Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ ( ၁၄ )ရက်နေ့မှ ဒီဇင်ဘာလ ( ၂၀ )ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီး ၅ ပိဿာပါ တစ်ခြင်းလျှင် ကျပ် ၇၀၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၁၈ ကျပ်သားပါ အလုံးကြီးတစ်ဘူးလျှင် ကျပ် ၂၀၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀ ၊ ပြည်မှ ဆီးသီး (အချဉ်သီး) ၁၃ ပြည်ပါ အလုံးကြီးသေတ္တာတစ်လုံးလျှင် ကျပ် ၁၃၀၀၀၊  ဆင်ဖြူကျွန်းမှ  ဆီးသီး(စလေ)  ၈ ပြည်ပါ အလုံးကြီးတစ်ခြင်းလျှင် ကျပ်  ကျပ် ၁၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၈၀၀ မှ ၅၀၀၊ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ် ၆၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၄၀၀၀ မှ ၃၀၀၀၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ် ၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ၁၀၀၀၊ မှော်ဘီ၊ တိုက်ကြီ မှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၃၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ် ၈၀၀ မှ ၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)မှသိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွှန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

        ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၉-၁၂-၂၀၂၂ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့်အတူ ရောင်းချလျက်ရှိသောကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးကွက်အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲမွေးမြူရေး ခြံများသို့သွားရောက်၍ ခြံဖမ်းစနစ်ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ်ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသောကြက်/ဘဲများကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ ရောင်းချလျက်ရှိပါသည်။

      ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၀၀၀/၁၃၀၀၀)ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၅၅၀၀/၅၆၀၀)ကျပ်၊ မွေးမြူရေးကြက် ထီး/မ ၁ ပိဿာလျှင် (၆၅၀၀/၈၅၀၀)ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၈၅၀၀/၉၅၀၀)ကျပ်၊ ချယ်ရီဘယ်ရီ ၁ ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန်ပျမ်းမျှစုစုပေါင်း (၇၂၃၀၀) ပိဿာခန့် ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

နိုင်ငံ့စီးပွား MSME စွမ်းအား

       ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ NAYPYITAW WHOLESALE ၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူများ ဒေသထွက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် အချိန်ကုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်ရည်ရွယ်၍  MSME လုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်စီစဥ်ပေးသော မြန်မာနိုင်ငံအတွင်း အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်းများ၏ ပြည်တွင်းဒေသထွက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးအတွက် “ခရစ်စမတ်နှင့် နှစ်သစ်ကူးအကြို ဈေးရောင်းပွဲတော်”အား (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နေပြည်တော် MSME ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

      နိုင်ငံတော်အကြီးအကဲမှလည်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ၊ ငွေကြေးများ ထောက်ပံ့ပေးပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အတွက် အနာဂါတ်တွင် ပြည်သူများ ပြည်တွင်းထုတ်ကုန်များကို အသုံးပြုလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ပြည်တွင်းထုတ်ကုန်များကိုသာ သုံးစွဲလိုသော အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ပါသည်။

       ထိုဈေးရောင်းပွဲတော်တွင် ရောင်းချမည့်ထုတ်ကုန်များသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး အရည်အသွေးမြင့်မားသောကုန်ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။ စီးပွား‌ရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို အများနှင့်တစ်နေရာတည်း ရောင်းချနိုင်သည့် ဈေးကွက်အခွင့်အလမ်းကောင်းများရရှိနိုင်ခြင်း၊ စားသုံးသူပြည်သူများအနေဖြင့် တစ်နေရာတည်းတွင် မိမိတို့ကြိုက်နှစ်သက်သောပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူသုံးစွဲနိုင်သည့်အခွင့်အရေးများရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် စားသုံးသူပြည်သူများအတွက် အဆင့်မြင့်ဒေသထွက်ကုန်များ ပေါ်ပေါက်လာမည့်အပြင် နိုင်ငံ၏ဒေသထွက်ကုန်များကို တိုးမြှင့်ဝယ်ယူ စားသောက်နိုင်ပြီး ပြည်ပမှတင်သွင်းလာသည့်ကုန်ပစ္စည်းများအား ဝယ်ယူအသုံးပြုမှု လျှော့ချစေနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်မိပါသည်။

