Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဥစားကြက်မွေးမြူရေးနှင့် ဈေးကွက်အခြေအနေ

            ပြည်တွင်းမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့် လာပါသည်။ ယခုအခါ ဥစားကြက်များကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ပိုမိုမွေးမြူလုပ်ကိုင် လျက်ရှိကြောင်းသိရှိရပါသည်။ ဥစားကြက်မွေးမြူတဲ့အခါ“ဥ”ထွက်နှုန်းကောင်းမွန်စေရန် အလွန်အရေးကြီးလှပါသည်။ ဥထွက်နှုန်းတိုးစေရန်အတွက် Ready made အစာအပြင်  အစာစိမ်းများ ကျွေးခြင်းအားဖြင့်လည်း “ဥ”ထွက်နှုန်းကို တိုးစေပါသည်။ ဥစားကြက်များကို စတင်မွေးမြူသည့်ရက်မှစ၍ (၅)လခန့်ကျော်ကျော်အတွင်း စတင် “ဥ” ဥကြောင်းသိရှိရပါသည်။ ဥစားကြက်တစ်ကောင်  “ဥ”ဥပြီးသည့်မှစ၍ (၆)လကျော်သက်တမ်း ထိသာ“ဥ”ကောင်းမွန်စွာ ဥနိုင်ကြောင်းသိရပါသည်။ ဥစားကြက်မတစ်ကောင်လျှင် သက်တမ်း(၁)နှစ်ထိသာ ထားရှိ ပါသည်။ ကြက်စာဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်ခန့် ရှိကြောင်းသိရှိရပြီး ပြောင်းဖူး၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်အစရှိသည်များဖြင့်လည်း ရောစပ်၍ ကျွေးနိုင်ပါသည်။ ဥစားကြက်မများကို တစ်နေ့တာ၏  ပူပြင်းသောအချိန်ထက် အေးမြသောအချိန်တွင် အစာကျွေးပါက ပိုမိုအစာဝင်လွယ်၍ ပိုမိုစားသောက်ကြပါသည်။ ဥစားကြက်များသည် အသားစားကြက်များကဲ့သို့ လျှင်မြန်စွာကြီးထွားရန် မလိုအပ်သောကြောင့် အသားစားကြက်များကဲ့သို့ အစာခဲများကျွေးခြင်းထက် အစာမှုန့်များကျွေးခြင်းက ပို၍သင့်တော်ပါသည်။ အစာခဲများကိုကျွေးပါက လျှင်မြန်စွာစားပြီးသောအခါ အချင်းချင်းထိုးဆိတ်တတ်သော အကျင့်ဖြစ်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်တတ်သော ကြောင့်ဖြစ်ပါသည်။ ကြက်ဥဈေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့နယ်တွင်းရှိ ကြက်ခြံများမှ မန္တလေး၊ ကျောက်ဆည်၊ မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကြက်ဥဈေးနှုန်းအနေဖြင့် ကြက်ဥတစ်လုံးလျှင် (၄၀၀)ခန့်မှ(၅၀၀)ခန့်  နီးပါးအထိ အရွယ်အစား အလုံးအကြီးအသေးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။ ကြက်ခြံလက်ကားဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်( ၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဝင်ရောက်မှုများသည့်စတော်ဘယ်ရီ

 

