်တွင် တောင်သူတို့ ဈေးကောင်းရသောနှစ်လည်းဖြစ်ပါသည်။
ဟင်္သာတခရိုင်၏ ၂၀၂၁ ခုနှစ်မိုးစပါးပေါ်ချိန်သည် အောက်တိုဘာလဆန်းမှာစ၍ ၊ စပါး တစ်တင်း(၄၆)ပေါင်၊ အစိုဓာတ်ရာနှုန်း (၁၄-၁၆)၊ တင်း (၁၀၀) ဈေးမှာ အောက်တိုဘာလကုန်တွင် ခြောက်သိန်းကျပ်၊ နိုဝင်ဘာလကုန်တွင် ခြောက်သိန်းလေးသောင်းကျပ်၊ ဒီဇင်ဘာကုန်တွင် ခြောက် သိန်းငါးသောင်းကျပ်၊ ၂၀၂၂ခုနှစ် ဇန်နဝါရီ (၂၃) ရက်နေ့တွင် စပါး တင်း(၁၀၀) စက်အရောက်ဈေး ခြောက်သိန်းခုနှစ်သောင်းကျပ်ရရှိနေသောကြောင့် တောင်သူတို့ တွက်ချေ ကိုက်အဆင်ပြေသော ဈေးနှုန်းကိုရရှိလျက်ရှိပါသည်။ တောင်သူတို့ဈေးကောင်းကို ပိုမိုရရှိရန်အတွက် ကောက်စောစပါး ပေါ်ချိန် အောက်တိုဘာလဆန်းတွင် ဒေသအလိုက် အခြောက်ခံစက်များလိုအပ်ပြီး အခြောက်ခံသိုလှောင် ရောင်းချနိုင်လျှင် တောင်သူတို့ ပိုမို တွက်ချေကိုက်မည် ဖြစ်ပါသည်။
ဆင်းသုခဆန်သည် ထမင်းကောင်းသောဆန်ဖြစ်သည့်အတွက် အထက်စ(Double Polish, Colour Sorted)ကြိတ်ခွဲ၍ ဒေသတွင်းစားသုံးပြီး၊ အထက်အညာဒေသို့လည်းတင်ပို့ရောင်းချကြ ပါသည်။ ဧည့်မထ ၂၅ မှတ်ဆန်များ ပြည်ပတင်ပို့ရန်ရောင်းချရာတွင်လည်းတန်းဝင်သည့်အတွက် ဈေးကွက်ကောင်းမွန်ပြီး၊ အကျိုးအမြတ်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်လည်းဖြစ်ပါသည်။ ဆင်းသုခ ဆန်ဈေးမှာလည်း ၂၀၂၀ ခုနှစ် ကောက်စောပေါ်ချိန် အောက်တိုလမှစ၍ ဆင်းသုခ ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၁၀၀၀ကျပ်ဈေးမှ ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးချိန် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ တွင် ၂၇၀၀၀၊ ၂၈၀၀၀ ကျပ်ဈေးထိ မြင့်တက်အရောင်းအဝယ်ဖြစ်သဖြင့် ဆန်ဆိုင်များ၊ ဆန်သိုလှောင် ရောင်းဝယ်သူများအတွက်ပါ တွက်ချေကိုက်အကျိုးရှိစေပြီး ၊ စားသုံးသူပြည်သူများအတွက်ပါ သင့် တင့်သောဈေးဖြင့် အရည်အသွေးမှီ စားဆန်ကို ဝယ်ယူစားသုံးနိုင်သည့်အတွက် ဟင်္သာတခရိုင်တွင် နှစ်စဉ်စိုက်ပျိုးဧကတိုးတက်လာခြင်းလည်းဖြစ်ပါသည်။
ဟင်္သာတခရိုင်သည် ယခင်က ဒေသမျိုးသက်လတ်စပါးများကို စိုက်ပျိုးပြီး၊ ဆောင်းသီး နှံမတ်ပဲကို အလေးထား၍ စိုက်ပျိုးကြသဖြင့် ၊ စပါးအရင်း၊မတ်ပဲအမြတ်ဟု တောင်သူတို့ စွဲမှတ် လုပ်ကိုင် လာရာမှ ဆင်းသုခစပါးမျိုးကဲ့သို့ သက်လတ် ထွက်နှုန်းကောင်းမျိုးများကို ပြောင်းလဲ စိုက်ပျိုး လာကြသဖြင့် စပါးမှာ လည်းအမြတ်ထွက်၊ မတ်ပဲမှာလည်းအကျိုးရှိသဖြင့် စနစ် တကျ လုပ်ကိုင်သော လယ်သမားများအဖို့ ဝင်ငွေတိုးစေမှာပဲဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ် လျော့ချနိုင်ရေး ဆောင်ရွက်ခြင်း၊ သွင်းအားစု နှင့် ပိုးသတ်ဆေးများ စနစ်တကျအလေလွင့်နည်းစွာသုံးစွဲခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမှီ ထုတ်ကုန် များထုတ်လုပ်နိုင်ပြီး၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်သည့် ဟင်္သာတခရိုင်၏ တောင်သူများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။
DOCA(ဧရာဝတီ)