DOCA(နေပြည်တော်)

ဟင်္သာကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အနီ) ဈေးကောင်းရလျက်ရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်သည် ပဲမျိုးစုံကို အဓိကထားရောင်းဝယ်သည့် ကုန်စည်ဒိုင်ဖြစ်သည့်အားလျော်စွာ ဒီဇင်ဘာလဆန်းတွင် ဆောင်းသီးနှံကိုင်းပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပါသည်။ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် မတ်ပဲ(အဟောင်း)တစ်တင်းလျှင် ၅၉၅၀၀ ကျပ်၊ မတ်ပဲ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲတီစိမ်း(ဆီပြောင်) အသစ်တစ်တင်းလျှင် ၄၇၀၀၀ ကျပ်၊ပဲလွန်းဖြူ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲလွန်းနီ(အသစ်)တစ်တင်းလျှင် ၅၀၀၀၀ ကျပ်၊ ပဲယင်း(အနီ)အသစ်တစ် တင်းလျှင် ၅၅၀၀၀ ကျပ်၊ ပဲပုတ်(ဆီတိုး)အသစ်တစ်တင်းလျှင် ၅၀၀၀၀ ကျပ်၊ ပဲတီစိမ်း(အနီ)အသစ် တစ်တင်းလျှင် ၈၈၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ကာလတူဈေးနှုန်းများ ထက် ကျပ် ၅၀၀၀ မှ ၂၀၀၀၀ ကျပ်ခန့်ထိဈေးပိုရလျက်ရှိပါသည်။ ပဲတီစိမ်း(အနီ)မှာ ဈေးအကောင်းဆုံး ဖြစ်ကာ ယခင်နှစ်ကာလတူထက် ကျပ် ၂၀၀၀၀ ခန့် ဈေးပိုရလျက်ရှိပြီး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် တွင် ၂၀၁၉ ခုနှစ်မှ စတင်စိုက်ပျိုးခြင်းဖြစ်ပါသည်။ ပဲတီစိမ်း(အနီ)စိုက်ဧကများ နှစ်စဉ်တိုးတက်လာကာ တစ်ဧကတင်း ၃၀ မှ ၄၀ ကြားထွက်ရှိသည့်အတွက် ကိုင်းစိုက်တောင်သူတို့ နှစ်စဉ် တွက်ချေကိုက် အကျိုးဖြစ်ထွန်းလျက်ရှိသည့် ဆောင်းသီးနှံ ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြို့သစ်မြို့နယ်၌ ဆီးသီးအစို/အခြောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

       မြို့သစ်မြို့နယ်ရှိ တလင်းကုန်း၊ စည်သာ၊ မကျီးကုန်းကြီးကျေးရွာ အစရှိသည့် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသောဆီးသီးအစို/အခြောက်များမှာ ဒီဇင်ဘာလပထမပတ်မှစတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သဘာဝအလျောက် ပေါက်ရောက်နေသောဆီးပင်များမှ အချဉ်ဓါတ်ရှိသောဆီးသီးကို ဆီးယိုအဖြစ်လည်းကောင်း၊ ဆီးချိုပင်များဖြင့်ကာရံ၍ ဆီးခြံများအဖြစ် စိုက်ပျိုးလျက်ရှိပါသည်။

