Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာမြို့နယ် မျှစ်ခြောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ကသာမြို့နယ်၊ အင်းတော်သွားသည့် ကားလမ်းနဘေးတွင် တည်ရှိသော ဒေါ်နန်းခင်အုန်း(နရိန္ဒရာ ကုမ္ပဏီ)၏ မျှစ်ခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

      စက်ရုံတည်နေရာမှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် တည်ရှိပြီး ကသာမြို့နယ်တွင် လုပ်ငန်းခွဲကြီးကြပ်သူအဖြစ် ဝါးစိုက်ပျိုးရေး အကြံပေးပညာရှင် ဦးမြင့်ဟန်မှ ဆောင်ရွက်ကြောင်း၊ ဝန်ထမ်း(၃)ဦး အလုပ်သမား(၁၆)ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ မျှစ်ခြောက်ပြုလုပ်ရာတွင် ဝါးဘိုး ဝါးကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ဝါးဘိုးဝါးမျှစ်ပြုတ်ပြီး (၆၀၀၀၀)ပိဿာကျော်အား တောပြစ်တစ်ပိဿာ (၅၀၀) ကျပ် နှင့် လုပ်ငန်းခွင်သို့အရောက် (၆၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ဝယ်ယူခဲ့ရကြောင်း၊ ဝယ်ယူရရှိသော ဝါးဘိုးဝါး မျှစ်ပြုတ်များကို ဝါးခြင်းအတွင်း ပလပ်စတစ်ခံပြီး ၎င်းအတွင်းသို့ ဝါးမျှစ်ပြုတ်အလွှာများ ကို အစီအရီထည့်ပြီး ပလပ်စတစ်ကို လေလုံအောင်ထိပ်မှစီးပြီး (၃)လခန့်ထားရကာ ယခု ပွင့်လင်း ရာသီ နိုဝင်ဘာလ၊ ဒီဇင်ဘာလမှစ၍ နေနှင့်တိုက်ရိုက်မထိတွေ့စေဘဲ ဝါးမျှစ်ပြုတ်အလွှာ များကို စင်ပေါ်တင်၍ ပလပ်စတစ်အကြည် ဖုံးအုပ်ကာ နေလှမ်းရပါကြောင်း၊ ဝါးဘိုးမျှစ်အစို တစ်ပိဿာ နေလှမ်းပါက ၈ ကျပ်သားမှ ၁၀ ကျပ်သားအထိ အခြောက်တင်ကြောင်း၊ ရရှိလာသော မျှစ်ခြောက် များကို ထုတ်ပိုးပြီး နေပြည်တော်၊ တပ်ကုန်းရှိ မျှစ်ခြောက်ကုန်ချောစက်ရုံသို့ပို့ကာ စက်ရုံတွင် ပြန်လည် သန့်စင်ခြင်း၊ အရည်အသွေး ခွဲခြားခြင်း၊ Packing (ထုပ်ပိုးခြင်း) တို့ ဆောင်ရွက်ပြီး ပြည်တွင်းသို့လည်းကောင်း ပြည်ပ(ဂျပန်)သို့ တင်ပို့ရောင်းချကြောင်းနှင့် မြန်မာ့မျှစ်ခြောက်မှာ နိုင်ငံ တကာဈေးကွက်တွင် ဈေးကွက်အခြေအနေကောင်းလျှက်ရှိကြောင်းနှင့် မျှစ်ခြောက် (value added) ထုတ်လုပ်သည့် စက်ရုံတစ်ရုံသာရှိသေးကြောင်း သိရှိရပါသည်။

      ဆက်လက်၍ နရိန္ဒရာကုမ္ပဏီမှ ကသာခရိုင်အတွင်းဝယ်ယူသော ဝါးဘိုးဝါးမျှစ်များမှာ သဘာဝ တောတောင်များမှ ထွက်ရှိသောမျှစ်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် ဝါးဘိုးဝါးမှ ထွက်ရှိ သော ဝါးမျှစ်ခြောက်သာ ဈေးကွက်ဝင်ပြီး ဝါးမျှစ်များကို ပြုပြင်၍  ကုန်ချောထုတ်လုပ်ရာတွင် မည် သည့် ဓါတုဆေးဝါးမှ မပါဘဲ ထုတ်လုပ်ရကြောင်း၊ ဓါတုဓါတ်ကြွင်းပါဝင်ပါက ဈေးကွက်ပျက်နိုင် သဖြင့် သတိထားလုပ်ဆောင်နေရကြောင်း၊ နရိန္ဒရာကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မပျက်စီးစေရန် မြန်မာနိုင်ငံတစ်ဝှမ်း ဝါးစိုက်ခင်းများ ထူထောင်ထားပြီး ကသာခရိုင်တွင် လည်း ကုမ္ပဏီပိုင် ဝါးစိုက်ခင်း (၃၅၀)ဧကနှင့်အထက်ရှိပြီး မြန်မာပြည် ဝါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကာ ဝါးစိုက်ခင်းထူထောင်လိုသူများအား ဝါးပျိုးပင် များရောင်းချပေးခြင်း၊ နည်းပညာပေးခြင်း၊ ဝါးမှ အခြေခံထုတ်လုပ်သည့် ပရိဘောဂများ(value added) များ လုပ်ကိုင်တတ်စေရန် ကျေးလက်ဦးစီးဌာနနှင့် ပူးပေါင်း၍ သင်တန်းများ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိလာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိကြကြောင်း ဆွေးနွေးပြောကြား သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ဆောင်းကြက်သွန်နီ(ပျိုးတောင်)တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

     ၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြောင်မြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာရှိသော ဒေသတွင်းထုတ်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်လျှက်ရှိသော မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာရှိ ကြက်သွန်စိုက်တောင်သူများအား သွားရောက်တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ ကြော့မင်းကျေးရွာတွင် ကြက်သွန်နီသီးနှံအား စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း၊ ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် မိမိကိုယ်တိုင် စိုက်ပျိုးရန် အတွက် ပျိုးထောင်သလို ပြန်လည်ရောင်းချရန် ရည်ရွယ်၍ ပျိုးထောင်သူများရှိကြောင်း၊ စုစုပေါင်း ကနဦး မတည်ရင်းနှီးငွေ ကျပ်(၈)သိန်းကျော်ခန့်ဖြင့် ရင်းနှီးမြှုပ်နှံထားရကြောင်း၊ ကြက်သွန်နီ(တစ်တင်း)ပျိုးထောင်လျှင် ပျိုးဘောင်(၆၄) ဘောင်ထွက်ရှိ၍ ကုန်ကျစရိတ်အနေဖြင့် (၉)သိန်း ကျော် ကုန်ကျမှာဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ၁၆၀ဝ၀ဝ၀ (တစ်ဆယ့်ခြောက်သိန်း) ဝင်ငွေရရှိနိုင်သည့်အတွက် အသားတင် အကျိုးအမြတ် အနေဖြင့် (၇) သိန်းခန့်ရရှိနိုင်ကြောင်း ဆွေးနွေးသိရှိရပါသည်။ လက်ရှိ ကြုံတွေ့နေသည့် အခက်အခဲစိန်ခေါ်မှုများအနေဖြင့် ဝယ်လက်များ လာရောက်ဝယ်ယူမှု နည်းပါးခြင်း၊ ယခင်နှစ်များတွင် နောင်ချို၊ မေမြို့နှင့် အခြားမြို့များမှ ကျေးရွာ အရောက် ကွင်းဆင်းဝယ်ယူခြင်းများ ရှိခဲ့သော်လည်း ယခုကိုဗစ်ကာလအတွင်း အသွားအလာ ကန့်သက်ချက်များကြောင့်  ဝယ်ယူမူ နည်းပါးလာကာ မိမိတို့ ပျိုးထောင်တောင်သူများအနေဖြင့်လည်း အခြားဒေသများသို့ သွားရောက်ရောင်းချခြင်းများ မပြုလုပ်နိုင်သဖြင့် ထိုက်သင့်သော အကျိုးအမြတ်မရရှိခြင်း၊ မိမိတို့ကျေးရွာတွင် ကြက်သွန်စိုက်ဧက (၂၅၀) ခန့်ရှိပြီး ကြက်သွန်နီ စိုက်တောင်သူ(၁၅၀)ဦးခန့်ရှိကြောင်း လက်ရှိ အခြေအနေတွင် ပျိုးပင်များပိုမည်ဟု ခန့်မှန်းရကြောင်း၊ တချို့တောင်သူများအနေဖြင့် အခြားဒေသများသို့ မြေနှီး၍ သွားရောက် စိုက်ပျိုးနေပြီး ကျေးရွာတွင် ယခင်နှစ် ကြက်သွန်နီအချိန် (၃၀ဝ၀ဝ)ခန့် တောင်သူများ လက်ဝယ်တွင်ရှိသေးကြောင်း တောင်သူများအနေဖြင့် ဈေးကွက်စောင့်ရင်း စောင့်ရင်းနှင့် ကြက်သွန်နီအဟောင်း တစ်ပိဿာ (၂၅၀) ကျပ်ခန့်သာရှိကြောင်း ကြက်သွန်နီ စိုက်ပျိုး လုပ်ထုတ်တောင်သူများထံမှသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပြောင်းဈေးကွက်ကောင်းမရ၍ နေကြာဆီ ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးလျက်ရှိ

          ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ တောင်သူများသည် ပြောင်း ဈေးကွက်ကောင်း မရရှိသဖြင့် အချိန်တိုအတွင်း တွက်ချေကိုက်သော နေကြာဆီသီးနှံများအား အစားထိုးစိုက်ပျိုးလာကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမျိုးစေ့ဌာနရုံးမှ ချိတ်ဆက်မှာယူ၍ တောင်သူများထံသို့ လက်ဝယ်ရောက်ဖြန့်ချိပေးနေကြောင်း သိရပါသည်။ မျိုးစေ့မှာ ရေဆင်းစပ်မျိုးဖြစ်ပြီး ကျောက်မဲမြို့နယ်တွင် နေကြာဆီသီးနှံ စိုက်ဧကမှာ မိုးနေကြာ(၁၈၀)ဧကနှင့် ဆောင်းနေကြာ(၈၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံတစ်ဧက ခန့်မှန်းကုန်ကျစရိတ်မှာ (၂၅၀၀၀၀)ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာ တစ်ဧက လျှင်(၃၀)တင်း၊ ပိဿာအားဖြင့် တစ်ဧကလျှင်(၃၈၀)ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ရောင်းဈေးမှာ တစ်ပိဿာလျှင် (၁၂၀၀)ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းရရှိကြောင်းသိရပါသည်။ ထို့ကြောင့် နေကြာဆီတစ်ဧကလျှင် (၄၆၅၀၀၀)ကျပ် ဈေးရရှိ၍ အကျိုးအမြတ်တစ်ဧကလျှင် (၂၀၀၀၀၀)ကျပ် အမြတ်ရရှိသောကြောင့် ပြောင်းသီးနှံထက် နေကြာဆီသီးနှံများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

          ထွက်ရှိလာသောနေကြာဆီများကို ဆီစက်လုပ်ငန်းရှင်များအသင်းသို့ တိုက်ရိုက်ရောင်းချနိုင် ရန်အတွက် ကျောက်မဲစိုက်ပျိုးရေးဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါ သည်။ နေကြာဆီသီးနှံကို တစ်နှစ်လျှင် နှစ်သီးစားအဖြစ် စိုက်ပျိုးလာကြသဖြင့် တောင်သူများ အတွက် အကျိုးအမြတ်ဖြစ်ထွန်းပြီး ဝင်ငွေကောင်း၍ တွက်ချေကိုက်သော သီးနှံများဖြစ်ကြောင်း၊ ဈေးကွက်ရှာဖွေစရာမလိုသောကြောင့် ပြောင်းအစား နေကြာဆီသီးနှံကို အစားထိုးစိုက်ပျိုးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်တွင်ပဲပုတ်သီးနှံ၏ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

      အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာထဲမှာ ပဲပုတ်သီးနှံဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ပဲပုတ်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေး တိုင်းတို့မှာ အများဆုံးစိုက်ပျိုးပြီးချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှအပ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များ မှာ အနည်းငယ်စိုက်ပျိုးပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာဆိုရင် ပဲပုတ်(မိုး)နဲ့ ပဲပုတ်(ဆောင်း)ဆိုပြီး တစ်နှစ်လျှင်(၂)ကြိမ် စိုက်ပျိုးပါတယ်။ ပဲပုတ်(မိုး)ကို ဇူလိုင်လ မှ ဩဂုတ်လ ထိ စိုက်ပျိုးပြီး စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ရိတ်သိမ်းပါတယ်။ ပဲပုတ်(ဆောင်း)ကို စက်တင်ဘာလနဲ့ အောက်တိုဘာမှာ စိုက်ပျိုးပြီး ဒီဇင်ဘာလနဲ့ ဇန်နဝါရီလမှာ ရိတ်သိမ်းတယ်လို့ သိရှိရပါတယ်။

