Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းဆန်စပါးဈေးကွက် ကုမ္ပဏီများနှင့် ချိတ်ဆက် ပြည်ပဈေးကွက်သို့လှမ်းတက်

               စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ သည် (၁၇.၁.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီတွင် ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးဝယ်ယူကြိတ်ခွဲ ရောင်းချနေသော ရွှေဝါနဒီဆန်စက်၊ စုပေါင်းလယ်ယာဆန်စက်နှင့် အောင်နိုင်သစ္စာဆန်စက်များသို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းလေ့လာမှုအရ ညောင်တုန်းမြို့နယ်သည် စိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများအနက် စိုက်ပျိုးရေးကဏ္ဍ၏ စိုက်ပျိုးထုတ်လုပ်မှုမှာ အများဆုံးဒေသဖြစ်ပြီး စပါးအရည်အသွေးအလိုက် မနောသုခ၊ နှံကား၊ ဆင်းသုခစပါးများကို စပါးတင်း(၁၀၀)လျှင် (၇၀၀၀၀၀)ကျပ်နှင့်အထက် ဈေးကောင်းပေးဝယ်ယူ၍ ပြည်ပဈေးကွက်သို့ ပင်လယ်ရေကြောင်းမှလည်ကောင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်မှလည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

           ပင်လယ်ရေကြောင်းတင်ပို့မှုတွင် ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံခြားသင်္ဘောဆိုက်ကပ်ချိန်တွင် ညောင်တုန်းဆန်စက်များမှ နေ့စဉ် ကွန်တိန်နာ (၁၅)လုံးမှ (၂၀)လုံးထိ တင်ပို့ရကြောင်း ရွှေဝါနဒီ ဆန်စက်မန်နေဂျာ ဦးအောင်ကျော်ညွှန့်၏ ပြောကြားချက်အရ သိရှိရကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်တွင် စပါး/ဆန် ဈေးများ အေးနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၄၅၀၀၊ တန်အားဖြင့် ၄၂၂၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅ စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ှင် ယခုအပတ်အတွင်း အိတ်ရေ ၄၀၀၀၊ တန်အားဖြင့် ၂၀၀ ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၁၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၄၃၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး

၂၁.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၁.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

မြင်းခြံဒေသပဲစင်းငုံသီးနှံ စတင်ထွက်ရှိ

       ပဲစင်းငုံသီးနှံသည် အခြားသောသီးနှံများနှင့်မတူဘဲ (၈)လ၊ (၉)လကြာ စိုက်ပျိုးထားရှိရသော သီးနှံတစ်ခုဖြစ်ပါသည်။ ပဲစင်းငုံကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စိုက်ပျိုးမှုအနေဖြင့် မေလနှင့်ဇွန်လတို့တွင် အများအားဖြင့် စိုက်ပျိုးကြပြီး ဇန်နဝါရီလ နှင့်ဖေဖော်ဝါရီလတို့တွင် ပုံမှန်ရိတ်သိမ်းလေ့ရှိပါသည်။ တစ်ချို့ဒေသများတွင် ဒေသရာသီဥတုနှင့် စိုက်ပျိုးမြေပေါ်မူတည်၍ စောစိုက်ကြသဖြင့် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်လေ့ရှိသည်ဟု သိရပါသည်။

