Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံခရိုင်၏ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေ

     မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီး ဧရာဝတီမြစ်သည် မြင်းခြံခရိုင်၏ အနောက်ဘက်၌ တည်ရှိပြီး မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။

   မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလကုန်များတွင် စတင်စိုက်ပျိုးကြပြီး မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ နွေစပါးစိုက်ပျိုးမှုခရိုင်ချုပ်အနေဖြင့် စိုက်ဧကပေါင်း (၂၁၈၇) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧကပေါင်း (၂၀၂၇) ဧကသာစိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ကာလတူစိုက်ပျိုးမှုနှင့်နှိုင်းယှဉ်လျှင် (၁၆၀) ဧကစိုက်ပျိုးမှုလျော့နည်းခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၂၀၉) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၁၆) ဧက တိုစိုက်ပျိုးခဲ့ပြီး စိုက်ပျိုးမှုလျော့နည်းရခြင်းမှာ ပူးပြင်းခြောက်သွေ့ကာ မိုးနည်းခြင်းကြောင့်ဖြစ်ကြောင်းနှင့် မကြာမီ နွေစပါးများရိတ်သိမ်း ထွက်ပေါ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပဲစင်းငုံ(မိုး)စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံကို မိုးနှမ်းသီးနှံစိုက်ပျိုးရာ၌ ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိကြရာ ပဲစင်းငုံသီးနှံစိုက်ပျိုးမှုအလွန်နည်းပါးပါသည်။ (၂၀၂၀-၂၀၂၁) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၅၂၇၇) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၂) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၈၆၇၁၉၁) တင်းထွက်ရှိခဲ့ပါသည်။ (၂၀၂၁-၂၀၂၂) ခုနှစ်တွင် ပဲစင်းငုံ(မိုး)စိုက်ဧက (၇၈၃၁၂) ဧကစိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၁.၅၀) တင်းထွက်ရှိ၍ အထွက်စုစုပေါင်း (၉၀၀၅၈၈) တင်းထွက်ရှိခဲ့ပါသည်။ ပဲစင်းငုံ(မိုး)ကို ဇွန်လ၏ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုး၍  နိုဝင်ဘာလ(နောက်ဆုံးပတ်)နှင်ပ ဒီဇင်ဘာလ(ပထမပတ်)တို့တွင် စတင်ထွက်ရှိ၍ ဒီဇင်ဘာလ(တတိယ ပတ်)တွင် လှိုင်လှိုင်ထွက်ရှိပါသည်။ ကျောက်ပန်းတောင်းမြို့နှင့်ထိဆက်လျက်ရှိသောကျေးရွာများနှင့် မြို့နယ်တွင်းကျေးရွာများရှိ တောင်သူများ က မြို့ပေါ်ရှိ ပွဲရုံများသို့လာရောက်၍ အရောင်းအဝယ်ပြုလုပ်ကြပါသည်။

   ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲစင်းငုံ(မိုး)၁တင်းလျှင် ၅၄၀၀၀/-ကျပ်ဖြင့် စတင်အရောင်းအဝယ်ပြုလုပ်ခဲ့ကြပြီး ဧပြီလတွင် ပဲစင်းငုံ(မိုး)၁တင်းလျှင် ၇၆၀၀၀/-ကျပ်ထိဈေးမြှင့်တက်လာခဲ့ရာ ယခု ပဲစင်းငုံ(မိုး)၁တင်းလျှင် ၈၀၀၀၀/-ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပါသည်။

   ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၀၂၁-၂၀၂၂) ခုနှစ်၌ ပဲစင်းငုံ(မိုး)စိုက်ဧက (၁) ဧကလျှင် ၂၂၂၀၀၀ကျပ်ကျသင့်ပြီး (၁) ဧကလျှင် ပျမ်းမျှ အထွက်တင်း (၁၁.၅၀) တင်းထွက်ရှိခဲ့ပါသည်။ပဲစင်းငုံ(မိုး)၁တင်းလျှင် ၅၄၀၀၀/-ကျပ်ဖြင့်ရောင်းချခဲ့ရာ (၁)ဧကလျှင် (၆၂၁၀၀၀၀/-) ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ် (၃၉၉၀၀ဝိ/-) ကျပ်ရရှိစေပါသည်။ ဒေသထွက်ပဲစင်းငုံ(မိုး)များကို ရန်ကုန်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပါသည်။