          ပဲပုတ်သီးနှံဟာ အပူချိန်(၂၀° မှ ၄၀°) အကြားနဲ့ မိုးရေချိန်(၂၄ မှ ၆၀) လက်မအကြားမှာ အောင်မြင်ဖြစ်ထွန်းပါတယ်။ မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး မြေဆွေးပါဝင်မှုများသောမြေ၊ ဖွယ်သောမြေ၊ ရေမဝပ်သောမြေနဲ့ သဲဆန်သောမြေတို့မှာ အများဆုံးဖြစ်ထွန်းပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးတဲ့ ပဲပုတ်အမျိုးအစားတွေကတော့ သက်လျှင်မျိုး(SB-60)၊ သက်လတ်မျိုး(SB-45)၊ သက်ကြီးမျိုး ရေဆင်း(၁)၊ ရေဆင်း(၆) (၁၁)(၁၄)နဲ့ ဒေသမျိုးတို့ပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်(တောင်ပိုင်း)မှာပဲပုတ်ကို မိုးနဲ၊ တောင်ကြီး၊ လဲချား၊ ရွာငံ၊ ဆီဆိုင် တို့တွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ပဲပုတ်စိုက်ပျိုးမှုမှာ ၂၀၁၈-၁၉ ခုနှစ်တွင် (၇၀၄၀၉)ဧက၊ ၂၀၁၉-၂၀ ခုနှစ်တွင် (၆၅၀၆၇)ဧက စိုက်ပျိုးခဲ့ပါတယ်။တစ်ဧကလျှင် ပျမ်းမျှ(၁၉)တင်းနှုန်းခန့်ထွက်ရှိ ပြီး တစ်တင်းရောင်းဈေးမှာ (၂၂၀၀ဝိ/-)ကျပ်ခန့်ရရှိကြောင်း စုံစမ်းသိရှိရပါတယ်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ထွက်ရှိတဲ့ ပဲပုတ်များကို ရိုးရာအစားအသောက်များ၊ ပဲနို့ ရည်၊ အသားတု၊ ပဲပုတ်ခြောက်၊ တို့ဟူးဆီ၊ မုန့်မျိုးစုံတို့မှာ အသုံးပြုကြပြီး ဒေသတွင်းပိုလျှံတဲ့ ပဲပုတ်များကို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ပြီး အခြားမြို့များရှိ ပဲပြားစက်ရုံများသို့လည်း တင်ပို့ လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။

          ယခုနှစ်တွင် ကပ်ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အစီအမံများချမှတ်ဆောင်ရွက် လျှက်ရှိရာ ရှမ်းပြည်နယ်ရဲ့ စီးပွားရေးအပေါ်သက်ရောက်မှုများစွာရှိနေကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်၏ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့သည့်လုပ်ငန်းကိုပါ သက်ရောက်မှုရှိလာသောကြောင့် တောင်သူများနဲ့ ရောင်းဝယ်သူများ အတွက် အခက်အခဲအချို့ကြုံတွေ့ရကြောင်း စုံစမ်းလေ့လာသိရှိရပါတယ်။

ရှမ်းပြည်နယ်(တောင်ကြီး)

လိမ္မော်သီး စိုက်ပျိုးနည်းနှင့် ဈေးကွက်အခြေအနေ

        လိမေ္မာ်သည် နိုင်ငံအများစုတွင် ငှက်ပျောနှင့်ပန်းသီးပြီးနောက် အများဆုံးစိုက်ပျိုးကြသော ရှောက်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်တယ်လို့ သိရှိရပါတယ်။ လိမ္မော်သီးမျိုးစိတ် အများအပြားရှိသည့် အနက် ထင်ရှားတဲ့လိမ္မော်မျိုးသုံးမျိုးရှိပါတယ်။ ပထမတစ်မျိုးမှာ အချိုမျိုး၊ ဒုတိယတစ်မျိုးမှာ ကမ္ဗလာသီးခေါ် လိမ္မော်သီး အငယ်စားဖြစ်ပြီး တတိယတစ်မျိုးမှာ လိမ္မော်ယိုပြုလုပ်ရတဲ့ အခါးမျိုးတို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ထူးလိမ္မော်ခြံ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာနှင့် ကျောက်တလုံးကြီးမြို့ ထီခေါင်းကျေးရွာစသည်တို့တွင် လိမ္မော်ပင်များ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှထွက်သောလိမ္မော်သီးတွေဟာ အငယ်စားမျိုးဖြစ်၍ လိမ္မော်သီးနှင့် ကမ္ဗလာသီးဟူ၍ နှစ်မျိုး နှစ်စားရှိပါတယ်။ လိမ္မော်သီးဟု အများခေါ်နေကြတဲ့အသီးမှာ လိမ္မော်ခွံပွမျိုး ဖြစ်ပြီး ကမ္ဗလာသီးမှာ ခွံကျစ်မျိုးဖြစ်ပါတယ်။ လိမ္မော်ပင် စိုက်ပျိုးရာတွင် အရေးကြီးဆုံးမှာ ရာသီဥတု ဖြစ်ပါတယ်။ ရေမြေရာသီဥတုသည် အပင်ဖြစ်ထွန်းမှု၊ အသီး အပွင့်ဖြစ်ထွန်းမှု၊ ပိုးမွှားရောဂါ ဒဏ်ခံ နိုင်မှုတို့တွင် စိုက်ပျိုးသည့်မျိုးထက် အဓိကကျပါတယ်။ စီးပွားဖြစ် စိုက်ပျိုးလိုလျှင် ရေမြေရာသီဥတု ကိုက်ညီသောမျိုးကို ရှာ၍သော်လည်းကောင်း၊ စိုက်ပျိုးလိုသော မျိုး နှင့်ကိုက်ညီသော ရေမြေရာသီ ဥတုကို ရှာ၍သော်လည်းကောင်း စိုက်ပျိုးသင့်ပါတယ်။

      လိမ္မော်ကို ဖေဖော်ဝါရီလနှင့် မတ်လတွင် ပျိုးထောင်ပြီး ဇူလိုင်လနှင့် ဩဂုတ်လများတွင် ပင်မစိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြပါတယ်။ အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ထွက်ရှိပါ တယ်။ နှစ်ရှည်သီးနှံဖြစ်၍ စတင်အသီးခူးပြီးသည့်နှစ်မှစ၍ နောက် ၄ နှစ် (သို့) ၅ နှစ်အထိ ခူးဆွတ် နိုင်ပါတယ်။ မျိုး၊ စိုက်ပျိုးတဲ့ ရာသီဥတု၊ အပင်ထိန်းသိမ်း ပြုစုနိုင်မှု၊ မြေဩဇာ ကျွေးမှုတို့အပေါ် မူတည်ပြီး သက်တမ်းကွာခြားပါတယ်။ လိမ္မော်ပင်ကို စီးပွားရေးဖြစ်  သက်တမ်းနှစ် ၂၀ မှ ၂၅ အထိ စိုက်ပျိုးလျက်ရှိပါတယ်။ လိမ္မော်ပင်သည် ပူအိုက်သော ရာသီဥတုတွင်လည်းကောင်း၊ ချမ်းအေးသော ရာသီဥတုတွင်လည်းကောင်း ပေါက်ရောက်နိုင်သော်လည်း ပူအိုက်သောရာသီဥတုရှိသည့်ဒေသတို့မှ ရရှိတဲ့ လိမ္မော်သီးတို့မှာ အနံ့/ အရသာ/ အသွေးအရောင်မှစ၍ အနည်းငယ်ချွတ်ယွင်းပျက်ပြယ် တတ်သောကြောင့် ချမ်းအေးသောရာသီဥတုရှိတဲ့ဒေသတို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့် လျော်ဆုံးဖြစ်ပါတယ်။