             ဇန်နဝါရီလဒုတိယပတ်အတွင်းမန္တလေးစျေးကွက်သို့  ပြင်ဦးလွင်ဒေသထွက် စတော်ဘယ်ရီ သီးများ ဝင်ရောက်မှု များပြားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ စတော်ဘယ်ရီသီးနှံသည် ပြင်ဦးလွင်ဒေသရဲ့ အဓိကစိုက်ပျိုးတဲ့သီးနှံတစ်မျိုးဖြစ်ပြီး၊ ဒေသမျိုးစတော်ဘယ်ရီသီး(အလုံးသေး)မှာ ချဉ်သည့်အရသာရှိပြီး၊ စတော်ဘယ်ရီသီး(ထိုင်ဝမ်မျိုးအလုံးကြီး)မှာ အကြွပ်သီးအချဉ်အရသာနှင့် စတော်ဘယ် ရီသီး(ဂျပန်မျိုးအလုံးကြီး)မှာ ချိုမွှေးအရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်းသိရပါသည်။ မန္တလေးစျေးကွက်အတွင်းသို့  စတော်ဘယ်ရီသီးဝင်ရောက်မှုမှာပြင်ဦးလွင်ဒေသထွက်အသီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်ဒေသတို့မှထွက်ရှိသည့် အသီးများဝင်ရောက်ကြောင်း သိရှိရပါသည်။   မန္တလေးစျေးကွက်အတွင်းသို့   ဇန်နဝါရီလဒုတိယပတ်တွင်  စတော်ဘယ်ရီထိုင်ဝမ်မျိုးအကြွပ်ချဉ်သီးနှင့် စတော်ဘယ်ရီ ဂျပန်မျိုးချိုမွှေးသီးတို့  အများအပြားဝင်ရောက်လျက်ရှိပါသည်။ စတော်ဘယ်ရီသီးနှံမှာအရသာရှိပြီး စားကောင်းရုံသာမက  ကျန်းမာရေးအကျိုးပြုစေတဲ့   ဓါတ်များစွာပါဝင်ကြောင်း   သိရပါသည်။  စတော်ဘယ်ရီသီးနှံအား သီးနှံအတိုင်းစားသုံးခြင်း၊ ‌ယို၊ ဖျော်ရည်၊ ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ်တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင် ထည့်သွင်းသုံးစွဲကြောင်း သိရပါသည်။ စတော်ဘယ်ရီသီးနှံကို ဝါးခြင်းတောင်းငယ်များဖြင့်ထည့်၍လည်းကောင်း၊ ပလပ်စတစ်ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊ စက္ကူဂျပ်ဖာများတွင် ထည့်သွင်း၍လည်းကောင်း  ပုံစံမျိုးစုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါသည်။   စတော်ဘယ်ရီသီးနှံမှာ ဆောင်းနှောင်းရာသီနှင့် နွေဦးရာသီများတွင် ထွက်ရှိသည့်ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး၊ စားသုံးသူအများအပြားကြိုက်နှစ်သက်သည့် ကျန်းမာရေးအဟာရပြု သီးနှံတစ်မယ်ဖြစ်ပါသည်။    မန္တလေးစျေးကွက်သို့  စတော်ဘယ်ရီသီးများ ဒီဇင်ဘာလမှစ၍ စတင်ဝင်ရောက်ခဲ့ပြီး၊ ဇန်နဝါရီလဒုတိယပတ်တွင် စတော်ဘယ်ရီသီးနှံအများအပြား ဝင်ရောက်လာကြောင်းသိရပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်သည့်ပေါက်စျေးများအနေဖြင့်  တစ်ပိဿာလျှင်  ထိုင်ဝမ်မျိုးစတော်ဘယ်ရီ  အချဉ်သီး လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊ လက်လီစျေး  ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊   ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီး လက္ကားစျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/-   တို့ ဖြစ်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း စတော်ဘယ်ရီသီးအများအပြားဝင်ရောက်ခဲ့ပြီး အရောင်းသွက်သည့်သီးနှံအမယ်  တစ်မျိုးဖြစ်ကြောင်း    မြင်းတန်းစျေးရှိ    သစ်သီးရောင်းချသည့် ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ရာသီစာချဉ်‌ပေါင်ဖူးစျေးကွက်

              မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းစိုက်ပျိုးသည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ စိုက်ပျိုးသည့်ကုန်စိမ်းများနေ့စဉ် အများအပြား ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းကုန်စိမ်းစျေးနှင့် သီရိမာလာကုန်စိမ်းဈေးတို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ အဓိကထားရောင်းချလျက်ရှိသည့် လက်လီ/ လက္ကားစျေးများဖြစ်ပြီး၊ မြို့ပေါ်ရှိစျေးငယ်များမှတဆင့် ဝယ်ယူရောင်းချကြကြောင်း သိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံဝင်ရောက်သည့်အမယ်များအနက်  စားဖိုဆောင်ဟင်းလျာတစ်မယ်ဖြစ်သည့် ချဉ်ပေါင်ရွက်နှင့်ချဉ်ပေါင်သီးမှာ အိမ်တိုင်းစားသုံးသည့်ဟင်းတစ်မျိုးဖြစ်ပါသည်။ ချဉ်ပေါင်ပင်မှာ ရာသီမရွေးစိုက်ပျိုးသည့်ဟင်းသီးဟင်းရွက်ဖြစ်ပြီး၊ချဉ်ပေါင်ပင်မှာ တစ်ပင်လုံးအကျိုးရှိရှိသုံးနိုင် ကြောင်း သိရပါသည်။ ချဉ်ပေါင်ပင်မှ အဖူးထွက်သည့်အထိထားရှိသည့် ချဉ်ပေါင်ဖူးအား ဆောင်း ရာသီစာအဖြစ် စားသုံးကြကြောင်း သိရှိရပါတသည်။ ချဉ်ပေါင်ဖူးစားသုံးခြင်းဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B1,B2,B3 ၊ ဗီတာမင် C ၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့ဝင်တို့ ပါဝင်သည့်အတွက်သွားနှင့်သွားဖုံးများကျန်းမာစေခြင်း၊ အရိုးသန်မာစေခြင်း၊ အာရုံကြောအဖွဲ့အစည်း များနှင့်ကြွက်သားများဖွဲ့စည်းမှုတိုးတက်ကောင်းမွန်စေခြင်း၊ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ခြင်း၊ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ မောပန်းမှုကို လျော့နည်းစေခြင်း၊သွေးတွင်းအဆီဓာတ်ကိုကျစေခြင်း၊ ဓာတ်တိုးဆန့်ကျင်သည့်အာနိသင်များရှိခြင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်သောစိတ်ခံစားချက်များလျော့ကျစေခြင်း၊ ရောင်ကိုင်းခြင်းကို သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိစေကြောင်း သိရပါသည်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ်ကြော်စားခြင်း၊ ချက်စားခြင်း၊ထောင်းစားခြင်း၊အခြောက်ခံ၍ ချဉ်ပေါင်ဖူးရေနွေးကြမ်း အဖြစ်သောက် သုံးခြင်း၊ ယိုထိုးခြင်း၊ ချဉ်ပေါင်ဖျော်ရည်၊ချဉ်ပေါင်ဖူးဂျယ်လီ၊ဖျော်ရည်မှုန့်၊ ရှာလကာရည်၊ဖေျာ်ရည်မှုန့်၊ သောက်‌ဆေးများ၊ ချဉ်ပေါင်ဖူးဝိုင်၊ ချိုချဉ်၊ တော်ဖီ၊ သရေစာမုန့်၊ မျက်နှာပေါင်းတင်မှုန့်တို့ ပြုလုပ်စားသုံးကြကြောင်းသိရပါသည်။ ချဉ်ပေါင်ဖူးများအား စျေးကွက်အတွင်း ပြည်ချိန်ဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်းရောင်းချလျက်ရှိပြီး၊ဇန်နဝါရီလဒုတိယပတ်တွင် ချဉ်ပေါင်ဖူးစျေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် လက္ကားစျေး ၃၅၀ဝိ/- နှင့် ၄၀၀ဝိ/-၊လက်လီစျေး ၄၅၀ဝိ/-နှင့် ၅၅၀ဝိ/-စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။သီရိမာလာစျေးကုန်စိမ်းလက်လီ/လက္ကား စျေးသို့ ဟင်းသီးဟင်းရွက်မျိုးစုံဝင်ရောက်မှုအနေဖြင့်  နေ့စဉ် Canter (၆ ဘီး)(၁၂ဘီး) ယာဉ် (၄၀)စီး နှင့်(၆၀)စီးအကြားဝင်ရောက်လျက်ရှိကြောင်းပြီး ရာသီစာချဉ်ပေါင်ဖူးအမယ်မှာ ဇန်နဝါရီလ ဒုတိယ ပတ်အတွင်းအရောင်းသွက်သည့် ကုန်စိမ်းသီးနှံအမယ်တစ်မျိုးဖြစ်ပါကြောင်း ကုန်စိမ်းရောင်းချသည့် ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။

ရွှေမန္တလေးအပြန်လက်ဆောင် ထိုးမုန့်ဈေးကွက်

           မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့၊ ရွာအသီးသီးတွင် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့၊ ရွာတို့၏ ဂုဏ်ဆောင်သည့် နာမည်ကျော်ကြားသော ဒေသထွက်ကုန်၊ ဒေသထုတ်ကုန်များစွာရှိကြသည်။ နေရာဒေသအသီးသီးမှ နာမည်ကျော်ကြားသော ဒေသထွက်ကုန်များဖြစ်သည့် ချည်ထည်၊ လက်မှုပညာပစ္စည်း၊ စားသောက်ကုန်၊ သယံဇာတတွေလည်းရှိသလို မြန်မာ့ဓလေ့ကို ဖော်ဆောင်သည့် ရိုးရာအစားအစာများစွာရှိကြပါသည်။ ထိုကဲ့သို့များစွာရှိသည့်အနက် မန္တလေးတိုင်းဒေသကြီး၏ မန္တလေးထိုးမုန့်သည်လည်း နာမည်ကျော်ကြားသော ဒေသထွက်ကုန်တစ်မျိုး ဖြစ်ပါသည်။