         စိုက်ပျိုးသူ တောင်သူများအနေဖြင့်လည်း ပဲစင်းငုံကို ဟင်းလျာအနေဖြင့် ခွဲခြမ်းခွဲ၍ ပဲထမင်းသော်လည်းကောင်း၊ ဟင်းချိုသော်လည်းကောင်း၊ ပဲကြာဇံအဖြစ်ထုတ်လုပ်၍ သော်လည်းကောင်း၊ ပဲကြော်အဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိပါကြောင်း၊ မရိတ်သိမ်းမီ ပဲအစိုကိုခူးဆွတ်၍ မုန့်ပဲသရေစာအဖြစ် ပြုတ်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်ဟုသိရပါသည်။ ပဲစင်းငုံမှာ ချိုဆိမ့်သောအရသာရှိပြီး ဘေးဥပဒ်အန္တရာယ်မဖြစ်စေသည့်အပြင် ကျန်းမာသန်စွမ်းခြင်းကို အထောက်အကူပြုကြောင်း သိရှိရသည့်အတွက် စားသုံးသင့်သောပဲတစ်မျိုးလည်း ဖြစ်ပါသည်။ ပဲစင်းငုံကို Value Added တန်ဖိုးမြှင့်ထုတ်ကုန် တစ်ခုအနေဖြင့် စီမံဖော်ဆောင်ပြီး လုပ်ဆောင် နိုင်မည့်ဆိုပါက နိုင်ငံအတွက် ဝင်ငွေများစွာ အထောက်အကူပြုနိုင်သည်ဟု လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားမှုအရသိရပါသည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ပဲတင်သွင်းမှုနှင့်ဝယ်ယူမှုကို အများဆုံးပြု လုပ်သောနိုင်ငံဖြစ်သည့်အားလျှော်စွာ ယခုလဲ မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ထပ်မံသက်တမ်းတိုးမြှင့်ထားသည်ဟု မန္တလေးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ သိရပါသည်။ ပဲစင်းငုံသီးနှံသည် Export သီးနှံဖြစ်ပြီး ယခုနှစ်တွင် ပဲဈေးကောင်းလျက် ရှိသည့်အတွက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧကပေါင်း(၁၂၅၃၄၂)ဧကရှိခဲ့ပြီး ရိတ်ဧကမှာ(၁၂၅၃၄၂)ဧကနှင့် တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့်     ပျမ်းမျှ (၈.၇၈)တင်းထွက်ရှိသဖြင့် အထွက်တင်းပေါင်း (၁၁၀၀၅၀၂)တင်း ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မြင်းခြံခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပဲစင်းငုံစိုက်ဧကပေါင်း(၁၃၀၃၁၂)ဧကစိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင်အထွက်နှုန်း (၇.၆၄)တင်းထွက် ရှိပြီး ယနေ့အထိ ရိတ်ဧက(၄၄၀၃၂)ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက်တင်းပေါင်း (၃၃၆၄၀၄)တင်း ထွက်ရှိပြီးဖြစ်ပါသည်။ မြင်းခြံခရိုင်အတွင်း၌ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် နွားထိုးကြီး မြို့နယ်တွင် ပဲစင်းငုံစိုက်ပျိုးထားသော စိုက်ဧက(၇၆၀၈၅)ဧက အများဆုံးစိုက်ပျိုးမှုရှိပါကြောင်း၊ ငါန်းဇွန်မြို့နယ်တွင် စိုက်ဧက(၃၀၂၀၇)ဧက၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၁၈၁၅၅)နှင့် မြင်းခြံ မြို့နယ်တွင် (၅၈၆၅)ဧက စိုက်ပျိုးထားရှိပြီးဖြစ်သည့်အတွက် ရိတ်သိမ်းပြီး ပဲစင်းငုံသီနှံများကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

         လက်ရှိပဲစင်းငုံဈေးအနေဖြင့် တစ်ပိဿာ ၁၈၅၀/- ၊ ၁၉၀၀/- ၊ ၂၀၀၀/- ၊ ၂၀၅၀ ကျပ်ရှိ ပါသည်။ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတွင် ပဲစင်းငုံဈေးသည် (၁၂၀၀-၁၃၀၀)ကျပ် ရှိသည့်အတွက် လက်ရှိဈေးနှင့် နှိုင်းယှဉ်လျှင် တောင်သူများအထိုက်အလျောက် အဆင်ပြေသည်ဟု သိရှိရပါသည်။ ထွက်ရှိသော ပဲစင်းငုံသီးနှံများ၏ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်   မြို့ပေါ်ကုန်သည်လုပ်ငန်းရှင်များမှ ဝယ်ယူစု ဆောင်းပြီး မန္တလေးမြို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ပဲစင်းငုံသီးနှံများ အဝင်နည်းသေးသော်လည်း ယခုနှစ်ပဲစင်းငုံစိုက်တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ “အောင်” ကြိမ်၊ဝါး၊ဗေဒါ လုပ်ငန်းရှင် ဦးအောင်လွင်နှင့် တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ရာတွင် ကြိမ်၊ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းများမှ ဦးထုပ်၊ ဖိနပ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ တစ်ရှုးဘောက် စသည့်တို့ကို အရွယ်အစားပုံစံ အမျိုးမျိုးအား နေ့စဉ်အလုပ်သမား(၁၅)ဦးခန့်ဖြင့် အိမ်တွင်းလက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားများ လုပ်ဆောင်နိုင်သည့်အပေါ်မူတည်၍ တစ်နေ့လျှင် ၄၀၀ဝိ/- မှ ၇၀၀ဝိ/- အထိ ရရှိကြကြောင်းသိရှိပါသည်။