       လိမ္မော်ကို ရေကောင်းစွာ စီးဆင်းသော မြေပွနှင့် နုန်းဆန်သည့်မြေများသည်  စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သော်လည်း ရေဝပ်သောမြေ၊ စိမ့်ကိုင်သောမြေတို့တွင် အပင်မဖြစ်ထွန်းနိုင်ပါ။ သို့ရာတွင် မြေဖွာခြင်း၊ စေးခြင်းတို့ကို နွားချေး၊ သစ်ဆွေးမြေဩဇာထည့်ပေးခြင်းတို့ဖြင့် ပြုပြင်နိုင်ပါ တယ်။ အပင်အသီးဖြစ်ထွန်းမှုအတွက် နေ့ညပျမ်းမျှအပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်၊ ၁၂.၈ ဒီဂရီစင်တီ ဂရိတ်နှင့် အများဆုံး အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်၊ ၃၇.၈ ဒီဂရီစင်တီဂရိတ်ခန့် လိုအပ်ပြီး ပျမ်းမျှ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်၊ ၂၁.၁ ဒီဂရီစင်တီဂရိတ်မှ ၉၀ ဒီဂရီဖာရင်ဟိုက်၊ ၃၂.၂ ဒီဂရီစင်တီ ဂရိတ်အတွင်း စိုက်ပျိုးရန် သင့်တော်ပါတယ်။ မြေဆီလွှာအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ရှိ သော ခြောက်သွေ့သောရာသီဥတုသည် အပင်၏အမြစ်ကြီးထွားမှုအတွက် ကောင်းမွန်ပြီး သီးနှံ ကြီးထွားမှု အကောင်းဆုံးဖြစ်ရန်ဆိုပါက ခြောက်သွေ့ပြီး ၇၅ စင်တီမီတာမှ ၂၅၀ စင်တီမီတာအတွင်း ရှိသော မိုးရေချိန်နည်းပါးသည့်နွေရာသီသည် အသင့်တော်ဆုံးအခြေအနေဖြစ်ပါတယ်။ သီးနှံအထွက် ကောင်း မွန်ရန်အတွက် သီးနှံကြီးထွားစဉ် ကာလတလျှောက်လုံး ကောင်းမွန်သောအပူချိန်ကို ထိန်းသိမ်းရန် လိုအပ်ပြီး အပူချိန်မလုံလောက်လျှင် အသီးမချိုခြင်း၊ တာရှည်အပူချိန် မလုံလောက်လျှင် အသီးရင့် မှည့်မှု ပုံမှန်မဖြစ်နိုင်ခြင်း၊ တာရှည်စွာအပူချိန်များနေလျှင်လည်း အသီးမသီးနိုင်ခြင်း၊ ပူပြင်းခြောက် သွေ့သောရာသီတွင် အသီးများ နေလောင်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ ရေခဲမှတ် အောက်တွင် ၃ နာရီ ၄ နာရီသာခံနိုင်သောကြောင့် ဆောင်းတွင်း အအေးဒဏ်ခံနိုင်စေရန်အတွက် ၃ လခန့် ကြိုတင်ပြီး နိုင်ထရိုဂျင်ပါသော မြေဩဇာများကို မထည့်သင့်ပါ။ အပူချိန်နှင့် အစိုဓါတ်တို့အပေါ် မူတည်၍ အပင်ကြီးထွားခြင်း၊ အသီးကြီးခြင်း၊ အသီးပုံစံပြောင်းခြင်း၊ အသီး၏ အနံ့/ အရသာ ပြောင်း ခြင်း၊ အသီးအရည်ရွမ်းခြင်း၊ အသီးခွံ နူးညံ့ချောမွတ်ခြင်း၊ အသီးအခွံ ထူခြင်း/ ပါးခြင်းတို့ ဖြစ်ပေါ်သော ကြောင့် ပူပြီးစိုစွတ်သောနေရာတွင် အပင်ပိုမိုဖြစ်ထွန်းပါသည်။ သီးနှံ အကြီးစား (သို့) စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဟု ရည်ရွယ်ပါက မြေဆီလွှာ၏ သင့်တော်မှုနှင့် စိုက်ပျိုးဖြစ်ထွန်းနိုင်မှုတို့ကို သိရှိနိုင်ရန် မြေဆီလွှာစမ်းသပ်ချက်လုပ်ဆောင်သင့်ပါတယ်။ 

       မြန်မာနိုင်ငံတွင် လိမ္မော်သီးသည် မျိုးနှင့် ရာသီဥတုပေါ်မူတည်ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အသီးများကို စတင်ဆွတ်ခူးကြပါတယ်။ အသီးခွံသည် ရာသီဥတုအေးလျှင် အဝါဖျော့၊ အဝါရင့်ရောင်ရှိလာသဖြင့် အသီးမှည့်/ မမှည့် ခွဲခြားရန် လွယ်ကူသည်။ အရသာကို စားကြည့်ခြင်းဖြင့်သာ ဆုံးဖြတ်၍ ရနိုင်တယ်လို့ သိရှိရပါတယ်။ အသီးခူးရာတွင် တစ်လုံးချင်း စနစ်တကျခူးမှသာ အပင်လည်းမနာ၊ အသီးလည်းမနာပဲ ဈေးကောင်းရနိုင်သောကြောင့် စနစ်တကျ ခူးဆွတ်ပြီး ခြင်းကြားများတွင်ထည့်၍ ထိခိုက်မှုမရှိအောင် ကိုင်တွယ်ခြင်း၊ သယ်ယူခြင်းများကို ပြုလုပ်သင့်ပါတယ်။

        ဒေသတွင်း လိမ္မော်သီးကို ၁ ပိဿာလျှင် (ကြီး) ၁၈၀ဝ ကျပ်၊ (လတ်)  ၁၂၀ဝကျပ် မှ ၁၅ဝဝကျပ်၊ (သေး) ၁၀၀ဝကျပ် တို့ဖြင့် အသီးအရွယ်အစားအပေါ်မူတည်၍ ၁၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ ရောင်းချကြပြီး ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် စသည့် မြို့များသို့ အများဆုံး တင်ပို့ကြပါတယ်။ လောလောဆယ်အနေနဲ့ကတော့ COVID – 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်နေတာကြောင့် ယခင်နှစ်များထက် ဈေးကွက်ကန့်သတ်ချက်များနေပါတယ်။ ဒေသလိမ္မော်သီးကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသော်လည်း ပြည်ပမှလိမ္မော်သီးတင်သွင်းမှုများ ရှိနေတာကြောင့် ဒေသအသီးများ ဈေးနှုန်း တည်ငြိမ်ခြင်းမရှိကြောင်း သိရပါတယ်။ 

