Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အွန်လိုင်းဈေးကွက်မှ ဝယ်ယူစရာ သစ်သီးဝလံ ဈေးနှုန်းဈေးကွက် အခြေအနေ

  အွန်လိုင်းပေါ်တွင်ဈေးရောင်းချခြင်းသည် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အတွက် အချိန်ကုန်သက်သာစေပြီး ကိုယ်လိုချင်သောပစ္စည်းကို အချိန်အခါမရွေး ဝယ်ယူစားသောက်နိုင်မှာဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း ကိုယ်ရောင်းချသောပစ္စည်းကို အွန်လိုင်းပေါ်တွင် တင်၍ရောင်းချ ခြင်းကြောင့် ဆိုင်နေရာရှာစရာမလိုဘဲ မိမိအိမ်မှာ နေရင်းပင် ဝင်ငွေရသောလုပ်ငန်းဖြစ်ပါသည်။ ပြည်မြို့ပေါ်တွင် အွန်လိုင်းပေါ်မှ ဈေးရောင်းချသော လုပ်ငန်းရှင် အများအပြားရှိပါသည်။ ယခုကဲ့သို့ ရောင်းချခြင်းကြောင့် ယခင်ကမြို့များကို အလည်သွားရောက်မှသာ ဝယ်ယူရရှိသော အသီးအနှံများ လူအသုံးအဆောင်ပစ္စည်းများကို အွန်လိုင်းမှတဆင့် ဝယ်ယူ၍ ရရှိနိုင်နေပြီဖြစ်ပါသည်။ ယခုအခါ မည်သည့် နေရာဒေသကိုမှ သွားစရာမလိုဘဲ မိမိတို့နေရာဒေသတွင် နေထိုင်ရင်း ဒေသမျိုးစုံမှ ထွက်ရှိသော အသီးအနှံများကို ပေါ်ဦးပေါ်ဖျား စားသောက်နေကြရပြီ ဖြစ်ပါသည်။ အွန်လိုင်းဈေးကွက် များစွာရှိသည့်အနက် သစ်သီးဝလံ ဈေးနှုန်းများကို ဖေါ်ပြရလျှင် ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ဒေသမှ ထွက်သော အိတ်စွပ်ဆေးမတို့ စိန်တစ်လုံးသရက်သီး (၁၀)လုံး (၁၂၀၀၀)ကျပ်၊ ချွန်းစပျစ်သီး တစ်ပိသာလျှင် (၇၅၀၀)ကျပ်၊ ဝူခုန်းသခွါးသီး ရှယ်ကြွပ်ချို တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ယိုးဒယား ပျားကျွဲကော တစ်လုံး (၅၀၀၀)ကျပ်၊ ဒညင်းသီး (ယိုးဒယား)အစေးသီး အလုံး(၁၀၀)လျှင် (၁၀၀၀၀)ကျပ်၊ Hass ထောပတ်သီး တစ်ကီလိုလျှင် (၈၅၀၀)ကျပ်၊ တောင်ငူရွှေဝါငှက်ပျောသီး အကြီးတစ်ဖီးလျှင် (၃၀၀၀)ကျပ်၊ သီပေါ နာနတ်သီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ယိုးဒယား ကိုင်းဆက်ဒူးရင်းသီး တစ်ကီလိုလျှင် (၁၄၀၀၀)ကျပ်၊ မင်းကွတ်သီး (၁၀)လုံးလျှင် (၅၀၀၀)ကျပ်၊ ယိုးဒယား ကြက်မောက် သီးရှယ် (၁၀)လုံးလျှင် (၃၀၀၀)ကျပ်၊ လိမ္မော်သီး (အော်ဂဲနစ်) တစ်ပိသာလျှင် (၈၀၀၀)ကျပ်၊ ထိုင်ဝမ်ကျောက်စိမ်းဖရဲ (ခေါ်) ဗာဟုဗလီသီး တစ်လုံးလျှင်(၃၅၀၀) ကျပ်၊ ဘေဘီနာနတ်သီး (ထိုင်းသီး) ပျားရည်ဆမ်းကြွပ်ချိုသီး တစ်ကီလိုလျှင် (၅၅၀၀)ကျပ်၊ ယိုးဒယား ပျားကျွဲကောအမွှာကြီးအချို တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ရေးဒေသထွက် ကနစိုးသီး (ယိုးဒယား ကိုင်းဆက်)တစ်တွဲလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ ဤသို့အွန်လိုင်းပေါ်မှ ရောင်းချခြင်းကြောင့် စားသုံးသူများအနေဖြင့် မိမိတို့စားသောက်လိုသော အသီးအနှံများကို ခရီးစရိတ်မကုန် အချိန်မကုန်ဘဲ အွန်လိုင်မက်ဆေ့မှ မှာယူ၍ ဝယ်ယူရခြင်းကြောင့် ကောင်းမွန်တိုးတက်သော နည်းပညာသစ်တစ်ခု ဖြစ်သလို အိမ်အရောက် စနစ်ဖြင့် ရောင်းချသောကြောင့် ဆိုင်ကယ်ကယ်ရီသမားများ အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော နည်းစနစ်ကောင်းဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ပြည်ပဲသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

