Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကံကုန်းကျေးရွာ၏ မိုးကြိုနှမ်းစိုက်ပျိုးထားရှိမှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် မိုးနှမ်းကိုကျဲပက်စနစ်ဖြင့် တန်ခူးလတွင်တောင်သူ(၇၀)ဦးမှ စိုက်ဧက(၁၅၀)ဧကစိုက်ပျိုးထားရာ ဝါဆိုလတွင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရပါသည်။

   နှမ်းနက်စမုံမျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၅)ပြည်ခန့်ကုန်ကျကြောင်း၊ ၎င်းအနေဖြင့် နှမ်းနက်စမုန်မျိုး(၅)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို(၁)ပြည်လျှင် ကျပ်(၁၁၀၀၀)ဖြင့် စလင်းမြို့မှဝယ်ယူပါကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၂၅၀၀၀၀) သာကုန်ကျသော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခနှင့် မျိုးဖိုးအပါအဝင် စုစုပေါင်း ကျပ်(၃၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခင်နှစ်က (၁) ဧကလျှင် (၁၀)တင်း မှ(၂၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းမှာ (၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ထိရရှိခဲ့ပါကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ကံကုန်းကျေးရွာနေ မိုးနှမ်းစိုက်တောင်သူဦးမြင့်စိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ရွှေတောင်သခွားသီးစိုက်ပျိုးသူများအကျိုးအမြတ်ရှိ

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်ခင်နွဲ့၏ သခွားသီးစိုက်ခင်းသို့ (၂၀.၆.၂၀၂၄)နေ့ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်း လေ့လာခဲ့ပါသည်။

      ထိုသို့စိုက်ခင်းသို့သွားရောက်လေ့လာရာတွင် စိုက်ပျိုးသောမျိုးမှာ ကိုးတစ်လုံးမျိုးဖြစ်ပြီး စိုက်ဧကမှာ (၀.၂၅)ဧကကျော်စိုက်ပျိုးထားကြောင်း သိရပါသည်။ သခွားသီးကို တန်ခူးလဆုတ်တွင် စတင်စိုက်ပျိုးပြီး ကဆုန်လတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ သခွားသီးများခူးဆွတ်ရာတွင် တစ်ကြိမ်ခူးဆွတ်လျှင် သခွားသီး အလုံး(၁၀၀)ကျော်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ခါခူးဆွတ်ရပါသည်။ သခွားသီးကို စတင်ခူးဆွတ်ချိန်မှအသီးများတုန်းသည်အထိ တစ်လခွဲကြာသည်အထိခူးဆွတ်ရပါသည်။ သခွားသီး (၀.၂၅)ဧကတွင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂သိန်း ကျော်ခန့် ကုန်ကျပြီး၊ တောင်သူအကျိုးအမြတ်အနေဖြင့်လည်း ဈေးနှုန်းပေါ်မူတည်၍ ၂သိန်းကျော် ရရှိကြောင်း သိရပါသည်။ ရောင်းဈေးအနေဖြင့် သခွားသီးတစ်လုံးလျှင် ၂၅၀ကျပ်ဖြင့် ရွှေတောင်မြို့ရှိ ကုန်စိမ်းပွဲစားများက လာရောက်ဝယ်ယူကြသလို ပြည်မြို့နှင့် ရန်ကုန်မြို့များသို့တင်ပို့ ရောင်းချကြောင်းသိရပါသည်။ သခွားသီးကိုစိုက်ပျိုးသော တောင်သူများအနေဖြင့်လည်း ၂သိန်းရင်း ၂သိန်း ကျော် အမြတ်ရရှိ၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

DOCA(ပဲခူး)

 

ရွှေတောင်မြို့နယ်တွင် ခဝဲသီးများစတင်ထွက်ပေါ်

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများ စိုက်ပျိုးထွက်ရှိကြောင်းသိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၆.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်း လေ့လာခဲ့ပါသည်။