         ရှမ်းပြည်နယ်(တောင်ပိုင်း)အနေနဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် စိုက်ဧက ၁၁၀၆၂ ၊ ရိတ်ဧက ၉၆၂၂ ရှိပြီး ၁၁၆၁၃၈၆၄၈ စုစုပေါင်းထွက်ရှိပါတယ်။ တစ်ဧကအထွက်နှုန်းမှာတော့ ၁၂၀၇၀.၁၂ စိုက်ပျိုး ထွက်ရှိကာ ပထမနှစ် စတင်စိုက်ပျိုးသည့်အချိန် တစ်ဧကကုန်ကျ စရိတ်မှာ ၁၂၀၀၀၀ဝိ/-၊ တစ်ဧက ဝင်ငွေ ၉၆၀၀၀ဝိ/- ရှိပြီး၊ တစ်ဧကအကျိုးအမြတ်အနေနဲ့ (-)၂၄၀၀၀ဝိ/- ဆုံးရှုံးပြီး၊ နောက်နှစ်များ တွင် ကုန်ကျစရိတ်နည်းပါးလာကာ အနည်းငယ်အကျိုးအမြတ်ရရှိလာပါတယ်။ နှစ်ရှည်သီးနှံဖြစ်သည့် အလျောက်တစ်နှစ်နဲ့တစ်နှစ်မှာ တစ်ဧကကုန်ကျစရိတ် ကွာခြားမှုအနည်းငယ်ရှိတယ်လို့ သိရပါ တယ်။

          လက်ရှိအချိန်တွင်လိမ္မော်သီးထွက်သည့် ရာသီချိန်ဖြစ်သော်လည်း ပြည်ပမှ တင်သွင်းလာ သည့် လိမ္မော်သီးများ ဈေးကွက်တွင်နေရာယူလူကြိုက်များလာခြင်းကြောင့် ဒေသတွင်းလိမ္မော်သီးများ ဝယ်လိုအားနည်းနေကြောင်း သိရပါတယ်။ ယခင်က ကုန်စည်များ ပုံမှန်စီးဆင်းနေသော်လည်း COVID – 19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေး အစီအမံများကြောင့် ဈေးကွက်အခြေအနေမှာ အရင်ထက်အကန့်အသတ်ရှိနေတယ်လို့ သိရှိရပါတယ်။  ပြည်ပမှ ပျားလိမ္မော်များ၊ လိမ္မော်သီးများနှင့် အခြားသစ်သီးဝလံများ တင်သွင်းလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင် များကလည်း မြေလွတ်မြေရိုင်းများဖော်ထုတ်၍ ပျားလိမ္မော်သီးများ စိုက်ပျိုးလာခြင်း၊ ရာသီပေါ်ချိန် အတွင်းသာရောင်းချခြင်းနှင့် တောင်သူများသည်လည်းလိမ္မော်သီးနှံထက် အကျိုးအမြတ်၊ အလားအလာပိုရှိသော အခြားသီးနှံများ အစားထိုးစိုက်ပျိုးထားကြခြင်းကြောင့် စီးပွားဖြစ်လိမ္မော်စိုက်ပျိုးမှု နည်းပါးလာ ပါတယ်။

      နှစ်ရှည်သီးနှံဖြစ်သော်လည်း နှစ်စဉ်ပြုစုထိန်းသိမ်းစရိတ် ကြီးမားခြင်း၊ ရေသွင်းပေးနိုင်မှသာ အသီးထွက် အားကောင်းခြင်း၊ ဂရုတစိုက်ပြုစုနိုင်မှသာ အသီးရရှိနိုင်ခြင်း၊ အပင်သက်တမ်း( ၇ )နှစ်    ( ၈ ) နှစ် အရွယ်ရောက်ချိန်တွင် သီးအားကျဆင်းခြင်း/ လုံးဝအသီးမထွက်ခြင်း၊ ကိုင်းခြောက်ရောဂါ ဖြစ်ဖြင်း၊ မှိုရောဂါများခြင်းတို့ကြောင့် စိုက်ဧကမှာ တိုးတက်လာခြင်းမရှိဘဲ နည်းပညာလိုအပ်ချက် များကြောင့် လိမ္မော်တန်ချိန်မှာလည်း ထွက်သင့်သလောက်မထွက်ခြင်းများနှင့် ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ လိုအပ်တဲ့ လိမ္မော်ပင်များသည် အခြားသီးနှံများ ထက် ရောဂါကျရောက်မှုများခြင်းတို့ကြောင့် ရွက်ဖျန်းမြေဩဇာ၊ ရွက်ဖျန်းပိုးသတ်ဆေး၊ ရွက်ဖျန်း မှိုသတ်ဆေးတို့ကို ပိုမိုအသုံးပြုပေးရပြီး ဓါတုဆေးသုံးစွဲမှုများပြားခြင်းကြောင့် ပြည်ပသို့ တင်ပို့သည့် အခါမှာ အခက်တွေ့နိုင်တာကြောင့် ရှမ်းပြည်နယ်မှာ အခြားထုတ်ကုန်တွေလိုပဲ လိမ္မော်သီးကို ဩဂဲနစ်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ သဘာဝနည်းနဲ့ စနစ်တကျစိုက်ပျိုးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီထုတ်လုပ်နိုင်မှသာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရှမ်းပြည်နယ်(တောင်ကြီး)

 

ရှမ်းပြည်နယ်တွင်အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

      အစေ့ထုတ်ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့တင်ပို့ရောင်းချရန်   အတွက်အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြောင်းဟာ အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍  မြေ အနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ကသာအဓိကထား အများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ်တွင်ပြောင်းကို ဧက(၇)သိန်းဝန်းကျင်ခန့်စိုက်ပျိုး၍ တန်ချိန်၁၁သိန်းကျော်ထွက်ရှိခဲ့ပါတယ်။

