Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အုတ်တွင်းမြို့နယ်တွင် စိန်တလုံးသရက်သီးများပေါ်ပြီ

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၃၂/၃၏အနောက်ဖက်တွင်ရှိသော စိန်တလုံးသရက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီဖြစ်ပါသည်။

       စိန်တလုံးသရက်သီးမျိုးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅နှစ်တွင် အသီးစတင်သီးပါသည်။ အသီးသီးခါစက တစ်ပင်လျှင် အလုံး ၂၀မှ အလုံး ၃၀အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀မှ ၁၀၀အထိသီးပါသည်။

        အသီးတိုင်းကို အိတ်စွပ်ပေးရပါသည်။ ယခင်နှစ်က အစွပ်အိတ်တစ်အိတ်လျှင် ၄၅ကျပ်ပေးရပြီး ယခုနှစ်တွင် တစ်အိတ်လျှင် ၆၀ကျပ်ပေးရပါသည်။ ၎င်းသရက်ခြံမှထွက်ရှိသောသရက်သီးများကို ရန်ကုန်မြို့၊ သီရီမင်္ဂလာဈေးသို့ အဓိကတင်ပို့ရောင်းချပြီး တချို့ကို   ဒေသတွင်းဖြစ်သော တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ဖြူးမြို့များရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချပါသည်။

        ယခင်နှစ်က စိန်တလုံးသရက်သီးတစ်လုံးလျှင် အကြီး ၁၀၀၀ကျပ်၊ အလတ် ၇၀၀ကျပ်နှင့် အသေး ၅၀၀ကျပ်ရောင်းချရပြီး ယခုနှစ်တွင် စိန်တလုံးသရက်သီးအကြီးတစ်လုံးလျှင် ၁၂၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၈၀၀ကျပ်နှင့် အသေးတစ်လုံးလျှင် ၆၀၀ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဖြူးမြို့နယ်တွင် နွေစပါးများစတင်ရိတ်သိမ်းပြီ

     ဖြူးမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၇၃၈၉ဧကစိုက်ပျိုးထားရှိရာ ယခုအခါ အချို့နေရာများ၌ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ တောင်သူကြီးဦးစိန်ဝင်းသည် ထိုင်းမျိုးဖြစ်သော RD 43 နှင့် Jasmine 5 အမျိုးအစားနှစ်မျိုးကို  ၎င်းပိုင်လယ်မြေ (၁၂) ဧကတွင် စိုက်ပျိုးခဲ့ပါသည်။

    ၎င်း RD 43 နှင့် Jasmine 5 စပါးနှစ်မျိုးမှာ ၉၅ရက်သက်တမ်းမျိုးများဖြစ်ပါသည်။ ယခု ဧပြီလလယ်တွင် စတင်ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။ အထွက်နှုန်းမှာလည်း တင်း၁၀၀ခန့်ရှိကြောင်း သိရပါသည်။

      ဖြူးမြို့နယ်မှ နွေစပါးအထွက်နှုန်းမှာ‌ တစ်ဧကလျှင် ၈၀တင်းမှ ၁၀၀တင်းအထိရှိမည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားပါသည်။ လက်ရှိ နွေစပါးပေါ်ခါစတွင် စပါးဈေးနှုန်းမှာ တင်းတစ်ရာလျှင် ကွင်းဈေး ကျပ်၁၄သိန်းနှင့် စက်အရောက်ဈေးမှာ စပါးတင်းတစ်ရာလျှင် ကျပ်၁၅သိန်းရှိကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းဈေးအများဆုံးတက်ပြီး အခြားဆန်နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများအနည်းငယ်တက်

   တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင် ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၈၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း ၈၀၀၀၀ကျပ်နှင့် ဧည့်မထမ ၆၀၀၀၀ကျပ်ရှိရာမှ ယခုမေလဆန်းပိုင်းတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ၅၅၀၀၀ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၉၇၀၀၀ကျပ်၊ ဧည့်မထတစ်အိတ်လျှင် ၆၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၈၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၄၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေပါသည်။  

     ကြက်သွန်နီအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၂၂၅၀ကျပ်ဖြင့်  ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

    ကြက်သွန်ဖြူအသေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၄၀၀ကျပ်မှ ယခုအပတ်တွင် ၄၅၀၀ကျပ်၊ အလတ်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၈၀၀ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ကျပ်၊ အကြီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၂၀၀ကျပ်မှ ယခုအပတ်တွင် ၅၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

       အာလူးအသေးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ငရုတ်သီးခြောက်အပုတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်အပွတစ်ပိသာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

 မြေပဲဆံအဖြူတစ်ပိဿာလျှင် ၇၄၀၀ကျပ်၊ မြေပဲဆံအနီတစ်ပိဿာလျှင် ၇၆၀၀ကျပ်ဖြင့် ဈေးနှုန်းကွာခြားချက်အနည်းငယ်သာရှိကြောင်းနှင့် အရောင်း      အဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း တောင်ငူမြို့ရှိ အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)   

တောင်ငူမြို့တွင် ကြက်သွန်နီများ ယခင်နှစ်ကထက် ဈေးနှစ်ဆမြင့်တက်

   တောင်ငူမြို့ရှိ ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီများမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၁၈၀၀၀ကျပ်၊ အလုံးလတ် ၁၉၀၀၀ကျပ်နှင့် အလုံးသေး ၂၀၀၀၀ကျပ်ရှိပါသည်။

       ယခင်နှစ် အလားတူကာလက ကြက်သွန်နီဆေးနှုန်းမှာ (အလေးချိန်၁၀ပိဿာဝင်အိတ်) တစ်အိတ်လျှင် အလုံးသေး ၇၅၀၀ကျပ်၊ အလုံးလတ် ၈၅၀၀ကျပ်နှင့် အလုံးသေး ၁၀၀၀၀ကျပ်ရှိပါသည်။

      သို့ဖြစ်ရာ ယခုနှစ်တွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်နှစ်အလားတူကာလထက် နှစ်ဆကျော်ခန့်မြင့်တက်နေကြောင်း ကြက်သွန်နီအရောင်းဆိုင်များထံမှ သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် လိုင်ချီးသီးနှင့် ကြက်မောက်သီးများရောင်းအားကောင်း

     တောင်ငူမြို့သို့ အခြားဒေသအသီးသီးမှ ရာသီချိန်သီးနှံများဝင်ရောက်လျက်ရှိပါသည်။ ယခုအခါ တောင်ငူမြို့၏အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်ရှိသော လိုင်ချီးသီး (ခေါ်) နှင်းသီးနှင့် ကြက်မောက်သီးများ တောင်ငူမြို့ရှိ ဈေးအသီးသီးသီးသို့ဝင်ရောက်လာပြီး ရောင်းအားကောင်းလျက်ရှိပါသည်။

      ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)ပေါ်ဦးပေါ်ဖျားကာလတွင် လိုင်ချီးသီး(ခေါ်)နှင်းသီးမှာ တစ်ထုပ်လျှင် ၅၀၀၀ကျပ်မှ ၇၅၀၀ကျပ်အထိရှိပြီး ကြက်မောက်သီးမှာ တစ်ထုပ်လျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိရှိပါသည်။ ပေါ်ဦးပေါ်ဖျားကာလတွင်သာဈေးကြီးပြီး နောက်အပတ်များတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၏ နေကြာစိုက်ပျိုးထုတ်လုပ်မှုအကြောင်း တစေ့တစောင်း

      ထန်းတပင်မြို့နယ်တွင် ယခုနှစ်တွင် နေကြာသီးသန့် ၁၁၀ဧက၊ သီးညှပ် ၃၄၀၄ဧက၊ စုစုပေါင်း ၃၅၁၄ဧကစိုက်ပျိုးပါသည်။ သီးသန့်စိုက်ပျိုးသူများအနေဖြင့် တစ်ဧကလျှင် အကျိုးအမြတ်မှာ ၁၅၀၀၀၀ကျပ်မှ ၃၀၀၀၀၀ကျပ်ထိရှိပြီး သီးညှပ်စိုက်ပျိုးသောတောင်သူများအနေဖြင့် မိမိတို့၏မီးဖိုချောင်အတွက် စားသုံးဆီအသင့်အတင့်ဖူလုံမှုရရှိပါသည်။