     ယခင်နှစ်ကဆီးချဉ်ကို မြို့ပေါ်ပွဲရုံရှိ ဆီးခွဲစက်များမှဆီးဆံကိုထုတ်ယူပြီး မန္တလေးပွဲရုံများသို့ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၅၀၀၀၀)ဝန်းကျင်ဖြင့် ရောင်းချခဲ့ကြပြီး ဆီးသီးအစို/ အခြောက်ပေါ်မူတည်၍ ဆီးသီး(၁)တင်းလျှင် ကျပ်(၂၅၀၀)မှ ကျပ်(၃၀၀၀)ဖြင့်ရောင်းချခဲ့ရပါသည်။ ယခုနှစ် ဒီဇင်ဘာလပထမပတ် ဆီးသီးစပေါ်ချိန်တွင် ဆီးသီးအစို/ အခြောက်ပေါ်မူတည်၍ ဆီးသီး(၁)တင်းလျှင် ကျပ်(၇၀၀၀)ဖြင့် ဝယ်ယူလျက်ရှိပါသည်။ ထို့အပြင် ဆီးခွဲစက်များမှဆီးသီးများအား ကြိတ်ခွဲပြီးထွက်ရှိလာသော အလေအလွင့်ဆီးခွဲခြမ်းနှင့် ဆီးဖက်များကိုလယ်ယာမြေထဲတွင် မြေဩဇာအဖြစ်ပြန်လည်အသုံးပြုခြင်းနှင့် ဇီးခွဲခြမ်းများအား လောင်စာအဖြစ်ရောင်းချရကြောင်း ဆီးကြိတ်ခွဲစက်ပိုင်ရှင် ဦးမောင်ဌေးထံမှ သိရှိ ရပါသည်။

DOCA(မကွေး)

 

ဟင်္သာတကုန်စည်ဒိုင်သို့ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ ၁၃ ရက်မှစ၍ မတ်ပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပြီး မတ်ပဲအသစ် တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ အဟောင်းတစ်တင်းလျှင် ၅၉၅၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ် ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခြင်းမရှိသဖြင့် မြေနုကျွန်းများ ရေနစ်မြုပ်မှုမရှိသည့်အတွက် ဇူလိုင်လကုန်ကပင် ကိုင်းသီနှံများ စိုက်ပျိုးကြာရာ မြေနုကျွန်းရှိသော ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များမှ မတ်ပဲအသစ်များ ဒီဇင်ဘာလဆန်းတွင် စတင်ထွက်ရှိပြီး ဈေးကွက်ဝင်ရောက်လာခြင်းဖြစ်ပါသည်။ ယခင်နှစ် ကာလတူအချိန်တွင် မတ်ပဲတစ်တင်းလျှင် ၄၂၀၀၀ ကျပ်ခန့်သာရှိသည့်အတွက် ယခုနှစ်တွင် ၁၈၀၀၀ ကျပ်ခန့် ဈေးပိုရရှိပြီး တောင်သူများဈေးကောင်းရလျက်ရှိပါသည်။ ဟင်္သာတကုန်စည်ဒိုင်တွင် နေ့စဉ် မတ်ပဲ(အဟောင်း) အိတ် ၁၂၀၀ ခန့်၊ မတ်ပဲ(အသစ်) အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။

DOCA(ဧရာဝတီ)

ဆိပ်ဖြူကြက်သွန်နီ ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ဩဂုတ်လရွာသွန်းမိုးဖြင့် စက်တင်ဘာလတွင် စိုက်ပျိုးသော (မိုးစိုက်)(ဥစိုက်)ကြက်သွန်နီများာကိုး ဒီဇင်ဘာလဆန်းတွင် တူးဖော်၍ (၁)ရက်လျှင် ကုန်ချိန်(၃၀၀၀ မှ ၁၀၀၀၀) အထိ ကြက်သွန်နီပွဲရုံများနှင့် ဈေးတန်းများတွင် နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မိုးကြက်သွန်နီ(အသစ်)ပေါ်စရာသီဖြစ်၍ ဈေးကွက်အတွင်းသို့ ကုန်ချိန်အဝင်နည်းနေသေးသော်လည်း ဇန်နဝါရီလတွင် (ဥစိုက်)ကြက်သွန်နီများ လှိုင်လှိုင်တူးဖော်ရမည်ဖြစ်၍ ကုန်ချိန်အဝင်များလာမည်ဖြစ်ကြောင်း သိရှိရသည်။