    အစေ့ထုတ်ပြောင်း ကို မိုးရာသီမှာလည်း မိုးပြောင်းအနေနှင့် ဆောင်းရာသီမှာလည်း ဆောင်း အပြောင်းအနေနှင့် စိုက်ပျိုးတာ တွေ့ရပါတယ်။ အချို့ဒေသများတွင် ပြောင်းကို မိုးရာသီ ဧပြီလမှ မေလကုန်အထိ စိုက်ပျိုးပြီး ဆောင်းရာသီတွင် အောက်တိုဘာလတွင် စိုက်ပျိုးကြကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ကတော့ အစေ့ထုတ်ပြောင်းများကို ဩဂုတ်လတွင် စိုက်ပျိုးကြပြီး တစ်ဧကမှာ ပြောင်းမျိူးစေ့ထုပ် ၅ ကီလိုထုပ်တစ်ထုပ်ကို ထွန်ယက်မျိုးစေ့ချ စိုက်ပျိုးကြပြီး အများဆုံးပိဿာ ၁၀၀၀ မှ ၁၂၀၀ အထိထွက်ရှိပါတယ်။ ပြောင်းအခြောက်ထိထားပြီးရိတ်သိမ်းမည်ဆိုလျှင် အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းပါတယ်။ ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ နေလှန်းရပါတယ်။ ဖက်ခွာပြီး အဖူးများကိုစုပုံထားခြင်း မပြုလုပ်ရပါ။ စုပုံထားသော အဖူးများတွင် မှိုအလွယ်တကူပေါက်ပွားပြီး အစေ့ထွက်နှုန်းနှင့် အရည်အသွေးကိုပါ ကျဆင်းစေပါတယ်။ ဖက်ခွာနေလှန်းခြင်းကို ၅ရက်မှ ၇ရက်ခန့် ပြုလုပ်ပြီး အစေ့ခြွေရန်နှင့် အစေ့များကို ထပ်မံနေလှန်းပေးရန် လိုအပ်ပါတယ်။ နေလှန်းရာတွင်လည်း အစေ့တွင်း အစိုဓာတ် ၁၅ရာခိုင်နှုန်းအောက်ထိ လှန်းပေးရန် လိုအပ်ပါတယ်။ အစေ့များနေလှန်းရာတွင် အထူ၂လက်မခွဲမှ ၃လက်မှအထိ ညီညာစွာဖြန့်၍ နေလှန်းရန်လိုအပ်ပါတယ်။

       ပြောင်း စိုက်ရန်သင့်တော်သည့်မြေအမျိုးအစားကတော့ ရေစိမ့်ဝင်မှုကောင်း ၍ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊မြေနီ၊ စနယ်မြေနက်ဖြစ်ကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်ရှိ မြေအမျိုးအစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန် သာ ဖြစ်သည့် အတွက် စိုက်ပျိုးရန်သင့်တော်သည့် မြေအမျိုးအစားဖြစ်ကြောင်းသိရှိရပါတယ်။ ပြောင်း သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အဓိကစိုက်ပျိုးသောသီးနှံတစ်ခုဖြစ်ပြီး ယခင်က တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါတယ်။ ထန်းလျက်ရည်ဖြင့် ချိုအောင်ပြုလုပ်ထားတဲ့ ပြောင်းဖူး ပေါက်ပေါက် ဆုပ်ကို ကျေးလက်ဒေသသာမက မြို့ပြများတွင် လည်း စားသုံးလျက်ရှိသလို၊ ကမ္ဘာ အနှံ့ အပြား မှာလည်း ပြောင်းဖူးစေ့ကိုပြုတ်၍ နံနက်စာအဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးနေ လျက်ရှိကြပါတယ်။ ပြောင်းကို လားရှိုး၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ကြောင်းသိရပါတယ်။ လက်ရှိထိုင်းနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ တစ်ဟုန်ထိုးတိုးတက်လာသဖြင့် ပြောင်းဖူးစေ့ လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိကာ သယ်ယူ စရိတ်သက်သာသည့် မြန်မာနိုင်ငံမှ ပြောင်းကို နယ်စပ် တင်သွင်းခြင်းအားပြုလုပ်လာပြီး ကာလ ကန့်သတ်ချက်ကျော်လွှားရန်လည်း နှစ်ဖက်ပူးပေါင်း ကြိုးပမ်းလျက်ရှိကြောင်းသိရပါတယ်။ လက်ရှိကာလတွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံမှ အဓိကဝယ်ယူနေသလို တရုတ်နိုင်ငံမှလည်း ဝယ်ယူမှုရှိသဖြင့် ပြည်ပ‌ဈေးကွက် ချိတ်ဆက်မှုရှိနေပါတယ်။ 

     ရှမ်းပြည်နယ်ရှိပြောင်းများကိုတော့ မြဝတီနယ်စပ်မှတစ်ဆင့် ပြည်ပသို့တင်ပို့လျက်ရှိ သော်လည်း ယခုအချိန်ဟာ COVID-19 ကပ်ရောဂါမပျံ့ပွားစေရေးထိန်းချုပ်နေသောကာလဖြစ်၍ နယ်စပ်ခေတ္တပိတ်ထားမှုများ ရှိနေတာကြောင့် လောလောဆယ် ပြည်ပတင်ပို့နိုင်မှု မရှိသေးပါကြောင်းသိရှိရပါတယ်။ ပြည်တွင်းကုန်သွယ်မှုအနေနှင့်ကတော့ဒေသအတွင်း အစာစပ်စက်ရုံများသို့ရောင်းချသည့်အပြင် ရန်ကုန်- မန္တလေးအစာစပ်စက်ရုံများသို့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ ပြောင်းတန်ချိန်၄၀၀ခန့်ကို ကားပေါ်အရောက် တစ်ပိဿာ ၃၉၀ကျပ်ဖြင့် ပုံမှန်စီးဆင်း လျက် ရှိတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တွင် ပြောင်းကို ရပ်စောက်၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ဖယ်ခုံ၊ ပင်းတယနှင့် ရွာငံမြို့များ တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ် အနေနှင့် ကတော့ မြေပြင်ခြင်း၊ မျိုးချခြင်း၊ မြေဩဇာ၊ အလုပ်သမားခအပါအဝင် တစ်ပိဿာ ၂၅၀ကျပ်မှ ၃၀၀ ကျပ်အကြားကုန်ကျပြီး အကျိုး အမြတ်ကတော့ တစ်ပိဿာ ၁၃၀ကျပ်မှ ၁၄၀ ကျပ်အကြား မြတ်တယ်လို့ ပြောင်းစိုက်တောင်သူ တစ်ဉီးထံမှ သိရပါတယ်။  မြေဩဇာတွေကတော့ မြန်မာ့ဩဘာ မှထုတ်လုပ်သည့် NK-612 ၊ 625 ၊ 515 နှင့် CP -111ဓာတ်မြေဩဇာများကို အသုံးများကြပါတယ်။ 

         ပြောင်းသည် ရှမ်းပြည်နယ်ရဲ့အဓိကထုတ်ကုန်ဖြစ်သည့်အပြင် မိုးပြောင်းအကုန် ရေသွင်း ပြောင်းများကြားဝင်လာတာကြောင့် ဈေးကွက်တွင် ပစ္စည်းပြတ်လပ်မှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသော သီးနှံဖြစ်သည်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး တောင်သူများအတွက် အကျိုးအမြတ်များသည့်သီးနှံ ဖြစ်လာနိုင်ကြောင်း၊ အရည်အသွေးမြှင့်တင်ပြီး ဈေးကွက်အခိုင်အမာရှိ လာစေရန် မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုးရေးနည်းစနစ်များ၊စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဖြင့်စိုက်ပျိုးပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး အရည်အသွေး ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ရောင်းချရန်နှင့် ပြောင်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ စတာတွေကို စနစ်တကျသုံးစွဲရန်လိုအပ်ပါသည်။ စိန်ခေါ်မှုတစ်ရပ်မှာ အစိုဓာတ်နည်းနည်းနှင့် သိုလှောင်နိုင်ရေးဖြစ်ပြီး အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းလာကာ အရည်အသွေးကျဆင်းသဖြင့် ဝယ်လိုအား လျော့နည်းမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ပ တင်ပို့သူများ၊ သိုလှောင်ရောင်းဝယ်မည့်သူများ အနေဖြင့် အခြောက်ခံစက်များကို စနစ်တကျ ဆောက်လုပ် သုံးစွဲကြရန်နှင့် စံချိန်စံညွှန်းများနှင့် အညီထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