         မန္တလေးမြို့သို့အလည်အပတ်ရောက်ရှိကြသူများတန်ဖိုးထားဝယ်ယူကြသည့် မန္တလေးထိုးမုန့်သည် လည်းဒေသထွက်ကုန်လက်ဆောင်တစ်မျိုးဖြစ်သည်။ စားသုံးသူများသည် ပစ္စည်းအမျိုးအမည်နှင့် အတူမြို့အမည်များကိုပါ တွဲလျက်မှတ်သားထားတတ်ကြပြီး မန္တလေးနှင့် ထိုးမုန့်သည်လည်းခွဲခြား၍ မရသောဒေသထွက်ကုန်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့တွင်ရှိသော ထိုးမုန့်ဆိုင်များမှာ TW၊ မြင့်မြင့်ခင်၊ တင်တင်အေး၊ ရွှေနှင်းဆီ၊ မမြဝင်း၊ မြတ်ရွှေစင်၊ ဝေဝေချို၊ ကြည်ရတနာ၊ မော်မော်စန်း စသည့်ဆိုင်များစွာရှိပါသည်။ ထိုနာမည်ကျော်ကြားသော ထိုးမုန့်ဆိုင်များမှရရှိနိုင်သော မုန့်အမျိုးအစား များမှာ စပါယ်ရှယ်အုန်းကြော်ထိုးမုန့်၊စပါယ်ရှယ်သီးစုံထိုးမုန့်၊ မလိုင်(ရိုးရိုး/ရှယ်) ထောပတ်ထိုးမုန့်၊ အထူးစပါယ်ရှယ်သီးစုံမလိုင်ထောပတ်ထိုးမုန့်၊ စပါယ်ရှယ်မလိုင်ဆိမ့်ထိုးမုန့်၊ သီဟိုဠ်ဆိမ့်ထိုးမုန့်၊ သီဟိုဠ်မလိုင်ဆိမ့်ထိုးမုန့်၊ ထန်းလျက်ထိုးမုန့်၊ ချိ(စ့်)ထိုးမုန့်များအပြင် ဂျယ်လီပူတင်း/ ပူတင်း အမျိုးမျိုး၊ ဆနွင်းမကင်းအမျိုးမျိုး၊ ယိုအမျိုးမျိုး၊လမုန့်အမျိုးမျိုးနှင့်အခြားမုန့်များလည်းရရှိနိုင် ပါသည်။ဈေးနှုန်းများအနေဖြင့် ထိုးမုန့်၂၅ကျပ်သားတစ်ထုပ်လျှင် ရိုးရိုး/ရှယ် အမျိုးအစားအလိုက် ကျပ်(၅၅၀၀/- မှ ၇၀၀၀/-)ထိ၊ ပူတင်း၂၅ကျပ်သား တစ်ထုပ်လျှင် ကျပ်(၇၅၀၀/-မှ၁၀၅၀၀/-ထိ)၊ ဆနွင်းမကင်း၂၅ကျပ်သားတစ်ထုပ်လျှင်ကျပ်(၇၅၀၀/-)၊လမုန့်(၁၀)ခုပါတစ်ဗူးလျှင်ကျပ်(၄၀၀၀/-မှ၉၀၀၀/-)ဖြင့်ရောင်းချပေးလျက်ရှိပြီး  ဈေးကွက်အနေဖြင့်  အခြားမြို့များသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကုန်းကန်ဇွန်းဥနှင့်ရေကန်ဇွန်းဥအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