   ထို့ကြောင့် တောင်သူအကျိုးအမြတ်ရှိစေသည့်အပြင် ထွက်ရှိလာသောပဲစင်းငုံအခွံ၊ အမှော်များကို တိစ္ဆာန်အစာအဖြစ်အသုံးပြုကြခြင်း၊ ပဲစင်းငုံအရိုးများကို လှောင်စာအဖြစ် အသုံးပြုလျက်ရှိကြခြင်း၊ ပရိုတင်းဓာတ်ကြွယ်ဝသောပဲစင်းငုံ(မိုး)ကို ဒေသတွင်းစားသုံးမှုလည်း ပြုလုပ်ကြ ပါသည်။ ပဲစင်းငုံ(မိုး)အား ပြည်ပတင်ပို့မှုပိုမိုပြုလုပ်မည်ဆိုပါက တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် အကျိုးအမြတ်ရရှိစေခြင်း၊ နိုင်ငံခြားဝင်ငွေပိုမိုရရှိစေခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေသည့် အတွက် ပဲစင်းငုံ(မိုး)သီးနှံအား ပိုမိုတိုးချဲ့စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

ဆက်လက်မြင့်တက်လျက်ရှိသောရွှေဈေးနှုန်း

    ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ မေလတတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၃၀၂၃၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၈၃၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ ဒုတိယပတ် အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၃၀၁၇၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၈၂၈၀၀၀) ကျပ် ရှိခဲ့ပြီး ယခင် မေလဒုတိယပတ်နှင့် ယခုမေလတတိယပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ် သားလျှင် (၆၀၀၀)ကျပ်ခန့် ဈေးနှုန်းများပြန်လည်မြင့်တက် လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာ ရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းတိုးမြင့်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

ရွှေတောင်မြို့၏ ကန်စွန်းရွက်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၃) နေ့ နံနက်ပိုင်းတွင် ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ကန်စွန်းရွက် (ရွက်ချွန်းမျိုး) စိုက်ခင်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ရွှေတောင်မြို့နယ်တွင် ရွက်ချွန်းကန်စွန်းရွက် စိုက်ပျိုးသူတောင်သူ ဒေါ်လဲ့လဲ့ကြည်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုအရ ကန်စွန်းရွက် စိုက်ပျိုးရာတွင် မျိုးစေ့ချပြီး ဘောင်တင်၍ စိုက်ပျိုးရကြောင်း၊ ကန်စွန်းရွက် စတင်စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းများပြုလုပ်ရကြောင်း၊ ကန်စွန်းရွက် စိုက်ပျိုးကုန်ကျစရိတ်မှာ ကန်စွန်းမျိုးစေ့တစ်ထုတ်လျှင် (၁၃၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး မြေဩဇာ နှင့်မြေဆွခများ အပါအဝင် စုစုပေါင်း ကုန်ကျစရိတ်မှာ (၅၀၀၀၀-၆၀၀၀၀)ကျပ် အထိ ကုန်ကျကြောင်း၊ ကန်စွန်းရွက်စတင်စိုက်ပျိုးပြီး (၁)လအကြာတွင် စတင်ခူးယူ၍ ရောင်းချကြောင်းသိရပါသည်။ ခူးဆွတ်ရရှိထားသော ကန်စွန်းညွှန့် (၁၀)ညွှန့်ကို တစ်စည်း စည်း၍ တစ်စည်းလျှင် (၂၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း သိရပါသည်။ ကန်စွန်းရွက်များကို အခင်းထဲအထိ ကုန်စိမ်းဒိုင်မှ လာရောက်ဝယ်ယူကြသဖြင့် တစ်ခါခူးယူလျှင် (၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း သိရပါသည်။ အညွှန့်ဖြတ်ပြီး (၁၀)ရက်ကြာလျှင် အညွှန့်များကို ပြန်ခူး၍ရောင်းချရပါသည်။ ထို့ကြောင့် ကန်စွန်းရွက်တစ်ခါစိုက်ပျိုးလျှင် ရေလောင်းလိုက်၊ အစာကျွေးလိုက်ဖြင့် မိုးမကျမခြင်း ခူးယူ၍ ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

