ရှေးယခင်မှ ယခုတိုင် နွေရာသီကာလရောက်ပြီဆိုလျှင် သောက်ရေအိုးအသစ်လေးများကိုဝယ်ယူသောက်သုံးကြကာ သောက်ရေအိုးလေးအား အေးမြစေရန် ရေစိုအဝတ်လေးပတ်ပြီး သောက်သုံးကြသည်မှာ ယနေ့တိုင် ကျေးရွာတော်တော်များများတွင် တွေ့မြင်နေရပြီး နေပူပူကပြန်လာပြီး သောက်ရေအိုးလေးထဲမှ ရေအေးအေးလေးကို သောက်လိုက်ရခြင်းဖြင့် အမောများပြေစေနိုင်ပါသည်။
မကွေးတိုင်းဒေသကြီး၊ အညာမြေဒေသ၌ နွေရာသီကာလအပူချိန်များပြင်းထန်နေသဖြင့် သောက်ရေအတွက် ရှေးယခင်ကပင်အသုံးပြုခဲ့သည့် သောက်ရေအိုး(မြေအိုး)လေးများအဝယ်လိုက်ကာ အရောင်းအဝယ်ကောင်းနေကြောင်းကို သောက်ရေအိုးရောင်းချသူများထံမှ သိရှိရပါသည်။ နွေရာသီကာလ၏ ယခုကဲ့သို့ နေ့အပူချိန်တွေပြင်းသည့်ကာလတွင် သောက်ရေအတွက် သောက်ရေအိုး(မြေအိုး)လေးများစွာရောင်းရပါကြောင်း၊ မိမိ၏ဆိုင်တွင် မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာမှထွက်ရှိသောအိုးများနှင့် မကွေးမြို့နယ်၊ ကုက္ကိုလ်ခွကျေးရွာမှထွက်ရှိသည့်မြေအိုးများကို မှာယူရောင်းချလျက်ရှိပါကြောင်း၊ ၎င်းအိုးများအနက် မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာမှထွက်ရှိသော သောက်ရေအိုး(မြေအိုး)မှာ ဒေသအကြိုက်အိုးဖြစ်ပါကြောင်း၊ ရွာသာယာကျေးရွာထွက် ပြာသိုအိုးမှာ ပြာသိုလ၌ ဖုတ်သည့်အိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး အေးမြနေသည့်သောက်ရေအိုးမှာ ကျွန်တော်တို့ဒေသတွင်မူ နာမည်ကျော်မြေအိုးဖြစ်ပါကြောင်း၊ ထိုမြေအိုးများကို နွေမတိုင်ခင် ကြိုတင်မှာယူပြီး သိုလှောင်ထားကာ ယခုချိန်၌ ပြန်လည်ရောင်းချရပါကြောင်း မင်းဘူးမြို့၊ သောက်ရေးအိုးအရောင်းဆိုင်ရှင်တစ်ဦးက ပြောကြားလာပါသည်။
မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာထွက် သောက်ရေအိုး(မြေအိုး)ကျောက်အိုးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ ကျောက်အိုးလတ်တစ်လုံးလျှင် (၁၃၀၀)ကျပ်၊ ကျောက်အိုးသေးတစ်လုံးလျှင် (၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မကွေးမြို့နယ်၊ ကုက္ကိုလ်ခွကျေးရွာထွက် သောက်ရေအိုးကြီးတစ်လုံးလျှင် (၂၆၀၀)ကျပ်၊ သောက်ရေအိုးလတ်တစ်လုံးလျှင် (၁၈၀၀)ကျပ်၊ သောက်ရေအိုးသေးတစ်လုံးလျှင် (၁၂၀၀)ကျပ်တို့ဖြင့် ရောင်းချနေပါကြောင်း၊ ရွာသာယာကျေးရွာထွက် သောက်ရေအိုးများသည် အိုးသားပါးပြီး ကျောက်အိုးလေးများဖြစ်သည့်အတွက် ယခုလိုနွေရာသီကာလဆိုလျှင် လွန်စွာအေးမြပါကြောင်း၊ ယခုရက်ပိုင်းတွေဆိုလျှင် တစ်ရက်ကို သောက်ရေအိုးအလုံး(၅၀)ကျော်လောက် ရောင်းချနေရပါကြောင်း သိရှိရပါသည်။
နွေကာလရောက်ပြီဆိုလျှင် သောက်ရေအိုးလေးများကိုဝယ်ယူကာ အိုးသစ်နဲ့အိုးဟောင်းလဲလှယ်ပြီး သောက်သုံးကြကြောင်း၊ လယ်ထဲ၊ ယာထဲမှပြန်လာ၍ မောမောပန်းပန်းရှိချိန်၌ သောက်ရေအိုးလေးထဲမှ ရေလေးသောက်လိုက်ရလျှင် အမောပြေစေကြောင်း၊ တောသူတောင်သားတို့အနေဖြင့် လယ်ထဲ၊ ယာထဲသို့အလုပ်သွားလျှင် သောက်ရေအိုးလေးကို ရေစိုအဝတ်နှင့်ပတ်ပြီးသယ်သွားကြကြောင်း၊ နွေရာသီကာလဆိုလျှင် တောသူ/တောင်သားများအဖို့ ရေအိုးထဲမှ ရေအေးအေးလေးကိုထန်းလျက်လေးနှင့်တွဲ၍သောက်သုံးခြင်းဖြင့် ဘဝအမော၊ သောကအမောများပြေပျောက်သွားစေပါကြောင်း၊ သဘာဝမြေအိုးထဲမှရေသည် အေးမြစေသည့်ရေဖြစ်၍ ရေခဲသေတ္တာထဲမှ ရေထက်ဘေးကင်း၍ အမောပန်းများပြေစေပါကြောင်း သိရှိရပါသည်။