               ကုန်းကန်ဇွန်းဥထွက်ရှိရာဒေသများဖြစ်ကြသည့် တောင်ကြီး၊ ပင်းတယ၊ ကလော၊ အောင်ပန်းနယ်များမှ  ထွက်ရှိသည့်ကန်ဇွန်းဥနှစ်မျိုးရှိသည်။ ရွှေနီကန်ဇွန်းဥနှင့် ခရမ်းရောင်ကန်ဇွန်းဥတို့ဖြစ်ပြီး ရေကန်ဇွန်းဥခေါ် ယာကွန်ဥမှာ အအေးပိုင်းဒေသများဖြစ်သည့် တောင်ကြီးမြို့နှင့် မိုးကုတ်မြို့တို့မှ အများဆုံးထွက်ရှိကြောင်းသိရှိရသည်။ ကန်ဇွန်းဥများကို မန္တလေးပွဲရုံများမှတစ်ဆင့် အနယ်နယ် အရပ်ရပ် ဈေးကလေးမြို့သို့ ဝယ်ယူရောင်းချကြသည်။ ကုန်းကန်ဇွန်းဥကို ပြုတ်၍သော်လည်းကောင်း၊ ဖုတ်၍သော်လည်းကောင်း၊ ကန်ဇွန်းဥယို  ပြုလုပ်၍ သော်လည်းကောင်း၊ အုန်းလုံးကြော်ပြုလုပ်၍သော်လည်းကောင်း ရောင်းချကြပြီး ခရမ်းရောင်ကန်ဇွန်းဥကိုမူပြုတ်၍ရောင်းချခြင်းနှင့် ကန်ဇွန်းဥမုန့်ခြောက်ပြုလုပ်ရာတွင် အသုံးများကြ သည်။ယခင်နှစ်က ရွှေနီကန်ဇွန်းဥတစ်ပိဿာလျှင်-၂၀၀၀ကျပ်၊ ခရမ်းရောင်ကန်ဇွန်းဥ တစ်ပိဿာလျှင်၄၀၀၀ကျပ်အထိရှိကြောင်းသိရှိရသည်။ရေကန်ဇွန်းဥခေါ်ယာကွန်ဥမှာတစ်ပိဿာ လျှင်၁၅၀၀၀မှ၁၆၀၀၀ကျပ်အထိအရွယ်အစားအလိုက်ရောင်းချကြောင်းသိရှိရသည်။ ရေကန်ဇွန်းဥ အသုံးပြုရာတွင် ကုန်းကန်ဇွန်းဥကဲ့သို့ ပြုတ်၍သော်လည်းကောင်း၊ ယိုထိုး၍သော်လည်းကောင်း စားသုံးရန်မဟုတ်ဘဲ အစိမ်းကိုအခွံနွှာပြီး စားကြသည်။ ရေကန်ဇွန်းဥသည် ပဲစိမ်းစားဥကဲ့သို့ အရည်ရွှမ်းပြီး အလွန်ချိုသည်။ရေကန်ဇွန်းဥစားသုံးခြင်းဖြင့် ဝမ်းမှန်/ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အဆီဓါတ်များကို ဖယ်ရှားပေးခြင်း၊ သွေးအတွင်းရှိ အချိုဓါတ်များကို လျော့နည်းစေခြင်း၊ အမျှင်ဓါတ်ပါ၍ အူမကြီးကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်းသိရှိရသည်။ ကန်ဇွန်းဥအမျိုးအစားနှစ်မျိုးလုံးကို တောင်ကြီးထွက်ကုန်များနှင့်ရောနှော၍ တစ်ရက်လျှင် ပီနံအိတ် ၃၀/၅၀ ခန့် ဝင်ရောက်လျက်ရှိကြောင်း ရောင်းချသည့်ပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်၌ နေကြာစိုက်ခင်းမျာ အောင်မြင်ဖြစ်ထွန်း

           နေကြာကို သီးသန့််၊သီးညှပ်(၂)မျိုးစိုက်ပျိုးနိုင််သည်။ လယ်မြေများတွင် စပါးရိတ်သိမ်း အပြီး တွင် စိုက်ပျိုးကြသလို၊ ယာမြေများတွင် မိုးသီနှံရိတ်သိမ်းပြီးချိန််များတွင် စိုက်ပျိုးကြသည်။ မိတ္ထီလာခရိုင် တွင် နေကြာကို မိုးရာသီနှင့်ဆောင်းရာသီမျာတွင် စိုက်ပျိုးကြသည်။ မိုး(နေကြာ)ကို (၃၇၄၇)ဧက  စိုက်ပျိုးကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နေကြာကို အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလ/ အောက်တိုဘာလဖြစ်သော်လည်း မြေအစိုဓာတ်လုံလောက်စွာရှိပါက နိုဝင်ဘာ/ ဒီဇင်ဘာလများအထိ စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။

           (၁)ဧကလျှင် မျိုးစေ့(၄)ပြည်မှ (၅)ပြည််ထိ စိုက်ပျိုးကြပြီး အတန်းအကွာအဝေးမှာ (၂)ပေနှင့် ပင်ကြား အကွာအဝေး(၉)လက်မခန့််ရှိကြောင်း၊(၁)ကျင်းလျှင် မျိုးစေ့(၂)စေ့မှ (၃)စေ့နှုန်း စိုက်ပျိုးကြပြီး အပင်သက်တမ်း(၁၅)ရက်သားအတွင်း (၁)ကျင်းလျှင် (၁)ပင်နှုန်းချန်၍ သားခွဲစိုက်ပျိုးရကြောင်း သိရှိရပါသည်။

           မြေဩဇာအအနေဖြင့် သဘာဝဓာတ်မြေဩဇာများထည့်သွင်းပေးရန်လိုအပ်ပါသည်။ သဘာဝ မြေဩဇာဖြစ်သည့် နွားချေး၊ကြက်ချေး(သို့)သဘာဝမြေဆွေးများကို မြေမပြုပြင်မီ (၁)ဧကလျှင် လှည်း(၅)စီး(၇)စီးခန့်ထည့်၍ ပြုပြင်ရပါကြောင်း၊နေကြာပွင့်၏ ပွင့်ဖတ်အုံအဝါရောင်ပြောင်းသွားပြီး ပန်းပွင့်တစ်ဝိုက်ရှိအရွက်များ အညိုရောင်သို့ပြောင်းသွားချိန်တွင် ရိတ်သိမ်းရပါကြောင်း၊ ယခုအချိန်တွင် နေကြာသီးနှံစိုက်ခင်းများမှာ အပွင့်များဝေဝေဆာဆာ ဖြင့်ပွင့်လန်းအောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီးနေကြာ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်းများ ကောင်းမွန်ပါက အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း နေကြာစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ ဘဲကန်ဈေးရှိသီးနှံဈေးနှုန်းဈေးကွက်