ကွမ်းသီးပင်အကြောင်းသိကောင်းစရာ

     ကွမ်းသီးပင်သည် အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများကဲသို့ ပူ၍ စိုထိုင်းသောဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွခရိုင်များ ဖြစ်ကြသည်။ ကွမ်းသီးပင်သည် ပင်လယ်မိုင်၂၀၀ခန့်အတွင်း အမြင့်ပေ၃၀၀၀ အောက်ရှိပြီး ရေဖောဖောသီသီရရှိ၍ ရေမဝပ်သည့် အရပ်ဒေသတို့တွင် အထူးဖြစ်ထွန်းသည်။

    နုန်းမြေသည် ကွမ်းသီးပင်စိုက်ပျိုးရန် အထူးသင့်လျော်သည်။ ထို့ကြောင့်ကွမ်းသီးပင် စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတစ်လျှောက်နှင့် တောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများ၌ တွေ့ရသည်။တောင်ငူခရိုင်တွင ကွမ်းသီးပင်များကို သီးသန့်စိုက်ပျိုးကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ များနှင့် ပင်လယ်ကမ်းမြောင်ဒေသများတို့၌ ကွမ်းသီးပင်ကို အခြားသီးစားပင်များဖြစ်ကြသော သရက်၊ ပိန္နဲပင်၊ မရန်းပင်၊ အုန်းပင် စသည်တို့နှင့် ရောစိုက်လေ့ရှိပါသည်။ ကွမ်းသီးပင်စိုက် ပျိုးရာတွင် အရေးကြီးသောအချက်မှာ မိုးအခါ၌ ရေမဝပ်စေရန်နှင့် နွေအခါတွင်ရေလုံလုံ လောက်လောက်ပေးနိုင်ရန်ဖြစ်သည်။ ပျိုးထောင်ရန်ပျိုးခင်းများကို နွေရာသီကပင်စတင်၍  ပြုပြင်ပေးရသည်။ ကျင်းများတူးဖော်ပြီးနောက် ကျင်းထဲတွင် ကောက်ရိုးဖြစ်စေ၊ မြေဆွေးဖြစ်စေ ခံထားရပါသည်။ ထို့နောက် ရင့်မှည့်၍ မျိုးကောင်း၊ အလုံးကောင်းဖြစ်သော ကွမ်းသီးများကို ကျင်းထဲ၌ တစ်ပေခွဲ၊ နှစ်ပေစီခွာလျက် စိုက်ပျိုးရပါသည်။ ထိုမျိုးကွမ်းသီးများကို ကောက်ရိုး သို့မဟုတ် မြေဆွေးတို့ဖြင့် တစ်ဖန်ဖုံးပြီးသော် အပေါ်ယံ၌ မြေကြီးထပ်၍ အုပ်ထားရသည်။ ထိုသို့ စိုက်ပျိုးပြီးနောက် မျိုးကွမ်းသီးများ အစို့ပေါက်စေရန် မိုးဖြိုင်ဖြိုင်ကျသည့် အချိန်ကာလအထိ ရေလောင်းပေးရသည်။ ၁လ မှ ၃လကြာသည့် အချိန်၌ အစို့ကလေးများ ထွက်လာကြပြီးလျှင် တစ်နှစ်ခန့်ကြာသော် ပြောင်းရွေ့စိုက်ရန် အရွယ်ဖြစ်လာသည်။ ပျိုးခင်းတွင် ပျိုးပင်ကလေးများ ကြီးပျင်းနေစဉ်အတောအတွင်း၌ စိုက်ခင်းများပြုပြင်ကြရမည်။ တောချုံတိုကို စိုက်ခင်းမြေပြင်ပေါ်မှ ရှင်းလင်းလျက် ရေသွင်းမြောင်းများကို တူးဖော်သွယ်တန်းပေးရသည်။ မိုးဦးကျစအချိန်သည် ပြောင်းရွှေ့စိုက်ပျိုးရန်  အကောင်းဆုံးအချိန်ဖြစ်သဖြင့် မိုးမကျမှီ တစ်လခန့်က ကြိုတင်ပြင်ဆင်လျက် ကျင်းများကို တူးဖော်ပြင်ဆင်ထားရသည်။ ကျင်းများသည် တစ်ပေခွဲခန့်နက်၍ တစ်ပေခန့်ကျယ်ရသည်။ ကွမ်းသီးပင်ချည်း စိုက်ပျိုးထားပါက ကျင်းများသည် တစ်ခုနှင့်တစ်ခု ၆ပေထက်မနည်း ကွာဝေးစေရသည်။ အကောင်း ဆုံးအကွာအဝေးမှာ ၈ပေဖြစ်သည်။ အခြားအသီးစားပင်များကို ရောစိုက်လျှင် သင့်လျော်သ လိုကြည့်၍ အကွာအဝေးကိုပြုပြင်ရသည်။ ကွမ်းသီးပင်များသည် တပို့တွဲ၊တပေါင်းလများ တွင် စပွင့်ကြပြီးလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လများ၌ အသီးများရင့်မှည့်၍ ဆွတ်သိမ်းရန် အချိန်ကျရောက်ပါသည်။