           ထိုသို့သွားရောက်လေ့လာရာတွင် ကြို့ကုန်းကျေးရွာရှိ ခဝဲသီးစိုက်ပျိုးသော တောင်သူ ဦးတင်ထွဋ်မှ ခဝဲသီးစိုက်ပျိုးရန် ဝါးစင်မှာ ယခင်နှစ်ကဝါးစင်တွင် ဆက်လက်စိုက်ပျိုးသည့် အတွက်ကြောင့် စင်ဆောက်လုပ်ရန်အတွက်ကုန်ကျစရိတ်မရှိဘဲ မျိုးစေ့နှင့်အခြားကုန်ကျစရိတ်အ နေဖြင့် (၀.၅၀)ဧကတွင် (၂)သိန်းကျော်ကုန်ကျကြောင်း သိရပါသည်။ ခဝဲသီးပင်ကို စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ခူးဆွတ်ရောင်းချ၍ရကြောင်း သိရပါသည်။ တစ်ခါခူးဆွတ်လျှင် ခဝဲသီးတောင့် ၅၀၀ခန့် ခူးဆွတ်ရပြီး တစ်ရက်ခြားတစ်ခါခူးဆွတ်ကြောင်း သိရပါသည်။ ခဝဲသီးကို (၅)လခန့်ကြာ အောင်ခူးဆွတ်ရကြောင်းသိရပြီး ရောင်းချသောဈေးမှာ တစ်တောင့်လျှင် ၂၅၀ကျပ်ဖြင့် စိုက်ခင်း အထိ လာရောက်ဝယ်ယူကြောင်းသိရပါသည်။ ခဝဲသီးပေါ်ချိန်တွင် သီးနှံရောင်းရငွေမှာ (၇)သိန်း ကျော်ခန့်ရရှိပြီး တောင်သူအကျိုးအမြတ်အနေဖြင့် (၅)သိန်းကျော်ခန့်ရရှိကြောင်း သိရပါသည်။ ခဝဲသီးစိုက်ပျိုးသူတောင်သူအနေဖြင့်လည်း ရာသီချိန်တွင် အကျိုးအမြတ်များ ရရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)

ကံကုန်းကျေးရွာ၏ ပဲတီစိမ်းစိုက်ပျိုးထားရှိမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝန်ရအုပ်စုရှိ ကံကုန်းကျေးရွာတွင် တောင်သူ(၁၀၀)ခန့်မှ စိုက်ဧက(၃၅၀)ဧကတွင် ပဲတီစိမ်းကိုကဆုန်လတွင်စတင်ကာ ထွန်ကြောင်း ဆွဲအစေ့ချစနစ်နှင့် ကျဲပက်စနစ်ကိုအသုံးပြုပြီး စိုက်ပျိုးထားကြောင်း သိရှိရပါသည်။

    ပဲတီစိမ်းစိုက်တောင်သူဦးမြင့်စိုးမှ ၎င်းအနေဖြင့် (၁၀)ဧကခန့် စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်းစိုက်တောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ်(၅၀၀၀)ဖြင့်ဝယ်ယူ၍ စိုက်ပျိုးရပြီး (၁)ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၁)လခွဲခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကျပ်(၆၀၀၀၀)ခန့်သာ ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မူ သွင်းအားစုစရိတ် မြင့်တက်လာ၍ မျိုးဖိုး၊ မြေပြုပြင်ခနှင့် လုပ်အားခအပါအဝင်စုစုပေါင်း ကျပ်(၁၅၀၀၀၀) ထိကုန်ကျပါကြောင်း၊ အထွက်နှုန်းမှာ ယခင်နှစ်က (၁)ဧကလျှင် (၂၆)တင်းမှ(၃၀)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၃၂၀၀၀) ဈေးရရှိခဲ့၍ ပဲတီစိမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ပါကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ရှိပွဲရုံများသို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရွှေတောင်မြို့နယ်တွင် ရွှေဖရုံသီးအညွှန့်ရောအသီးပါရောင်းချ

         ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ ဇယ်မကျေးရွာတွင် ရွှေဖရုံသီးများ စိုက်ပျိုး ထွက်ရှိကြောင်းသိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၉.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ ပါသည်။