           မိတ္ထီလာမြို့ရှိ   ဘဲကန်ဈေး(သို့)(၈)နာရီလက်ကား ဟင်းသီးဟင်းရွက်ဈေးသည် မိတ္ထီလာခရိုင် အတွင်းရှိ မြို့နယ်များနှင့် မိတ္ထီလာမြို့ရှိ ကုန်စိမ်းရောင်းချသူများ တဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူကြသည့်ဈေးဖြစ်ပါသည်။ ဘဲကန်ဈေး(သို့)(၈)နာရီဈေးတွင် မိတ္ထီလာမြို့နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသော ဆည်ကုန်း၊ ချမ်းသာကြီး၊ ကြက်မောက် ရွာတို့မှ လာရောက်ရောင်းချကြပြီး အခြားဒေသများ ဖြစ်သည့် တပ်ကုန်း၊ အောင်ပန်း၊ ပြင်ဦးလွင်မြို့များမှ ဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ရောင်းဝယ်ဖောက်ကား‌ကြောင်းသိရသည်။

           ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ဘဲကန်ဈေး(သို့)(၈)နာရီဈေးတွင်းရှိ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ထောပတ်ပဲ တစ်ပိဿာ (၈၅၀၀) ကျပ်၊ ပဲလိပ်ပြာတစ်ပြည် (၇၀၀၀) ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာ (၂၅၀၀) ကျပ်၊ ခရမ်းချဉ်သီးရှမ်းသီးတစ်ပိဿာ (၂၀၀၀-၃၀၀၀)ကျပ်၊ ကန်စွန်း ရွက်တစ်ပိဿာ(၁၅၀၀) ကျပ်၊ ပြောင်းဖူး(၁၀)ဖူး (၄၀၀၀) ကျပ်၊ မုန့်လာဥ ငါးလုံးပါတစ်တွဲ (၄၀၀) ကျပ်နှင့် ရှမ်းကုန်များဖြစ်သော ခါကြက်ဥတစ်ပိဿာ (၂၅၀၀-၃၀၀၀) ကျပ်၊ဘိုစားပဲသီဂတစ်ပိဿာ (၂၀၀၀-၃၀၀၀) ကျပ်၊ ပန်းဂေါ်ဖီပွင့်တစ်ပွင့် (၁၀၀၀-၁၅၀၀) ကျပ၊ ဂေါ်ဖီထုတ်တစ်ထုပ် (၈၀၀-၁၀၀၀) ကျပ်၊ မုန်ညှင်းဖူး(၁၀)စည်းပါတစ်စည်း (၁၃၀၀) ကျပ်၊ငရုတ်သီးစိမ်းတစ်ပိဿာ (၃၀၀၀)ကျပ်၊ မုန်ညှင်း ထုတ်တစ်ပိဿာ (၁၅၀၀) ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခု ဇန်နဝါရီလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၈၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၆၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၆၅၅၀) ကျပ်၊ နေကြာ ဖတ်တစ်ပိဿာလျှင် (၃၆၀၀)ကျပ်၊ ယခင် ဒီဇင်ဘာလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၇၅၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်း (ဖြူ) တစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀)ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၉၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၅၉၅၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၁၀၀)ကျပ်ဖြင့် ရောင်းဝယ် ဖြစ်လျက်ရှိပြီး၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ယခုလကာလတူ နှိုင်းယှဉ်လျှင် ဆီထွက် သီးနှံဈေးနှုန်းမျာကျဆင်းပြီးနှင့် ပဲဖတ်၊နှမ်းဖက်၊နေကြာဖက်ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရှိရသည်။

            ယခု ယခင် ဇန်နဝါလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ယခင် ဒီဇင်ဘာလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ် စျေးရောင်းဝယ်လျက်ရှိပြီး၊ စျေးရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၅၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါ သည်။

          ယခု ယခင် ဇန်နဝါရီလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင်ဝါတစ်ပိဿာလျှင် (၄၈၀၀) ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ကြက်သွန်နီ တစ် ပိဿာလျှင် (၂၂၀၀) ကျပ် ၊ ယခင်ဒီဇင်ဘာလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ် ပိဿာလျှင် (၃၂၅၀)ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ် ၊ ရှိပြီး ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင်ဝါတစ်ပိဿာလျှင် (၁၅၅၀) ကျပ်ဈေးနှုန်းမြင့်တက်လာ ကြောင်း၊ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သစ်တစ်ပိဿာလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်လာပြီး၊ ကြက်သွန်နီတစ်ပိဿာလျှင် (၇၀၀) ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဖြင့်အကျိုးအမြတ်များစွာရရှိ

