အညာဒေသမှထွက်ရှိသော ထန်းလျှော်ကုလားထိုင်
အညာဒေသတွင် ထန်းပင်များစွာရှိပြီး ထန်းပင်မှရရှိသော ထုတ်လုပ်ကုန်ပစ္စည်းများစွာရရှိသည့်အနက် ထန်းလျှော်ကုလားထိုင်မှာ လူသားတို့အတွက် အပန်းဖြေစရာတစ်ခုလည်းဖြစ်ပါသည်။ ထန်းလျှော်ကုလားထိုင်များကို ပခုက္ကူမြို့နယ်၊ ချောက်ကန်အုပ်စု၊ အနောက်ချောက်ကန်ရွာ၊ လက်ပန်ကန်ကျေးရွာတို့မှ အများဆုံးပြုလုပ်ရောင်းချနေကြောင်း ချောက်ကန်ရွာသူ၊ ရွာသားများထံမှသိရှိရပါသည်။ ချောက်ကန်ကျေးရွာမှ ယာခင်းများ၏ ဘေးပတ်ပတ်လည်တွင် ထန်းပင်များစွာစိုက်ပျိုးထားရှိပါသည်။
ထန်းလက်များတွင် ထန်းလက်ကြီးနှင့် ထန်းရိုင်လက်ဟူ၍ (၂)မျိုးရှိသည့်အနက် ထန်းလက်ကြီးသည် ဗျပ်ပိုကြီးသောကြောင့် ထန်းပက်လက်ကုလားထိုင်ပြုလုပ်ရာတွင် ထန်းလက်ကြီးများကို အသုံးပြုရကြောင်း၊ ထန်းလျှော်ကုလားထိုင်ပြုလုပ်ရန်အတွက် ထန်းလျှော်များလိုအပ်ပါကြောင်း၊ ထန်းလျှော်များကိုဝယ်ယူရန်အတွက် ထန်းတက်သမားများဆီမှ ထန်းလျှော်ချောင်းတစ်ချောင်းလျှင် ကျပ်(၁၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ထန်းတက်လုပ်သားခမှာ တစ်ပင်လျှင် ကျပ်(၃၀၀၀)ဖြင့် တစ်နေ့လျှင် (၇)ပင်ဆောင်ရွက်နိုင်ကြောင်း၊ ပထမဦးစွာ ထန်းလျှော်များကိုတိုင်းထွာ၍ စာရေးသပ်ပြီး နေပူခံကာ အခြာက်လှန်းထားရကြောင်း၊ ယင်းသို့ နေပူခံ၍အခြောက်လှန်းထားသောထန်းလက်များဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်များသည် ရေရှည်ခိုင်ခန့်မှုရှိပြီး ထန်းလျှော်ကုလားထိုင်(၁)လုံးတွင် စုစုပေါင်းထန်းလက်(၂၀)ခန့်ပြုလုပ်ရကြောင်း ထန်းလျှော်ကုလားထိုင်ပြုလုပ်သူများထံမှသိရှိရပါသည်။
ထန်းလျှော်ကုလားထိုင်များကို ထန်းသားများဖြင့် သီးသန့်ပြုလုပ်ကာရောင်းချသူများရှိသကဲ့သို့ ထန်းသားနှင့်ဝါးရော၍ ပြုလုပ်ရောင်းချသူများလည်းရှိပါသည်။ ထန်းသားသီးသန့်ဖြင့်ပြုလုပ်ထားသော ပက်လက်ကုလားထိုင်များသည် ဝါးနှင့်ရော၍ပြုလုပ်သောကုလားထိုင်များထက် ပိုမိုခိုင်ခန့်ပြီး ဈေးပိုရကြောင်း၊ ယခင်နှစ်တွင် ထန်းလျှော်ကုလားထိုင်တစ်လုံးလျှင် ကျပ်(၄၀၀၀)၊ ကျပ်(၅၀၀၀)ရောင်းချရကြောင်း၊ ယခုနှစ်တွင် ထန်းလျှော်ကုလားထိုင်တစ်လုံးပြုလုပ်ရန်အတွက် ဝါး(၂)လုံးလိုအပ်ကြောင်း၊ ထန်းလျှော်မှ ပက်လက်ကုလားထိုင်အပြင် အိပ်စင်၊ ပုဂံစင်များကိုလည်းပြုလုပ်ရောင်းချနေကြောင်း၊ ကုလားထိုင်တစ်လုံးလုပ်သားခမှာ တစ်လုံးလျှင် ကျပ်(၃၀၀၀-၅၀၀၀)ပေးရပြီး ကုလားထိုင်တစ်လုံးလျှင် ကျပ်(၁၀၀၀၀)ဖြင့်ရောင်းချရကြောင်း၊ အိပ်စင်တစ်လုံးပြုလုပ်ရန်အတွက် ထန်းလျှော်(၁၅)ချောင်းဖြင့်ပြုလုပ်ရကြောင်း၊ အိပ်စင်တစ်လုံးလျှင် ကျပ်(၁၂၀၀၀)၊ ပုဂံစင်တစ်လုံးလျှင် ကျပ်(၁၂၀၀၀)ဖြင့်ရောင်းချရကြောင်း ချောက်ကန်ရွာသားများထံမှသိရှိရပါသည်။
DOCA(မကွေး)