     တိုင်ထောင်ပဲ(ခေါ်) ပဲထောင့်ရှည်(ခေါ်) ပဲသီးဈေးနှုန်းများမှာ ပြည်ဒေသဈေးကွက်အတွင်း အဝင်နည်းပါးမှုကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ပဲသီးတစ်စည်းလျှင် ယခင်ဈေးထက် ပျမ်းမျှ ကျပ်(၁၅၀)ခန့်မြင့်တက်သွားကြောင်း သိရပါသည်။ ပဲသီးကိုမြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး ရာသီဥတုသင့်တင့်သော ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ရေရရှိပါက အချိန်မရွေး စိုက်ပျိုးနိုင်သော်လည်း မိုးရာသီတွင်စိုက်ပျိုးပါက ရေမဝပ်သောမြေနေရာကို ရွေးချယ်စိုက်ပျိုးသင့်ပြီး ရေဝပ်သောမြေဖြစ်လျှင် ရေနုတ်မြောင်းပြုလုပ်ထားရှိကာ စိုက်ပျိုးရကြောင်းသိရပါသည်။ ရေဝပ်သောမြေဖြစ်ပြီး အစိုဓါတ်များလွန်းချိန် မျိုးစေ့ချရာတွင် မျိုးစေ့ပုပ်သွားကာ သေသွားကြောင်း သိရသည်။ တိုင်ထောင်ပဲပင်တို့သည် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည် ခြောက်သွေ့နေပါက ရေပေးသွင်း၍ စိုက်ပျိုးရန်လိုအပ်ပါသည်။

     ယခင်က ပြည်မြို့တွင် ပဲသီးစိုက်ပျိုးရာဒေသများဖြစ်သော မှော်ဇာ၊ တွင်းဗြည်း၊ တောင်လုံးညို၊ ဇီးအုပ်၊ ပေါက်တော၊ မြောင်းငယ်လှ စသောနယ်များတွင် အဓိကစိုက်ပျိုးသော်လည်း ယခုကာလ ပူပြင်းသော နွေရာသီတွင် ရက်ရှည်ခြောက်သွေ့နေသည့်အတွက် ရေပေးသွင်း စိုက်ပျိုးနိုင်သည့် မှော်ဇာဒေသမှ အများဆုံးဝင်ရောက်ပြီး ကျန်ဒေသများမှ အနည်းငယ်သာ ဝင်ရောက်မှုရှိသဖြင့် အဝင်နည်းသွားကာ ပဲသီးရှားပါးမှုကြောင့် ပြည်ဈေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဧပြီလနောက်ဆုံးပတ်မှစ၍ ဈေးမြင့်တက်ခဲ့ပြီး (၈)တောင့်စည်းတစ်စည်းလျှင် ယခင်က (၁၅၀)ကျပ်ခန့်ရှိခဲ့သော်လည်း ယခုမေလ(ပထမပတ်)တွင် (၃၀၀)ကျပ်အထိ လည်းကောင်း၊ (၁၀)တောင့်စည်းတစ်စည်းလျှင် ယခင်က (၂၀၀)ကျပ်ခန့်ရှိခဲ့ပြီး ယခုအချိန်တွင် (၃၅၀)ကျပ်အထိ ဈေးများမြင့်တက်သွားကြောင်းသိရပါသည်။ ယခုလို ပဲသီးရှားပါးသည့်အချိန်တွင် ရေသွင်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကောင်းရသည့်အတွက် အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တရိပ်ရိပ်မြင့်တက်နေတဲ့ ပြည်ကြက်သွန်နီဈေးကွက်

      ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ပျမ်းမျှတစ်ပတ်ကို ကျပ် (၂၀၀)ခန့် ဧပြီလဆန်းပိုင်းမှစ၍ တရိပ်ရိပ်မြင့်တက်လျက်ရှိပါသည်။ ယခင် ဧပြီလဆန်းပိုင်းတွင် တစ်ပိဿာကို လက်လီဈေး ကျပ် (၁၂၀၀-၁၄၀၀)ရှိရာမှ ယခုကာလတွင် ကျပ် (၁၈၀၀-၂၀၀၀)ထိ မြင့်တက်လျက်ရှိပြီး ဝင်ရောက်မှုမှာလည်း မြင်းခြံ၊ ဆိပ်ဖြူ၊ မုံရွာဘက်မှ တစ်ပတ်လျှင်     ပိဿာချိန် (၅၅၀၀၀)ခန့်   အဝင်ရှိနေကြောင်းသိရသည်    ။  ပွဲရုံလက်ကား ဈေးတစ်ပိဿာကို(ကြီး/လတ်/သေး)ကျပ် (၁၅၀၀-၁၆၀၀-၁၇၀၀)တို့ရှိပြီး လက်လီဈေးများတွင် ကျပ်(၁၇၀၀-၁၉၀၀-၂၁၀၀) တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ အရောင်းအဝယ်မှာလည်း ခြောက်သွေ့ကာလဖြစ်သည့်အတွက် ကြက်သွန်နီအရည်အသွေးကောင်းသဖြင့် ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ ဧရာဝတီတိုင်း (ကြံခင်း၊ မြန်အောင်)၊ ရခိုင် (တောင်ကုတ်)တို့သို့ စီးဆင်းမှုများအပါအဝင် ဝင်ရောက်မှု၏ ထက်ဝက်ကျော်ခန့် ရောင်းဝယ်မှုရှိနေပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

      ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲဈေးတို့မှာ မြင့်တက် လျက်ရှိကြောင်း သိရပါသည်။

မတ်ပဲ

    ပြည်ကုန်စည်ဒိုင်တွင် ဧပြီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို (၆၇၅၀၀-၆၈၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မတ်လဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၆၇၀၀၀-၆၇၅၀၀)ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပြီး ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၂၅၀/၃၀၀)ခန့် အဝယ်ရှိပါသည်။ သင်္ကြန်ပိတ် ရက်အပြီးတွင် မတ်ပဲဈေးမြင့်လာပြီး ပဲတစ်တင်းကို (၆၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းကို (၇၀၅၀၀-၇၁၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့်ရှိပါသည်။

ပဲစဉ်းငုံ

   ပြည်ကုန်စည်ဒိုင်၏ ဧပြီလ ပထမပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၇၅၀၀၀-၇၅၅၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၅၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ဧပြီလ ဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်း ကို (၇၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ သင်္ကြန်ပြီးကာလတွင် ပဲစဉ်းငုံတစ်တင်းကို (၇၅၅၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး စတုတ္ထပတ်မှာ ပဲစဉ်းငုံတစ်တင်းကို (၇၇၅၀၀-၇၈၀၀၀)ကျပ် ထိ ဈေးမြင့်လာခဲ့ကာ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်ကို အိတ်(၂၀၀)ခန့် ရန်ကုန်အဝယ် ရှိခဲ့ပါသည်။

ကုလားပဲ

     ပြည်ကုန်စည်ဒိုင်၏ ဧပြီလအစတွင် ကုလားပဲ (HL)တစ်တင်းကို (၇၁၅၀၀-၇၂၀၀၀)ကျပ်၊ ကုလားပဲ(မြကြေးမုံ) တစ်တင်းကို (၇၂၅၀၀-၇၃၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမား ၊ ရန်ကုန် ဝယ်လက် နှင့် လှောင်သမားများက တစ်ရက်ကို အိတ်(၂၀၀/၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယ ပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၇၂၀၀၀-၇၂၅၀၀-၇၃၀၀၀)ကျပ်၊ ကုလားပဲ(မြကြေးမုံ) တစ်တင်းကို (၇၃၀၀၀-၇၃၅၀၀-၇၄၀၀၀)ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့် ရှိခဲ့ ပါသည်။ သင်္ကြန်ပိတ်ရက်အပြီး ဈေးများပြန်ဖွင့်ချိန်တွင် ကုလားပဲ (HL) တစ်တင်းကို (၇၆၅၀၀-၆၈၀၀၀) ကျပ်၊ ကုလားပဲ(မြကြေးမုံ) တစ်တင်းကို (၇၇၀၀၀-၇၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဧပြီလ နောက်ဆုံးပတ်မှာတော့ ကုလားပဲ (HL)တစ်တင်းကို (၇၅၀၀၀-၇၅၅၀၀)ကျပ်၊ ကုလားပဲ (မြကြေးမုံ) တစ်တင်းကို (၇၆၀၀၀-၇၆၅၀၀-၇၇၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် လှောင်သမား များ တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲကြီး

     ပြည်ကုန်စည်ဒိုင်၏ ဧပြီလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို (၈၀၀၀၀)ကျပ် ၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို (၇၇၀၀၀-၇၈၀၀၀)ကျပ် ၊ ပဲကြီး(အာမဲ) တစ်တင်းကို (၇၅၀၀၀)ကျပ်ဖြင့် ပဲကြော်ဖိုသမားများနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၂၀၀/၂၅၀) ခန့် အဝယ်ရှိပါသည်။ ဧပြီဒုတိယပတ်နှင့် သင်္ကြန်ပြီးကာလတွင် ပဲကြီးဈေးအေးနေခဲ့ပြီး ဧပြီ စတုတ္တပတ်တွင် ပဲကြော်ဖိုသမားများက အဝယ်ရှိ၍ ပဲကြီး(ရွှေကျွန်း) တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် ဈေးတက်ခဲ့ပါသည်။

စားတော်ပဲ

   ဧပြီလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၁၀၀၀၀-၁၁၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်ဖြင့် အဝယ်ရှိခဲ့ပြီး သင်္ကြန်ပြီးစတွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဧပြီနောက်ဆုံးပတ်မှာ စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၁၀၀၀၀-၁၁၃၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်ပဲ

     ပြည်ကုန်စည်ဒိုင် ဧပြီလ ပထမပတ်တွင် ဘိုကိတ်တစ်တင်းကို (၄၆၀၀၀-၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်တစ်တင်းကို (၄၆၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၅၀/၁၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ သင်္ကြန်ပိတ်ရက်အပြီးတွင် ဘိုကိတ်တစ်တင်းကို (၄၆၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပါသည်။ ဧပြီလနောက်ဆုံးပတ်တွင် ဘိုကိတ် တစ်တင်းကို (၄၇၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံတွင် မြို့တွင်းအဝယ်ရှိသော ကုလားပဲမှာ အရောင်းအဝယ်သွက် လျက်ရှိပြီး ဘိုကိတ်ပဲနှင့် စားတော်ပဲ(ကျွန်း)တို့သည် အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဈေးအမြင့်မှာ ရှိနေတဲ့ ပြည်ခရိုင်မတ်ပဲဈေး

     ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ပဲမျိုးစုံဖြစ်သော မတ်ပဲ၊  ပဲစင်းငုံ၊   ကုလားပဲ၊  ပဲကြီး၊   ဘိုကိတ်၊စားတော်ပဲ၊ ပဲလွမ်းဖြူ အစရှိသောပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးများမှာ ပဲဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ် ဧပြီလအစတွင် မတ်ပဲ ပိဿာ(၂၀)ဝင် တစ်တင်းမှာ (၄၇၀၀၀)ကျပ် ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဧပြီလအစမှာတော့ ပဲတစ်တင်းကို (၆၇၅၀၀-၆၈၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၀၅၀၀-၂၁၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

     ယခုနှစ်ဧပြီလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၆၇၀၀၀-၆၇၅၀၀) ကျပ်၊ ယခင်နှစ် ဧပြီ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၄၇၀၀၀-၄၈၀၀၀)ကျပ်ဖြစ်ပြီး ယခုနှစ် မတ်ပဲဈေးမှာ (၂၀၀၀၀-၁၉၅၀၀)ကျပ်ခန့် ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ် သင်္ကြန်ပြီးခါစကာလမှာ မတ်ပဲ တစ်တင်းကို (၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ် သင်္ကြန်ပိတ်ရက်အပြီးတွင် မတ်ပဲတစ်တင်းကို (၆၇၅၀၀)ကျပ် ဈေးရှိခဲ့သဖြင့် မတ်ပဲတစ်တင်းကို (၁၉၅၀၀)ကျပ်ခန့် ဈေးမြင့်ခဲ့ပါသည်။ ယခုနှစ်ဧပြီလ နောက်ဆုံးပတ်မှာ မတ်ပဲတစ်တင်းကို (၇၀၅၀၀)ကျပ်ထိ ဈေးမြင့်ခဲ့ပါသည်။ ယခင်နှစ်  ဧပြီနောက်ဆုံး ပတ်တွင် မတ်ပဲတစ်တင်းကို (၄၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ကောင်းခဲ့ပြီး ယခုနှစ်ထက်စာလျှင် ပဲတစ်တင်းကို (၂၂၅၀၀)ကျပ်ခန့် ဈေးပိုခဲ့ကြောင်း သိရပါသည်။