     ကွမ်းသီးပင်များကို ၃ကြိမ် ၃ခါဆွတ်ခူးရသည့်အနက် ပထမအကြိမ်မှာ အများဆုံးဆွတ်ခူးရလေသည်။ အသီးများသည် အမှည့်လွန်ပါက အခွန်နွှာရန် မလွယ်ကူသဖြင့် မမှည့်တမှည့် အနေအထားလောက်တွင် ဆွတ်သိမ်းရန် အကောင်းဆုံးဖြစ်သည်။ သီးစအပင်များသည် တစ်ပင်လျှင်အသီး ၃၀ခန့်သာသီးပြီး အပင်ကြီးများသည် တစ်ပင်လျှင်အသီး၂၅၀အထိ သီးတတ်ကြသည်။ကွမ်းသီးပင်သည် အသက် ၂၀၊ ၂၅နှစ်အကြာတွင် အများဆုံးသီးလျက် နောက်ပိုင်းတွင်အသီးဆုတ်သွားပြီးလျှင် အနှစ်၄၀၊၅၀အကြာတွင် သေတတ်ကြသည်။ ကွမ်းသီးပင်များကို ဆွတ်သိမ်းပြီးလျှင်ပြီးခြင်း ကွမ်းသီးခင်းထဲ၌ အခွံများကို ဓားဖြင့်ခွာပစ်ရသည်။ အခွံခွာပြီးနောက် ကွမ်းသီးပြုပြင်ယူကြရသည်။ မြန်မာနိုင်ငံအောက်ပိုင်း၌ ကွမ်းသီးပြုပြင်ယူပုံမှာ အခွံချွတ်ပြီးသောကွမ်းသီးများကို ထုံးရည်တွင် ၃နာရီ ၄နာရီခန့် ကျိုပြီးနောက်အခြောက်လှန်းရသည်။ထုံးရည်၌ ကျိုခြင်းသည် အဖန်ဓာတ်ထွက်၍ အနံ့အရသာ ကောင်းမွန်စေသည်ဟု မှတ်ယူကြသည်။ ကွမ်းသီးသည် ဖန်သည်၊ချုပ်သည်၊မမှည့်သေးသော ကွမ်းသီးသည် ဝမ်းသက်စေသည်။ မှည့်ပြီးကွမ်းသီးကို သံချဆေးအဖြစ် အသုံးပြုကြသည်။ ကွမ်းသီးပြာသည် သွားတိုက်ဆေး၊ သွားနာဆေး အဖြစ်ကောင်းသည်။ ကွမ်းသီးပင်၏အသားမှာ အလွန်မာကျောသဖြင့် ယင်းတို့ကိုလေးကိုင်း၊ လှံရိုး၊ ထမ်းပိုးများပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၌ ပြည်တွင်းစားကုန်ပစ္စည်းများဖူလုံစေရန် အတွက် ကွမ်းသီးပင်စိုက်ပျိုးရေး စီမံကိန်းများကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်လျက်ရှိသည်။ ၁၉၅၃ ခုနှစ်မှ စတင်၍ ထိုစီမံကိန်းကိုဆောင်ရွက်ရာ ထိုနှစ်အတွင်း ကွမ်းသီးပင်ပေါင်း   ၅၀၀,၀၀၀  ခန့်စိုက်ပျိုးခဲ့ကြသည်။ ထို့အပြင် ပြည်သူများ ကွမ်းသီးပင်ပေါက်များကို အလွယ်တကူဝယ် ယူစိုက်ပျိုးနိုင်ကြစေရန် ရည်ရွယ်၍ ဖျာပုံ၊မြောင်းမြ၊ပုသိမ်၊မော်လမြိုင်၊ထားဝယ်၊မြိတ်၊စစ်တွေ၊ တောင်ငူ၊ကျောက်ဖြူ၊မတ္တရာ စသောမြို့များတွင် စိုက်ပျိုးရေးဌာနများဖွင့်လှစ်၍ ကွမ်းသီးပင်ပေါက်များကို ရောင်းချပေးလျက်ရှိခဲ့သည်။ ထိုကဲ့သို့ စိုက်ပျိုးကြရာ၌ ၆၀ရာခိုင်နှုန်းမျှလောက်သော ကွမ်းသီးပင်များသည် ကောင်းစွာဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသဖြင့် အနာဂတ်တွင် ထိုထက်  တိုးတက်၍ စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