ရှမ်းပြည်နယ်(တောင်ကြီး)

ရှမ်းပြည်နယ်၌ ထောပတ်စိုက်တောင်သူများ နိုင်ငံခြားမျိုးထောပတ်ပင်များ တိုးချဲ့စိုက်ပျိုး

          ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ထောပတ်သီးဟာ အအေးပိုင်းဒေသမှာ ပေါက်ရောက်တဲ့အသီး ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင် K ၊ ဗီတာမင် C၊ ဗီတာမင် B5၊ ဗီတာမင် B6၊ ဗီတာမင် E တို့ အပြင် အခြားဗီတာမင်ဓါတ်တွေလည်း များစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံအားကို digital digia ကောင်းစေသည့်အပြင် ခန္ဓာကိုယ်ကို များစွာအကျိုးပြုတဲ့အသီးဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကုသရာမှာ အထောက်အကူပြုတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

          ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ပြီး ထောပတ်ပင်များကို ပေ(၃၀)ခြားပြီး စိုက် ပျိုးကြပါတယ်။ ထောပတ်ပင်များသည် စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီးပါတယ်။ ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြပါတယ်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် စိုက်ပျိုးကြပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ စိုက်ပျိုးကြပါတယ်။

          ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် လောက်တွင် အသီးကုန်ပါတယ်။ ထောပတ်သီးများ စတင်သီးတဲ့နှစ်မှာ တစ်ဧက အလုံး(၂၀၀)ခန့်သီးပြီး ဒုတိယနှစ်တွင်(၇၀၀)ခန့်၊ တတိယနှစ်ကျော်သွားရင် အလုံး (၂၀၀၀)ထိသီးပါတယ်။ဒေသမျိုးရင်းများအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ထောပတ်သီးတစ်ပိဿာ ၂၀ဝိ/-၃၀ဝိ/- မှ ၆၀ဝိ/- ၁၀၀ဝိ/- အထိ ဈေးပေါက်ကြောင်း သိရှိရပါတယ်။

          ယခုနှစ်တွင် COVID-19 ကပ်ရောဂါပျံ့ပွားမှုမရှိစေရေးအစီအမံများကြောင့် ယာဉ်အသွားအလာ ကန့်သတ်မှုများရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှုအားနည်းခြင်းနှင့် နိုင်ငံခြားမျိုးထောပတ်(Hass)ကို ပိုမိုဝယ်ယူစားသုံးနေကြသဖြင့် ဒေသမျိုးရင်းထောပတ်သီးများ ဈေးကောင်းမရဘဲ အရောင်းအေး နေတယ်လို့သိရပါတယ်။

          ပြည်ပဈေးကွက်သို့တင်ပို့သော ထောပတ်သီးများမှာတစ်လုံးကို ၆၀ဝိ/- ကျပ်မှ ၁၀၀ဝိ/- ကျပ်အထိ ဈေး ပေါက်ကြောင်း သိရပါတယ်။ ယခုအချိန်တွင် နိုင်ငံခြားမျိုးများမှာ ဒေသမျိုးရင်းများထက် ဝယ်လို အားကောင်းပြီး  ယခင်နှစ်တွေထက် ဈေးကောင်းရလို့ နိုင်ငံခြားမျိုး(Hass)များ တိုးချဲ့စိုက်ပျိုးနေကြကြောင်း၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့များတွင် ဧက(၂၀၀၀၀)ခန့် ထပ်မံစိုက်ပျိုးကြကြောင်း သိရှိရပါတယ်။ ဒေသမျိုးအပင်များကို အောက်ခံအပင်အဖြစ်ထားရှိ၍ နိုင်ငံခြားမျိုးများကို ကိုင်းကူးကိုင်းဆက်နည်းနဲ့ စိုက်ပျိုးကြပြီး စားသုံးသူ များအနေဖြင့် အရည်အသွေးကောင်းမွန်တဲ့ နိုင်ငံခြားမျိုး(Hass) မျိုးတွေကို ဝယ်ယူမှုများပြားလာတဲ့ အတွက် စိုက်ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) နိုဝင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

      ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ဃီလာ၊ သာစည်၊ တောင်ငူနဲ့ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံစီးထွက်လျက်ရှိရာ အောင်ပန်း ကုန်စည်ဒိုင်၏ ပေးပို့သောစာရင်းများ အရ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၅ဝ ကျပ်မှ ၃၈ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပန်းနှမ်းတစ်ပိဿာ ၁၄ဝဝကျပ်မှ ၁၅ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅ဝဝကျပ်မှ ၂၅ဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အာလူးတစ်ပိဿာ  ၅ဝဝ ကျပ်မှ ၈၅ဝ ကျပ် နှုန်းဖြင့်လည်းကောင်း၊ ချင်းတစ်ပိဿာ ၉ဝဝကျပ်မှ ၁ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ နနွင်းတစ်ပိဿာ ၁ဝဝဝကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ချင်းခြောက်တစ်ပိဿာ ၂ဝဝဝကျပ်မှ ၂၅ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊ ခရမ်းချဉ်တစ်ပိဿာ ၂ဝဝကျပ်မှ ၄ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊  ဂေါ်ဖီတစ်ထုပ်လှျင် ၃ဝဝ ကျပ်မှ ၅၅ဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ပန်းမုံလာတစ်ပိဿာ ၅ဝဝကျပ်မှ ၇ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ မုံညင်းတစ်ပိဿာ ၅ဝဝ ကျပ်မှ ၇ဝဝကျပ်နှုန်းဖြင့်  လည်းကောင်း၊ ဘိုစားပဲ တစ်ပိဿာ ၁၄ဝဝကျပ်မှ ၁၆ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွေပဲတစ်ပိဿာ ၂ဝဝဝကျပ်မှ ၃ဝဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဂျူးမြစ် တစ်ပိဿာ ၁ဝဝဝကျပ်မှ ၁၂ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ငြုပ်ပွတစ်ပိဿာ ၁၆ဝဝကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ မုံလာဥနီ တစ်ပိဿာ ၆ဝဝ ကျပ်မှ ၈ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လိမေ္မာ်သီးတစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လက်ဖက်ခြောက်တစ်ပိဿာ ၃ဝဝဝကျပ်မှ ၆၅ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လက်ဖက်စို တစ်ပိဿာ ၂ဝဝဝကျပ်မှ ၂၅ဝဝကျပ်နှုန်းဖြင့်  လည်းကောင်း ရောင်းချလျှက်ရှိကြောင်းသိရပါတယ်။  အောင်ပန်းမှ (၁)ရက်လျှင် ကုန်စည်ကားအစီးရေ(၂ဝ)မှ (၂၅)စီးဆင်းမှုရှိကြောင်းနှင့် ပြောင်း၊ ပန်းနှမ်း၊ ချင်းသီးနှံများအသစ်ဝင်လာပါကြောင်း၊ ချင်းမှာလည်း ပြည်ပအဆွဲနည်းပြီး လှောင်လက်နှင့်စျေးပတ်သမားများသာဝယ်ယူမှုရှိသဖြင့် စျေးအေးနေပါကြောင်း လတ်တလောတွင် ကုန်စိမ်းနှင့် လိမေ္မာ်သီးကားများ ပုံမှန်စီးဆင်းမှုရှိနေကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)