          ကြက်သွန်နီဈေးကွက်အတွင်း ကြက်သွန်နီ(အသစ်)များအဝင်နည်းပြီး အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် (မိုး)ကြက်သွန်နီ(အသစ်)ပေါ်ချိန်တွင် (၁)ပိဿာလျှင် အနိမ့်ဈေး(၅၀၀)ကျပ်မှ အမြင့်ဈေး(၇၀၀)ကျပ်အထိဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် ထိပ်စ (၁)ပိဿာလျှင်  ကျပ်(၂၉၅၀ မှ ၂၇၀၀)အထိ၊ အလတ်စ(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ၂၃၀၀)အထိ၊ အသေးစ(၁)ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၀၀၀)ခန့်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုနှစ် ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ဈေးကောင်းစေရန်အတွက် တောင်သူများမှာ စောစောစိုက်ပျိုးကြပြီး မိုးအကြိမ်ကြိမ်ရွာသွန်းခြင်းကြောင့် အပင်ပေါက်မစုံလင်သည့်အပြင် အပင်ဖြစ်သန်မှုနည်းခြင်းကြောင့် ကြက်သွန်နီပိဿာချိန်အထွက်နှုန်း လျော့နည်းသွားခြင်းကြောင့် သီးနှံပေါ်စကုန်ချိန်အဝင်နည်းကြောင်း ကြက်သွန်နီစိုက်တောင်သူ ကုန်သည်ပွဲစားများထံမှ တဆင့်သိရှိရသည်။

       ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှထွက်သော (မိုး)ကြက်သွန်နီ(အသစ်)များကို ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလ(၁)ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၇၀၀၀၀)၊ အိတ်(၁၈၀၀)ခန့်ကို (၁၆)ဘီးမော်တော်ယာဉ်ဖြင့် တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ တင်ပို့မှုမရှိသေးကြောင်း၊ ဒေသတွင်းကြက်သွန်နီစိုက်တောင်သူများမှာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း (မိုးစိုက်)ကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်တူးဖော်ချိန်တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်း

       ကယားပြည်နယ်တွင် ကုန်စည်ရောင်းဝယ်မှုများ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သံ၊ သွပ် စသည်တို့ကို တင်သွင်းလာခဲ့ ကြသည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၈၇၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၈၆၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၈၆၀၀) ကျပ်ဖြစ်ပြီး ယခင်ဒုတိယတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၃၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၃၀၀) ကျပ်ဖြင့် ကျဆင်းလာခဲ့ကြောင်း လွိုင်ကော်မြို့ အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသောသကြားဈေးနှုန်း

     သကြားကို ရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုဒီဇင်ဘာလ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော သကြားဈေးနှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၂၈၀၀)ကျပ်ခန့်ရှိပြီး ယခင်နိုဝင်ဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ်ခန့်ရှိခဲ့၍ ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း သီရီမဂႅလာဈေးအတွင်း သကြားရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ဈေးကွက်အတွင်း ဖူးစားပြောင်းများ ဈေးကောင်းရလျက်ရှိ

       ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ ရှိပါသည်။ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီ စိုက်ပျိုးကြပြီး (၃)လကြာလျှင် ဈေးကွက်သို့ ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ လွိုင်လင်လေး၊ လောပိတကျေးရွာများ နှင့် နန်းမယ်ခုံကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိပြီး ယခုဒီဇင်ဘာလတတိယပတ် တွင် ဈေးကွက်အတွင်း ရှမ်းပြောင်းဖူး တစ်ဖူးလျှင် (၃၅၀) (၄၀၀) ကျပ်၊ သကြားပြောင်းဖူး တစ်ဖူး လျှင် (၅၀၀) (၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ၍ ယခင်နိုဝင်ဘာလတတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ပြောင်းဖူးစိုက်ပျိုးရောင်းချသူများ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း