          မိတ္ထီလာမြို့ဈေးကွက်တွင် ဒေသတွင်းထွက်ရှိသော ဗမာခရမ်းချဉ်သီး၊ ထိုင်ဝမ်သီး ခရမ်းချဉ်သီးနှင့် ရှမ်းပြည်နယ်အောင်ပန်းဘက်မှလာသော ရှမ်းသီးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ်တွင် ခရမ်းချဉ်သီးကို ရွာကန်၊ဂွေ့အိုင်၊ရွာသစ်၊မကျီးကုန်း၊ ကျောက်ဖူး၊ မယ်ဇလီကုန်း၊ ကံတောင်၊ကျေးရွာများတွင် မိသားစုအပိုဝင်ငွေ ရရှိအောင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချကြရာ ယခုအခါ ဈေးကွက်အတွင်း ခရမ်းချဉ် သီးဈေးကောင်းရ၍ ခရမ်းချဉ်သီး (ပြည်ပ) မျိုးများကို တစ်နှစ်သုံးကြိမ် စိုက်ပျိုး ကြောင်းသိ ရပါသည်။ မိုးရာသီ ဇွန်လတွင် စိုက်ပျိုးကြပြီး သြဂုတ်လ နှင့်အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ တွင် ဧကလိုက် စိုက်ပျိုးခြင်းနည်းပြီး တစ်ပိုင်တစ်နိုင်ပျိုးထုတ် အလိုက်စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ် သီးမျိုးများမှ Sungenta ကုမ္ပဏီမှ (111) တံဆိပ်နှင့် ချီရာထိုင်းကုမ္ပဏီမှ (100) တံဆိပ်၊ (909)တံဆိပ်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ (111) တံဆိပ်မျိုးစေ့ (5kg) တစ်ထုပ်လျှင် (၃၆၀၀၀) ကျပ် နှင့် (100) တံဆိပ်မျိုးစေ့ (5 kg) တစ်ထုပ်လျှင် (၂၈၀၀၀) ကျပ်၊ (909)တံဆိပ်(5 kg) တစ်ထုပ်လျှင် (၃၃၀၀၀) ကျပ်ဈေးရှိပြီးအပင်ပေါက်နှုန်း(၈၀%)ခန့်ရှိကြောင်းသိရပါသည်။

             ခရမ်းချဉ်သီးစိုက်ပျိုးရာတွင်  မျိုးစေ့တစ်ထုပ်လျှင်မြေ(၀.၁၅)ဧက ပေါ်တွင် ပျိုးပင် (၁၂၀၀) ခန့် စိုက်ပျိုးနိုင်ပြီး ပျိုးပင်(၂၀) ရက်သားခန့်တွင် ပြောင်းရွေ့ စိုက်ပျိုးရပါကြောင်း၊ ပျိုးအိတ် တစ်ပေါင်ခွဲ တစ်ထုပ်လျှင်(၆၃၀၀) ကျပ်ရှိကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးရန် ထွန်ယက်ခြင်း၊ မြေပြု ပြင်ခြင်း၊ တန်းဆွဲခြင်း၊ ရေတင်ခြင်း၊ ဘောင်တင်စိုက်ပျိုးခြင်းတို့အတွက် လုပ်သားခ  (၂၂၀၀၀၀)ကျပ်၊ သွင်းအားစု မြေဩဇာကို သုံးကြိမ်ကျွေးရပြီး သွင်းအားစုနှင့် ပိုးသတ်ဆေး၊ မှိုရောဂါကာကွယ်ဆေး၊ အပင်၊ အသီး၊ အပွင့်အားဆေးများ အသုံးပြုခြင်းအတွက် (၂၅၀၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တိုင်ထောင် ခြင်းအတွက် တိုင်(၄၅၀)လုံးအသုံးပြုရပြီး တိုင်နှင့်ကြိုးတန်ဖိုး(၁၅၀၀၀၀)ကျပ်၊ ခူးဆွတ်သည့် လုပ်အား ခအနေဖြင့် (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး စုစုပေါင်း (111) တံဆိပ်မျိုးစေ့ထုပ်တစ်ထုပ်စိုက်ပျိုးလျှင် (၇၆၂၃၀၀) ကျပ် ကုန်ကျစရိတ်ရှိကြောင်းသိရပါသည်။ မျိုးစေ့တစ်ထုပ်လျှင် အပင်ဖြစ်ထွန်းမှု (၁၂၀၀) ပင်ရှိပြီး၊ စတင်စိုက်ပျိုးပြီးရက်ပေါင်း(၇၅)ရက်တွင်စတင်ခူးဆွတ်ရပြီး ခူးဆွတ်ကာလမှ (၂)လခန့်ထိ ခူးဆွတ်နိုင်သဖြင့် မျိုးစေ့တစ်ထုပ် စိုက်လျှင် ခရမ်းချဉ်သီး (၂၀၀၀) ပိဿာထွက်ရှိပါသည်။

           မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး၊ ယခုလက်ရှိတွင် ဒေသတွင်း အောက်တိုဘာလမှ စိုက်ပျိုးသော ခရမ်းချဉ်သီးများဈေးကွက်ဝင်ရောက်လာသဖြင့် ရှမ်းပြည်နယ်ဘက်မှ အဝင်နည်းလာကြောင်း၊ ဒေသထွက် ခရမ်းချဉ်သီးများကို မိတ္ထီလာခရိုင်အတွင်း မြို့နယ်များသို့ ရောင်းချကြပြီး  ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်၊ လက်လီဈေးကွက်တွင် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ထိုင်ဝမ်းသီး တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်ဈေးခန့်ရှိသဖြင့် ခရမ်းချဉ်စိုက်တောင်သူများလည်း အကျိုးအမြတ်များစွာရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကြောင်ပန်းပင် စိုက်ပျိုးမှုနှင့်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

          ကြောင်ပန်းပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်ရောက်သောအပင်တစ်မျိုးဖြစ်သည်။ ကြောင်ပန်းကြီးနှင့် ကြောင်ပန်းငယ်ဟုအမျိုးအစား (၂)မျိုးရှိပြီး အရွက်ကို ခွဲ၍သတ်မှတ်နိုင်ပါသည်။ အရွက် ၅ ရွက်စုထွက်လျှင် ကြောင်ပန်းကြီးဖြစ်၍ အရွက်ချွန်ပြီး အညိုရောင်ဖြစ်သည်။ အရွက် ၃ ရွက်ထွက်ပါက ကြောင်ပန်းငယ်ဖြစ်၍ အရွက်ခပ်ဝိုင်းဝိုင်း ပုံသဏ္ဍာန်ရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူတစ်ဦးမှာ ကြောင်ပန်းပင်များကို လွန်ခဲ့သည့် (၁၀)နှစ်ဝန်းကျင်ခန့်မှစ၍ ဧကဝက်ခန့်စိုက်ပျိုးခဲ့ပြီး ယခုအခါကြောင်ပန်းစေ့ဈေးကောင်းလာသောကြောင့် (၃)ဧကခန့် တိုးချဲ့စိုက်ပျိုးလာခဲ့ကြောင်းသိရှိရသည်။ကြောင်ပန်းပင်များကို ကိုင်းဖြတ်၍ အပင်ပျိုး စိုက်ပျိုးကြောင်းသိရသည်။ကြောင်ပန်းသီးများမှာ ဇွန်လနှင့်ဇူလိုင်လ များတွင် အထွက်နှုန်းပိုများပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အထွက်နှုန်းလျော့နည်းကြောင်း သိရှိရသည်။ ကြောင်ပန်းပင် သည် ရေသွင်းစိုက်ပျိုးလျှင် တစ်နှစ်လုံးနီးပါး အသီးသီးကြောင်း သိရှိရပြီး (၁)နှစ်သားအရွယ်တွင် အများအပြားခူးဆွတ်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။ကြောင်ပန်းသီးများကို နေပူတွင်(၂)ရက်ခန့်လှန်းရပြီး ပြန်လည်သန့်စင်ရကြောင်း၊ အစေ့အပြင်ခူးဆွတ်ရာတွင် ရောနှော ပါဝင်လာသော အရွက် (အခြောက်) များကိုလည်း ရောင်းချနိုင်ကြောင်းသိရှိရသည်။ ကြောင်ပန်းဈေးကွက်အနေဖြင့် မန္တလေးမြို့သို့တင်ပို့ ရောင်းချကြောင်းသိရသည်။ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလအတွင်း ကြောင်ပန်းစေ့အခြောက် တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်ခန့်၊ကြောင်ပန်းရွက်အခြောက် တစ်ပိဿာလျှင် (၁၃၀၀-၁၅၀၀) ကျပ်ခန့် ရောင်းချရသဖြင့် ကြောင်ပန်းစိုက်တောင်သူများအတွက် မိသားစုအပိုဝင်ငွေရရှိကာ ပိုမိုအဆင်ပြေလာကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း