အင်းလေးဒေသ ခရမ်းချဉ်အဆွဲမြန် အရောင်းသွက်လို့ ခရမ်းချဉ်စိုက် တောင်သူများဝင်ငွေကောင်း

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်လေးဒေသသည် ခရမ်းချဉ်အများဆိုးစိုက်ပျိုးရာ နေရာဖြစ်ပါသည်။ နှစ်စဉ် အင်းလေးကန်အတွင်း ခရမ်းချဉ်စိုက်ဧက(၆၀၀၀)ခန့် စိုက်ပျိုးကြပြီး ခရမ်းချဉ်သီးကို နှစ်စဉ် ဧပြီလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးထွက်ရှိပါတယ်။ ခရမ်းချဉ်စိုက်ပျိုးသော ကျေးရွာပေါင်း(၁၅)ရွာခန့်ရှိပြီး အင်းလေးဒေသမှ ခရမ်းချဉ်ကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ လမ်းကြောင်းအသီးသီးက တင်ပို့လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီနှင့် မေလအတွင်းက အင်းလေးခရမ်းချဉ် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ မှ ၂၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုကာလသည် အညာခရမ်းချဉ်သီးများ ကုန်ချိန်ကာလဖြစ်နေ၍ အင်းလေးဒေသထွက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၇၀၀ ထိ ရောင်းချနေရ၍ ဈေးကောင်းရရှိကာ ဝင်ငွေကောင်းနေကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများနှင့် ပွဲရုံများကတဆင့် သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်ဗန်းမော်မြို့မှ စွန့်ဦးစမ်းသပ်စိုက်ပျိုးလျှက်ရှိသော ထောပတ်သီးစိုက်ခင်းကွင်းဆင်း ကြည့်ရှု့ခြင်း

          ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော် ၊ မံစီ ၊ မိုးမောက် ၊ ရွှေကူ စသောမြို့နယ်များရှိ ကျေးရွာများ၌ ဒေသခံတောင်သူများသည် မိုးရာသီတွင် စပါးစိုက်ပျိုးခြင်း၊ ဆောင်းရာသီတွင် မြေနုကျွန်းများနှင့် မြစ်ချောင်းဘေးနှုန်းတင်မြေနုများတွင် ရာသီပေါ်သီးနှံများဖြစ်သော ပဲ၊ ပြောင်း၊ နှမ်းနှင့်စားဖိုချောင်သီးနှံများ စသည်တို့ကိုအချို့စိုက်ပျိုးကြပြီး အချို့မှာ ရွှေကျင်ခြင်း၊ သစ်ခုတ်ခြင်းတို့အား မိရိုးဖလာလုပ်ငန်းများကဲ့သို့ လုပ်ကိုင်ဆောင်ရွက်လာကြသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ရာ သစ်တောများဖြုန်းတီးလာခြင်း၊ ရာသီဉတုများဖောက်ပြန်လာခြင်း၊ ရွှေကျင်ရန်နေရာ ရှားပါးလာခြင်းတို့ကြောင့် မြေလွတ် မြေလပ်များ၊ လယ်၊ တောင်ယာမြေ စသည်တို့တွင် တစ်နှစ်ထက်တစ်နှစ် တရုတ်ပြည်နှင့်ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အမယ်သစ်သီးနှံများဖြစ်သော တစ်သျှူးငှက်ပျော၊ ကန်စွန်းဉ(နီ၊ညို)၊ ပဲသီး၊ ဝဉ၊ ကျွန်းအစားထိုး မန်ဂျန်ရှား၊ လျှော်ဖြူစသည်တို့ကို စမ်းသပ်စိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ရောင်းချခြင်းများ ပြုလုပ်လာခဲ့ရာမှ ယခုအခါ ကချင်ပြည်နယ်တွင် မည်သူမျှ စိုက်ပျိုးခြင်းမရှိသေးသော ထောပတ်သီးပင်များ စိုက်ပျိုးနေသည်ကို ဗန်းမော်ခရိုင်စားသုံသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် ဝန်ထမ်းများ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိမှု အခြေအနေအရ သီးစိန် စိုက်ပျိုးရေးကုမ္ပဏီလီမိတက်သည် တစ်သျှူးငှက်ပျော ဗန်းမော်ခရိုင်နှင့် ရှမ်းပြည်(မြောက်ပိုင်း)တို့တွင်စိုက်ပျိုးလျှက်ရှိရာမှ တရုတ်ပြည်သို့ ငရုတ်သီး(ငရုတ်ပွ၊ရှည်၊မိုးမျှော်)တို့ကို စမ်းသပ်စိုက်ပျိုးတင်ပို့ခြင်းဆောင်ရွက်လျှက်ရှိပြီး အမယ်သစ်သီးနှံတစ်မျိုးဖြစ်သော ကချင်ပြည်နယ်တွင် စိုက်ပျိုးခြင်း မရှိသေးခြင်းဖြစ်သည့် ထောပတ်သီးပင်များ စမ်းသပ်စိုက်ပျိုးလျှက်ရှိရာ တစ်ဧကလျှင် အပင်(၁၃၀)ခန့် (၂၀  x ၂၀ )နှုန်းဖြင့် စုစုပေါင်း(၅၀)ဧက အပင်(၆၅၀၀၀)အား မျိုးစေ့များကို တရုတ်ပြည်မှဝယ်ယူ၍ စနစ်တကျ ပျိုးထောင်စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း၊ ဗန်းမော်မြို့နယ် မအူပင်ကျေးရွာရှိ မြေဧက (၅၀) တွင် စိုက်ပျိုးကာထွက်ရှိလာပါက တရုတ်ပြည်သို့ ချိတ်ဆက်တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရှိခဲ့ရပြီး စမ်းသပ်စိုက်ပျိုးမှုအောက်မြင်၍ အသီးများထွက်ရှိလာပါက ဒေသတွင်းနှင့်တရုတ်နုင်ငံသို့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှတဆင့် တရားဝင်တင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း