            ဗေဒါလက်မှုလုပ်ငန်းဆောင်ရွက်ရန် ကုန်ကြမ်းကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီး ချောင်းများ၊ အင်းအတွင်း သဘာဝအလျောက် ပေါက်ရောက်နေသော ဗေဒါပင်များမှရ၍ ချောင်းဖျားပတ်ဝန်းကျင်ရှိရွာများမှ ၂ ပေ(တစ်ထောင့်ထွာ)ခန့်ရှည်သော ဗေဒါအခြောက် တစ်ပင်လျှင် (၅)ကျပ်နှုန်းဖြင့် အပင်(၁၀၀)ပါ တစ်စည်းလျှင် (၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိ၍ ချောင်းဖျားဝန်းကျင်မှရွာသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိလျက် ဝင်ငွေတိုးနေကြပါသည်။ ဝါးခမောက်များကို တက်ဆိပ်၊ သောင်ကြီး၊ ဒေါင့်ကြီး၊ သရက်ချောင်း စသည့်အုပ်စု(၂၀)မှ ဝါးခမောက် အကြမ်းယက်လုပ်လျှက်ရှိပြီး တစ်လုံးလျှင် ၁၀၀ဝိ/-မှ ၃၀၀ဝိ/-ထိဈေးရှိ၍ ဗေဒါလက်ကိုင်အိတ် အမျိုးမျိုးမှာ တစ်လုံးလျှင် ၆၀၀ဝိ/- မှ ၁၂၀၀ဝိ/- ၊ ဗေဒါဖိနပ် တစ်ရံလျှင် ၁၅၀ဝိ/-မှ ၆၀၀ဝိ/-ထိရှိပါသည်။ ၎င်းလက်မှုပစ္စည်းများအား ပဲခူး၊ ရန်ကုန်၊ ကျိုက်ထီးရိုး၊ မန္တလေး၊ ပုဂံ၊ ညောင်ဦးမြို့များသို့ ပို့ဆောင် ရောင်းချခဲ့ပြီး Online မှ အမှာ များကိုလည်း ရောင်းချလျက်ရှိ၍ဒေသတွင်းရှိ အလုပ်သမားများ အလုပ်အကိုင်ရရှိစေရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များပါရရှိစေရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

လက်ပံတန်းမြို့၏ ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးကွက်

 

             ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာ ကုမ္ပဏီများနှင့် အရောင်းဆိုင်များတွင် ဓာတ်မြေသြဇာအမျိုးမျိုး ရောင်းချလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တောင်သူများအနေဖြင့် ပုလဲဓာတ်မြေသြဇာများဖြစ်သည့် မြင်းပျံ၊ သြဘာ၊ ရွှေနဂါး၊ အာမို ၊ ကောမတ်ဓာတ်မြေသြဇာများအား အများဆုံးအသုံးပြုလျက်ရှိပါသည်။

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ဓာတ်မြေသြဇာနှင့် ဘိလပ်မြေစျေးများ မြင့်တက်လျက်ရှိပြီး စျေးကွက်အတွင်း အရောင်းအဝယ်အေးလျက် ရှိကြောင်း သိရှိရပါသည်။ ဓာတ်မြေသြဇာစျေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ တတိယအပတ်တွင် ယူရီးယား (မြင်းပျံ) တစ်အိတ်လျှင် ၉၀၀၀၀ကျပ်  ၊ ယူရီးယား (မိုးနဂါး) တစ်အိတ်လျှင် ၈၅၀၀၀ကျပ် ၊ တီစူပါ (သံကွင်း)တစ်အိတ် လျှင် ၆၆၀၀၀ကျပ် ၊ ကွန်ပေါင်း( အာမို) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်တို့ဖြင့် စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

           ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ၉၀၀၀ကျပ် ၊ အယ်ဖာတစ်အိတ်လျှင် ၉၅၀၀ကျပ် ၊ အပါချီတစ်အိတ်လျှင် ၈၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

ပြည်ခရိုင်တွင် ပဲစင်းငုံသစ်များစတင်ထွက်ပေါ်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပဲစင်းငုံများ  စိုက်ပျိုး၍ စိုက်ပျိုးဧကမှာ ၁၈၃၄၇ ဧကခန့်စိုက်ပျိုးပြီး အထွက်နှုန်းမှာ ၁၆.၃၁ တင်းခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအခါပဲစင်းငုံအသစ်များ ပန်းတောင်းမြို့နယ်ဘက်မှ အများဆုံးဝင်ပြီး မကွေးတိုင်း၊ မင်းတုန်း၊ ကံမဘက်မှလည်း ပြည်ပွဲရုံများသို့ အဝင်ရှိပါသည်။ ယခုနှစ် ပဲသစ်တစ်တင်း ၄၀၀၀၀ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး ပဲကုန်သည်များမှာ ပဲတစ်တင်းလျှင် ကွင်းစျေး ၃၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ပွဲရုံများသို့ ၄၀၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။