        ထိုသို့သွားရောက်လေ့လာရာတွင် ဇယ်မကျေးရွာရှိ ဖရုံပင်စိုက်ပျိုးသော တောင်သူ ဒေါ်စန်းဦး မှ ဖရုံသီးကို ကဆုန်လတွင်စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ROBIN 001 မျိုးဖြစ်ကာ တစ်ထုပ် လျှင် ၁၀၀၀၀ကျပ်ပေးရပြီး ဖရုံစင် တစ်စင်တွင် အစေ့(၃၅)စေ့ခန့်ကုန်ပြီး၊ တစ်ကျင်းလျှင် (၄)စေ့ ထည့်၍စိုက်ပျိုးရပါသည်။ ရွှေဖရုံသီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၅)သိန်း ကျပ်ခန့် ကုန်ကျပြီး အသီးများရောင်းချချိန်တွင် တစ်ပိဿာကို ၁၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ရွှေဖရုံသီးကို အသီးရောအညွန့်ပါရောင်းချရသဖြင့် တောင်သူအကျိုးအမြတ်အနေဖြင့် ရွှေဖရုံသီး စတင်သီးချိန်မှ အသီးများတုန်းသည့်အချိန်အထိ ၃သိန်းကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ရွှေဖရုံသီးမှာ လူအများစု ကြိုက်နှစ်သက်သည့် ဟင်းအရံတစ်မျိုးဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးလျှင် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းဈေးနှုန်း၊ ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြ သည်။

     ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇွန်လ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုး(52)တစ်တင်းလျှင် ၆၂၀၀၀ကျပ်၊ ပဲတီစိမ်းထွက်တိုး (55) တစ်တင်းလျှင် ၆၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာအလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးနှုန်းပိုမိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

     ယခုနှစ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူဈေးနှုန်းများထက် ပိုမိုရရှိလျက်ရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၏ ၂၀၂၄ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ ငါးပုတ်သင်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၉၅၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၅၈၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀) ၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ လသာခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငါးရောင်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၆၀၀၀)၊ ပလာတူးခြောက်(အချို)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးရံ့လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)နှင့် အသားမျှင်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၉၀၀၀) ဖြင့်အရောင်းချလျက်ရှိကြောင်း၊ ယခင်မေလ ကာလတူဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများမြင့်တက်လာကြောင်း လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးရောင်းချ

      ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာစားသုံးသောသီးနှံဖြစ်သည်။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်းတွေ့ရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်းသိရသည်။

    ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှိုစိုက်ပျိုးစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးရာ၌ လိုအပ်သောအခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်)ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား၉ပေနှင့် အကျယ်၃ပေကို ကျပ်၂၀၀၀၀ခန့်ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး ၁၅ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ပေါင်လျှင် ၁၀-၁၅ ပိဿာထိခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း၌ ကောက်ရိုးမှိုတစ်ပိဿာလျှင် ငွေကျပ်၇၀၀၀ခန့်ဖြင့်ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် ဒေသထွက်နဂါးမောက်သီးများ စတင်ရောင်းချ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။

       မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့်အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ဖြစ်ကြသည်။

        ကန့်ဘလူမြို့နယ်၊ ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာ၊ စိန်နားကျေးရွာနှင့်အခြားနေရာများတွင် နဂါးမောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ယခုအချိန်သည် နဂါးမောက်သီးများ ခူးဆွတ်ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း စတင်ရောင်းချနေကြကြောင်း၊ နဂါးမောက်သီးသည် မေလမှ အောက်တိုလာလအထိ ၇-၈ ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် ၅-၆ လခန့်ဝင်ငွေရရှိနိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက်သီးနှံတစ်ခုဖြစ်သည်။ ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရောင်းချနေသော နဂါးမောက်သီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ငွေကျပ်၅၀၀မှ ကျပ်၇၀၀နှင့် အကြီးတစ်လုံးလျှင် ငွေကျပ်၁၀၀၀ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာဈေးနှုန်းများ( ၂၃-၆-၂၀၂၄) ရက်နေ့

      ၂၃-၆-၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း