မိတ္ထီလာခရိုင်၌ ကြက်သွန်နီဈေးနှုန်းအနည်းငယ်ကျဆင်း
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီဈေးလက္ကားဈေး အနည်းငယ်ကျဆင်းသကဲ့သို့ နယ်ဝေးသို့တင်ပို့မှုမှာလည်း လျော့နည်းလာကြောင်းသိရသည်။ ယခင်တွင် ရန်ကုန်၊ ပဲခူးသို့ ပုံမှန်ပို့နိုင်ပြီး နယ်စပ်လမ်းကြောင်းများသို့ပါ တင်ပို့နိုင်ခြင်းကြောင့် ကုန်တင်ယာဉ်များအတွက် အကျိုးအမြတ်များခဲ့ပါသည်။ တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်သို့ Over Sea မှလည်းကောင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံများသို့ နယ်စပ်လမ်းကြောင်းဖြစ်သည့် မြဝတီမှလည်းကောင်း တင်ပို့ကြောင်းသိရသည်။ ယခုအခါ ပစ္စည်းအရည်အသွေးနှင့် သိုလှောင်ချိန်နှင့် ရာသီဥတုအခြေအနေအရ အရည်အသွေးကျဆင်းလာခြင်း၊ နယ်စပ်ငွေလဲနှုန်းကျဆင်းခြင်းတို့ကြောင့် တစ်ပတ်အတွင်း တင်ပို့နိုင်ခြင်းမရှိကြောင်းသိရသည်။ တစ်ပတ်အတွင်း ပုံမှန်တင်ပို့နေသော ရန်ကုန်သို့လည်း (၁၂) ဘီးကားနှစ်စီး၊ ကုန်ချိန် (၁၀) တန်ခန့်နှင့် ပဲခူးသို့ (၆) ဘီးကားဖြင့် ကုန်ချိန်(၁.၅) တန်ကျော်တင်ပို့နိုင်ခဲ့ပါသည်။ ကုန်တင်ခများမှာ မြှင့်တင်မှုမရှိဘဲ ရန်ကုန်သို့ တစ်ပိဿာတင်ပို့ခမှာ (၁၂၀) ကျပ်၊ ပဲခူးသို့ တစ်ပိဿာတင်ပို့ခမှာ (၁၀၀) ကျပ်ရှိပြီး ကြက်သွန်နီဈေးလက်ကားဈေးမှာ ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် (၂၀၀-၃၀၀) ကျဆင်းရာ လက်ရှိဈေးမှာ လက်ကားဈေးတစ်ပိဿာလျှင် ကျပ် (၂၈၀၀-၂၇၀၀) ရှိကြောင်းဈေးကွက်မှသိရပါသည်။
DOCA(မန္တလေး)