          ယခုရက်အတွင်းပဲဝင်ရောက်မှုမှာ စတင်ထွက်ပေါ်ချိန်ဖြစ်၍ တစ်ရက်ကို အိတ် ၃၀/၄၀ ခန့်သာရှိပြီး အရောင်းအဝယ်အနေဖြင့် လှောင်လက်များသာ အဝယ်ရှိခဲ့ပါသည်။ ယခင်နှစ် ပဲစပေါ်ချိန် ပဲတစ်တင်းလျှင် ၂၇၀၀၀ကျပ်ဖြင့် စျေးစဖွင့်ခဲ့ပြီး ယခုနှစ်စျေးနှင့် နှိုင်းယှဉ်လျှင် ၁၃၀၀၀ ကျပ်ခန့်ပိုမိုရရှိသဖြင့် ယခင်နှစ်ကထက်စျေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြစ်ပေါ်နေသည့် ကြံသီးနှံဈေးကွက်

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြံစိုက်ပျိုးသည့်မြို့နယ် (၆)မြို့နယ် တို့မှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တို့ ဖြစ်သည်။ အဆိုပါ မြို့နယ်များအနက် လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ကြံစိုက်ပျိုးသည့်ဧရိယာ အများဆုံး ဖြစ်သည်။ ယခုအခါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်း၌ လည်ပတ်နေသော သကြားစက် (၃)စက်ရှိပြီး ပျဉ်းမနားမြို့နယ်တွင် ပျဉ်းမနားသကြားစက်၊ တပ်ကုန်းမြို့နယ်တွင် ဒဟတ်ကုန်း သကြားစက်၊ လယ်ဝေးမြို့နယ်တွင် တောင်ဇဉ်အေး(သာဝတ္ထိ)သကြားစက်တို့ဖြစ်ပြီး ဒဟတ်ကုန်း သကြားစက်နှင့် တောင်ဇဉ်အေးသကြားစက်တို့ကို International Gate Ways ကုမ္ပဏီလီမိတက်မှ လည်းကောင်း၊ ပျဉ်းမနားသကြားစက်ကို ယုဇနကုမ္ပဏီလီမိတက်မှလည်းကောင်း တာဝန်ယူ လည်ပတ်လျက် ရှိပါသည်။ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်တို့မှ စိုက်ပျိုး ထွက်ရှိသော ကြံများကို ဒဟတ်ကုန်းသကြားစက်သို့လည်းကောင်း၊ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့မှ ထွက်ရှိသောကြံများကို ပျဉ်းမနားသကြားစက်သို့လည်းကောင်း၊ လယ်ဝေးမြို့နယ် အတွင်းမှ ထွက်ရှိသောကြံများကိုတောင်ဇဉ်အေး သကြားစက်သို့လည်းကောင်း ရောင်းချလျက် ရှိပါသည်။ ယခု နှစ်တွင် ပျဉ်းမနားသကြားစက်အနေဖြင့် ကြံတန်ချိန်(၂၅၀၀၀)၊ ဒဟတ်ကုန်းသကြားစက် အနေဖြင့် တန်ချိန်(၆၀၀၀၀)၊ တောင်ဇဉ်အေးသကြားစက် အနေဖြင့် တန်ချိန်(၈၀၀၀၀)ဝယ်ယူ သွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

          ၂၀၂၁ ခုနှစ် ကြံစိုက်ရာသီတွင် (၁၀၀၂၉)ဧက စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်းနိုင်ခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၂၂)တန်ခန့် ထွက်ရှိသဖြင့် စုစုပေါင်း တန်ချိန်(၂၂၀၆၃၈)ထွက်ရှိမည်ဟု ခန့်မှန်း ရပါသည်။ အထက်ပါစက်ရုံ(၃)ရုံမှ ဝယ်ယူမည့် လျာထားတန်ချိန်မှာ (၁၆၅၀၀၀)တန် ဖြစ်သော ကြောင့် ပိုနေသည့်ကြံများကို မျိုးပွားကြံနှင့် အခြားသုံးဖြစ်သော ကြံသကာချက်ခြင်း၊ ကြံရည် ကြိတ်ခြင်း၊ စားသုံးခြင်းစသည်တို့အတွက် အသုံးပြုရမည်ဖြစ်ကြောင်း ကြံစိုက်ပျိုးသည့် တောင်သူ များထံမှ သိရှိရပါသည်။ ကြံဈေးနှုန်းအနေဖြင့် စက်ရုံအရောက်ဈေးနှင့် ကွင်းဈေးဟူ၍ (၂)မျိုး ခွဲထား သည်။ စက်ရုံအရောက်ဈေးမှာ ကြံတစ်တန်လျှင် (၅၂၅၀၀)ကျပ်ဖြစ်ပြီး ကွင်းဈေးမှာ (၄၃၀၀၀) ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရပါသည်။