        ပြည်ခရိုင်၊ ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲဈေးမှာ ယခင်နှစ် ဧပြီလထက် ယခုနှစ် ဧပြီလက ဈေးပိုမြင့်တက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်သရက်သီးစိမ်း

   ပြည်ဈေးကွက်အတွင်းတွင် ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီးမှည့်များ ရောင်းချနေကြသည့်အပြင် သရက်သီးစိမ်းများမှာလည်း ယခုအချိန်အထိ ရောင်းချလျက်ရှိကြောင်းသိရပါသည်။ သရက်သီးမှည့်ကို အချိုပွဲများအဖြစ်၊ သရက်သီးစိမ်းများကို အတို့၊ အမြုပ်၊ သရက်သီးသုပ်၊ သရက်သီးသနှပ်အဖြစ်ပြုလုပ်၍ စားသုံးကြပါသည်။ သရက်သီးအစိမ်းကို စားသုံးပေးခြင်းဖြင့် ဗီတာမင်စီ ဓါတ်ပေါကြွယ်ဝခြင်း၊ သွားဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ကိုယ်အလေးချိန်လျော့ချပေးခြင်း၊ အသည်းအားကောင်းစေခြင်း၊ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း စသည့်ကျန်းမာရေးအတွက် အထောက်အကူပြုစေသော အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ ပြည်မြို့ဈေးကွက်တွင် သရက်သီးစိမ်းများကို သီးနှံအမျိုးအစားအလိုက် တစ်လုံးလျှင် အလုံး အကြီး/အသေးပေါ်မူတည်ပြီး (၁၀၀)ကျပ်မှ (၅၀၀)ကျပ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက်ပိန်းပန်းဈေးကွက်

    ပိန်းပန်းပင်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပါသည် ။ အင်္ဂလိပ်လို ဆိုလျှင် Flamingo Flower ၊ Tail Flower ၊ Painter's Palette ၊ Laceleaf စသဖြင့် အမျိုးမျိုး‌ခေါ်ဆိုကြပါသည်။ မြန်မာ ပြည်တွင် ပိန်းပန်းပင်များအား လူကြိုက်များသလို အနောက်နိုင်ငံဖြစ်သည့် ထိုင်း၊ မလေးရှား၊ တရုတ်နှင့် ဖိလစ်ပိုင်တို့တွင်လည်း လူကြိုက်များကြောင်းသိရပါသည်။ ပိန်းပန်းပင်များသည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များသည် အရွက်၊ အပွင့်၊ အရောင်၊ အရွယ်အစားမျိုးစုံရှိပြီး ရာသီမရွေးပန်းများပွင့်ရန်အတွက် ပြုစု၍စိုက်ပျိုးရပါသည်။ မူလမျိုးရင်းမှာ အနီရောင်၊ ပန်းရောင်၊ အညိုရောင် နှင့်အဖြူရောင်တို့ဖြစ်ပါသည်။ ပိန်းပန်းပင်များသည် စိုက်ပျိုးရာတွင် တိုက်ရိုက်နေရောင် မထိဘဲ စိုထိုင်းမှုကို ကြိုက်နှစ်သက်ပါသည်။ ပိန်းပန်းပင်များ သည် ပုံမှန်အားဖြင့် (၃)လလျှင် တစ်ကြိမ်ပွင့်တတ်ပြီး ပွင်းလင်းရာသီ နေရောင်ကောင်းစွာရရှိလျှင် အပွင့်များစွာပွင့်ပါသည်။ မိုးရာသီရောက်လျှင် အပင်များမှ ပင်ပွားများထွက်လာပြီး ထိုပင်ပွားများကို ဖြတ်တောက်၍ မျိုးပွားစိုက်ပျိုးနိုင်ပါသည်။