     နေကြာဆီတစ်ပုံး(၁၀ပိဿာ)ရရှိရန်အတွက် နေကြာစေ့ ၂၃ပိဿာမှ ၂၅ပိဿာအထိ ကြိတ်ခွဲရပါသည်။ လက်ရှိ ဈေးကွက်အတွင်းတွင် နေကြာဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိရှိပါသည်။ ဒေသတွင်းဆီစက်များအနေဖြင့် တောင်သူများ နဝလီကြိတ်ခွဲပါက ကြိတ်ခွဲပေးပါသည်။ ကြိတ်ခွဲခအနေဖြင့် နေကြာကြိတ်ဖတ်ကိုသာယူပါသည်။

   နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်နေသူများစားသုံးသင့်ကြောင်း သိရပါသည်။ နေကြာသည် မြေဆီအသင့်အတင့်ကောင်းလျှင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် တောင်သူများအနေဖြင့် နောင်နှစ်များတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၏ ပေါ်ဦးပေါ်ဖျားနွေစပါးဈေးကွက်

     ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါး ၁၉၁၂၁ဧကစိုက်ပျိုးလျက်ရှိရာ  အင်ဒိုင်းကျေးရွာ၊ ဘုရားကလေးကျေးရွာ၊ အုတ်ဖိုကျေးရွာနှင့် ကျွဲပွဲမြို့တို့တွင် ထိုင်းနှံကောက်စပါးများကိုစိုက်ပျိုးပြီး ယခုအခါတွင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။

     ယခုနှစ် နွေစပါးပေါ်ချိန်တွင် ဈေးနှုန်းမှာ ကွင်းဈေး ၁၅၂၀၀၀၀ကျပ်နှင့် စက်ရုံအရောက်ဈေး ၁၅၆၀၀၀၀ကျပ်ရှိပါသည်။ ယခင်နှစ်က နွေစပါးပေါ်ချိန်တွင် ကွင်းဈေး ၇၃၀၀၀၀ကျပ်နှင့် စက်ရုံအရောက်ဈေး ၇၇၀၀၀၀ကျပ်ရှိသဖြင့် ယခုနှစ်တွင် ယခင်နှစ်ကထက် စပါးဈေးနှစ်ဆမြင့်တက်နေသည်ကို တွေ့ရပါသည်။

     ယခုနှစ်တွင် စပါးဈေးမြင့်တက်ရခြင်းမှာ သွင်းအားစုဈေးနှုန်းများမြင့်တက်ခြင်း၊ လုပ်သားခများမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် စပါးအရောင်းအဝယ်ပြုလုပ်သူများက တောင်သူလယ်သမားများအတွက် တွက်ချေကိုက်မည့်ဈေးနှုန်းဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊မေလ(ဒုတိယပတ်)အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၅၀၀ကျပ်မှ ၆၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၁၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့၌ ကုလားအော်သီးဈေးတက်၍ ခရမ်းချဉ်သီးဈေးကျကာ အခြားဟင်းသီးဟင်းရွက်များ ဈေးနှုန်းတည်ငြိမ်နေ

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး   ကုလားအော်သီးစိမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ယခု ၂၀၂၃ခုနှစ်၊ မေလဆန်းပိုင်းတွင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်ထိဖြင့် ဈေးမြင့်တက်နေပါသည်။

      ခရမ်းသီးဖြူတစ်ပိဿာလျှင် ၅၅၀ကျပ် မှ ၆၀ကျပ်ထိ၊ ခရမ်းသီးညိုတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀ကျပ်၊ ဒေသသခွားသီးတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်ထိနှင့် ရှမ်းပြည်သခွားသီးတစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ခရမ်းချဉ်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ ကျပ်ထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ကျပ်ထိ ဈေးနှုန်းကျဆင်းလာပါသည်။

      ဂေါ်ဖီတစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ၁၈၀ကျပ်မှ ၂၀၀ကျပ်ထိ၊ ပြောင်းဖူးအကြီးတစ်ဖူးလျှင် ၂၅၀ကျပ်၊ အသေးတစ်ဖူးလျှင် ၁၅၀ကျပ်၊ နံနံပင်တစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်၊ တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။        

     ကန်စွန်းရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပြီး ၁၀စည်းဝယ်လျှင် ၆၀၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊မေလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင်(၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မရမ်းချိုသီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အချွန်းသီး တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှ ထွက်ရှိသည့် ဖရဲသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၃၀၀၀)ကျပ် ၊ သခွားသီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ် ၊ နှင်းပုလဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၀၀)ကျပ်၊ အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း