          ယခုနှစ်တွင် မိုးရေချိန်လုံလောက်စွာရရှိသောကြောင့် ကြံအထွက်နှုန်းကောင်းသည်ဟု ဆိုနိုင် ပါသည်။ ယခင်နှစ်များတွင် တစ်ဧကလျှင် ကြံတန်ချိန် တန်(၂၀)ခန့်သာ ထွက်ရှိသည်ဟု တောင်သူများ ထံမှ သိရပါသည်။ ၂၀၂၁ခုနှစ် ကြံစိုက်တောင်သူများ၏ တွက်ခြေကိုက်မှုအခြေအနေနှင့်ပတ်သက်၍  ကြံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်မှာ (၇၂၀၀၀၀)ကျပ် ဝန်းကျင်ဖြစ်ပြီး တစ်ဧကအကျိုးအမြတ်မှာ (၄၃၅၀၀၀)ကျပ်ရှိကြောင်း တောင်သူများထံမှ သိရပြီး၊ ကြံရာသီကြိတ်ခွဲထုတ်လုပ်မှုကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်ထိ စက်ရုံများ လည်ပတ်သွားမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပြည်ထောင်စုနယ်မြေ)

တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်း

         မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ နွားစားငုတ်ကျေးရွာနေ ပြည်သူများသည် လက်မှုလုပ်ငန်းဖြစ်သော တောင်း၊ဆန်ကော၊ဆန်ကာ ယက်လုပ်ခြင်း လုပ်ငန်းကို ယခင်က ကျေးရွာတစ်ရွာလုံး မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြရာမှ ယခုအခါ အကျိုးအမြတ်နည်းပါးခြင်း၊ ဝယ်ယူအသုံးပြုမှုနည်းပါးခြင်း၊ အခြား လုပ်ငန်းဖြစ်သော ပန်းရံ၊ လက်သမား၊ ဆံပင်ကျွတ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်လာကြခြင်းတို့ကြောင့် တောင်း၊ဆန်ကော၊ ဆန်ကာယက်လုပ်ခြင်းလုပ်ငန်းကို အဓိက လုပ်ကိုင်သူ နည်းပါးလာကြောင်း သိရှိရပါသည်။ သို့သော် အပိုဝင်ငွေ ရရှိသည့် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ ရှိကြောင်း သိရှိရပါသည်။

          တောင်း၊ဆန်ကော၊ဆန်ကာများ ယက်လုပ်ရန် ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ထမ်းလျှော်နှင့် ကြိမ်များ ကိုဝယ်ယူအသုံးပြုရပါသည်။ ဝါးများကို နီးစပ်ရာဝါးအရောင်းဆိုင်များတွင် ဝယ်ယူကြရပြီး ထမ်းလျှော်နှင့်ကြိမ် များကို နီးစပ်ရာ(၅) ရက်တစ်ပတ်စျေးများတွင် ဝယ်ယူကြပါသည်။ ဝါး(၁)လုံးလျှင် ၁၀၀၀ ကျပ်၊ ထမ်းလျှော် (၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြိမ်(၁)လုံး (၅၀၀) ကျပ် စျေးရှိပါသည်။