     ပိန်းပန်းပင်များကို အိုးများဖြင့်စိုက်ပျိုးကြပြီး ထိုအိုးများထဲသို့ အုန်းခွံခြောက်၊ အုန်းဆံမှုန့်၊ အုန်းဆံဖတ်၊ မီးသွေးခဲ၊ စပါးခွံပြာနှင့် အုတ်နီခဲအကျိုးအကြေများကိုထည့်၍ စိုက်ပျိုးကြပါသည်။ ပိန်းပင်များအား အိုးအတွင်းသို့ထည့်၍ စိုက်ပျိုးလျှင် အပင်များခွေခေါက်၍ မနေစေရန် မြေဆွေးများ လည်းထည့်၍ စိုက်ပျိုးရပါသည်။ ရေလောင်းရာ၌လည်း စိုစွတ်ရုံသာ လောင်းပေးရပါသည်။ ပိန်းပန်းပင်မျိုးများအား ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှဝယ်ယူပြီး ရွှေတောင်မြို့နယ် တောင်လုံးညို ရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ထိုပိန်းပန်းများကို အလှူပွဲများ၊ မင်္ဂလာဆောင်ပွဲများတွင် အလှပန်းများထိုးရာတွင် အသုံးပြုကြပါသည်။

    ရွှေတောင်ဒေသထွက် ပိန်းပန်းများအား ခြံအတွင်းသို့လာရောက်ဝယ်ယူကြသလို ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပိန်းပန်းများမှာ ရေလောင်းပေးသဖြင့် ရာသီမရွေး ပွင့်သဖြင့် နေ့စဉ်ဝင်ငွေများလည်းရရှိပါသည်။ ရန်ကုန်မြို့သို့တင်ပို့ရာတွင် ပိန်းပန်းခက် (၁၀)ခက် တစ်စည်းအား သတင်းစာစက္ကူဖြင့်ထုတ်ပိုးကာ လေလုံသောစက္ကူပုံးများသို့ထည့်၍ တင်ပို့ရောင်းချကြပါသည်။ ယခုအချိန်တွင် အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများတွင် အလှပန်းအိုးများထိုးရန်အတွက် ဈေးကွက်တွင် အရောင်းအဝယ်သွက်နေသဖြင့် တစ်ခက်လျှင် (၂၅၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်မြို့တွင် အခြားဒေသများမှဝင်ရောက်လာသောဒူးရင်းသီး အရောင်းအဝယ်ဖြစ်

   ပြည်ဈေးကွက်သို့ မော်လမြိုင်၊ တောင်ငူနှင့် ယိုးဒယားဘက်မှ ဒူးရင်းသီးများ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရာသီပေါ် အသီးအနှံဖြစ်သည့်အတွက် လူအများကြိုက် နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဒူးရင်းသီးကို ပြည်ဒေသတွင် စိုက်ပျိုးမှုမရှိဘဲ နယ်များမှ ဝင်ရောက်လာပြီး ဈေးကွက်အတွင်းတွင် ရောင်းချကြပြီး တချို့မှာ ကားပေါ်သို့တင်၍ နေရာအနှံ လိုက်လံရောင်းချကြပါသည်။ တချို့မှာ online မှတစ်ဆင့် ဒူရင်းသီး ကိုင်းဆက်သီးဟူ၍ ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် (၁၅၀၀၀-၁၉၀၀၀)ကျပ်အထိ ရောင်းချကြောင်း သိရပါသည်။ ယိုးဒယားသီးမှာ  စားသုံးလျှင်အနှစ်ထူပြီး အစေ့မှာသေးငယ်သဖြင့် ဈေးမှာလည်းမြင့်ပါသည်။ မော်လမြိုင်နှင့် တောင်ငူဘက်မှလာသောဒူးရင်းသီးကို မြန်မာသီးဟုခေါ်၍ အနှစ်နည်းသဖြင့် ယိုးဒယားသီးထက်စာလျှင် ဈေးနှုန်းအနည်းငယ်နည်းပါသည်။ ဒူးရင်းသီးကို လိုအပ်သည်ထက်ပိုမို၍ စားသုံးပေးလျှင် အပူကန်တက်သဖြင့် အပူမကန်စေရန် မင်းကွတ်သီးကိုလည်း စားပေးရမည်ဟု သိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချသော ဒူးရင်းသီးဈေးနှုန်းများမှာ အရွယ်အစားကိုလိုက်၍ အသေးတစ်လုံးလျှင် (၆၀၀၀-၇၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၉၀၀၀-၁၀၀၀၀)ကျပ်၊ အကြီး တစ်လုံးလျှင် (၁၂၀၀၀-၁၃၀၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ဒူးရင်းသီးမှာ ယခုအချိန်တွင် ပေါ်ခါစဖြစ်သဖြင့် ဈေးနှုန်းများမြင့်တက်နေသော်လည်း ဝယ်ယူသူများရှိသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း