          ယက်လုပ်သောပစ္စည်း အမျိုးအစားများမှာ ၁၆ ပြည့်ဝင် တောင်းကြီး(ကြမ်း/ချော)၊၈ပြည်ဝင် ခွဲတောင်း (ချော)၊ ဆန်ကော(ကြမ်း)၊ ဆန်ကာ(ကြမ်း)၊ ပွဲတင်တောင်း(ကြမ်း) ဟူ၍ ယက်လုပ်ကြပါသည်။ တောင်းကြီး (ကြမ်း) တစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၀၀၀)ကျပ် ခန့်ကုန်ကျပြီး ရောင်းရငွေ (၂၅၀၀)ကျပ်ရရှိသဖြင့် တစ်လုံးလျှင် လုပ်အားခငွေ (၁၅၀၀)ကျပ် ရရှိကြောင်း၊ တနေ့လျှင် ၂ လုံးခန့် ပြီးစီးအောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ တောင်းကြီးချောတစ်လုံး ယက်လုပ်လျှင် ကုန်ကျစရိတ်(၁၈၀၀) ခန့် ကုန်ကျပြီး ရောင်းရငွေ(၃၅၀၀) ကျပ်ရရှိ၍ တစ်လုံးလျှင် (၁၇၀၀) ကျပ်ရရှိကြောင်း၊တနေ့လျှင် ၂ လုံးပြီးစီး အောင် ယက်လုပ်နိုင်၍ တနေ့ဝင်ငွေ (၃၄၀၀) ကျပ်ခန့်ရရှိ တောင်း၊ဆန်ကော၊ဆန်ကာများသည်လည်း တနေ့ (၅)ချပ် ပြီးစီးအောင်ယက်လုပ်ရောင်းချ နိုင်သော်လည်း တစ်ရက်လုပ်အားခ (၃၀၀၀) ကျပ်ခန့် ရရှိကြောင်း သိရှိရပါသည်။

          စျေးကွက်အနေဖြင့် ထွက်ရှိလာသော တောင်း၊ဆန်ကော၊ဆန်ကာများကို မိတ္ထီလာမြို့ စည်အင်သာယာ စျေးသို့လည်ကောင်း၊ (၅) ရက် တစ်ပတ်စျေးများတွင်လည်းကောင်း၊ တောင်သူလုပ်ငန်း အသုံးပြုရန်အတွက် ရွာသို့လာရောက်ဝယ်သူများထံသို့လည်ကောင်း ရောင်းချရကြောင်းသိရှိရပါသည်။

          တောင်း၊ ဆန်ကော၊ ဆန်ကာ ယက်လုပ်ခြင်းလုပ်ငန်းအနေဖြင့် အကျိုးအမြတ် ရရှိလာမှုနည်းသည်ဟု ယူဆဖွယ် ရှိသော်လည်း ဒေသခံများအနေဖြင့် အပိုဝင်ငွေ ရရှိရေးအတွက် ၎င်းတို့၏ မိရိုဖလာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)

ပဲတီရွှေဝါစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

              ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ ပဲတီရွှေဝါအသစ်များ ဈေးကွက်အတွင်း အဆက်မပြတ် ဝင်ရောက်လျက်ရှိရာ ယခင်ကာလတူနှစ်များထက် အဖွင့်ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် အသစ်ပေါ်လာသည့် ပဲတီရွှေဝါများမှာ အရည်အသွေးကောင်းသောကြောင့်  ဈေးကောင်းရရှိနေပြီး ယခင်နှစ် ပဲတီရွှေဝါတစ်တင်းလျှင် ကျပ် ၄၀၀၀၀ခန့်ရှိပြီး ယခုနှစ် ဇန်နဝါရီလ ပဲပေါ်ချိန်တွင် ပဲတီရွှေဝါ တစ်တင်းလျှင် ကျပ် ၄၄၅၀၀ အထိ ရနေကြောင်း သိရသည်။၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ထိရရှိထားသော သတင်းအချက်အလက်များအရ အိန္ဒိယအစိုးရက မတ်ပဲအပါအဝင် ပဲစင်းငုံနှင့် ပဲတီစိမ်းများကို ကန့်သတ်ကုန်စည်အဖြစ်မှ ပယ်ဖျက်ထားကာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိလွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်အတွက် မြန်မာနိုင်ငံမှ ပဲဈေးကွက်အတွင်း အရောင်းအဝယ်သွက်လာပြီး ဆက်လက်စျေးမြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီရွှေဝါများသည် ရန်ကုန်မှ ကုမ္ပဏီများသို့ အများဆုံး ပို့ဆောင်လျက်ရှိကြောင်းသိရပြီး ယခုနှစ် အထွက်နှုန်းအနေဖြင့် ယခင်နှစ်များကဲ့သို့ ပုံမှန်ထွက်ရှိနေသည့်အတွက် တောင်သူများအနေဖြင့် ယခုပဲပေါ်ချိန်တွင် ဈေးနှုန်းကောင်းများ ရရှိနေခြင်းကြောင့် အကျိုးအမြတ် ရရှိနေကြောင်းသတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း