 

                                                                            

နေကြာ(မိုးကြို)များအောင်မြင်ဖြစ်ထွန်းမှုနှင့် စျေးနှုန်းအခြေအနေ”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နေကြာ(မိုးကြို)ကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၉၉) ဧကလျာထားခဲ့သော်လည်း  စဉ့်ကိုင်မြို့နယ်တွင် (၁၃၃၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၂၀၁) ဧက၊ စုစုပေါင်း (၁၅၃၆) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည်။နေကြာ(မိုးကြို)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ နေကြာတစ်ဧကကုန်ကျစရိတ်မှာ (၂၇၀၀၀၀-/) ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းများအနေဖြင့် ယခင်နှစ်၌ နေကြာ တစ်တင်းလျှင် (၁၈၀၀၀) ကျပ်၊ နေကြာဆီ(၁)ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၃၄၀၀၀/) ကျပ်၊ နေကြာဆီ တစ်ပိသာလျှင် (၁၂၀၀၀) ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုနှစ် နေကြာ(မိုးကြို)စိုက်ပျိုးချိန်တွင် တောင်သူများသည် မိုးရွာသွန်းမှုမရှိသေးသော်လည်း ဆည်ရေသောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နေကြာ(မိုးကြို)များမှာ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်း လျက်ရှိပါသည်။ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာကာ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့်  သီးထပ်၊သီးညှပ်အပြင် သီးသန့်အနေဖြင့်ပါ အများဆုံးစိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ရွှေတောင်မြို့နယ်ရှိ ရွှေဖရုံသီး (လက်ရိုက်သီး)စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး)ကို စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၂၂.၅.၂၀၂၃) နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာခဲ့ပါသည်။

        ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးသူ တောင်သူ (၁၂)ဦးရှိပြီး စိုက်ပျိုးသည့် စင်ပေါင်း (၁၂)စင် စိုက်ပျိုးထားကြောင်း သိရပါသည်။ ရွှေဖရုံသီး (လက်ရိုက်သီး) ဆိုသည်မှာ တစ်ခါစား အလုံးသေးမျိုးဖြစ်ပြီး မျိုးမှာ ထိုင်ဝမ်မျိုးဖြစ်ပါသည်။ ရွှေဖရုံသီးကို တန်ခူးလဆန်းတွင် စတင်စိုက်ပျိုးပြီး၊ ဝါဆိုလဆန်းတွင် အသီးများစတင်ထွက်ပေါ်၍ ခူးဆွတ်ရောင်းချရကြောင်း သိရပါသည်။ ရွှေဖရုံစိုက်ပျိုးရာ စင်ထိုး၍ စိုက်ပျိုးရပြီး တစ်စင်လျှင် ကုန်ကျစရိတ်အနေဖြင့် စင်ဖိုးအပါအဝင် (၂)သိန်းကျပ်ခန့် ကုန်ကျကြောင်းသိရပါသည်။ ထိုရွှေဖရုံစင်ကို (၂)နှစ် အသုံးပြု၍ရပြီး ရွှေဖရုံ တုံးပါက အခြားနွယ်ပင်များဖြစ်သည့် ကျောက်ဖရုံ၊ ပဲပင် များကို ဆက်လက်စိုက်ပျိုးကြောင်း သိရပါသည်။ ရွှေဖရုံသီး ခူးဆွတ်ချိန်တွင် တစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ရပြီး (၂)လခန့် ခူးဆွတ်ရကြောင်းသိရပါသည်။ ရွှေဖရုံတစ်ခင်းတွင် (လက်ရိုက်သီး) အလုံးပေါင်း (၁၄၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် အထိုင်ဈေး တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်ရွှေဖရုံသီး ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဈေးအတိုင်း ရရှိနိုင်ကြောင်း တောင်သူထံမှ သိရှိရပါသည်။ ယခုအချိန်တွင် ရွှေဖရုံသီး စိုက်ပျိုးနေချိန်ဖြစ်ပြီး လာမည့် ဝါဆိုလတွင် စတင်ထွက်ပေါ် လာမည် ဖြစ်သဖြင့် ယခင်နှစ်ကအတိုင်း အသီးတင်မည်ဆိုလျှင် ဝင်ငွေရရှိမှုမှာ (၇)သိန်းကျပ်ခန့်ရရှိမှာဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ရွှေဖရုံစင်တစ်စင်လျှင် (၅)သိန်းကျပ်ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါ သည်။

ရွှေဖရုံသီးကို လူအများက ရာသီစာအသီးအနှံအဖြစ် စားသုံးကြသဖြင့် ယခုလို တစ်ခါစား လက်ရိုက်သီးများသည် အလေအလွင့်မရှိဘဲ ဈေးနှုန်းအနေဖြင့်လည်းသက်သာသဖြင့် ဝယ်ယူ စားသုံးကြပါသည်။ စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ရာသီချိန်တစ်နှစ်လျှင် အမြတ်အစွန်း များစွာရရှိသဖြင့်  ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ကြောင်း ကွင်းဆင်းလေ့လာ သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

“စိုက်ပျိုးသင့်သောခရမ်းချဉ်သီး”

    ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများအပြင် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးထားကြပါသည်။ ခရမ်းချဉ်သီးအား ယာမြေများတွင် အဓိကစိုက်ပျိုးကြောင်း၊ စိုက်ပျိူးရာတွင် ပျိုးထောင်ပြီး ပျိုးပင်(၄၅)ရက်သား အရွယ်၌ ဘောင်ဖြင့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၂)လကျော်အချိန်တွင် အသီးများစတင်ရင့်မှည့်လာပြီး  စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၂၅-၃၀)ထွက်ရှိပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ စတင်ခူးဆွတ်သည်မှစ၍ နှစ်လခွဲသုံးလအထိ ခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအများဆုံးအချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၂၅၀-၃၀၀)ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုးစရိတ်၊ သွင်းအားစုစုစုပေါင်း (၆-၇)သိန်းဝန်းကျင်ကုန်ကြကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောခရမ်းချဉ်သီးများကို မန္တလေးမြို့ရှိ ကုန်စိမ်းဆိုင်များသို့ သွားရောက်ရောင်းချကြောင်း၊ ယခင်ဧပြီလတွင် တစ်ပိဿာလျှင် (၁၅၀၀-၁၈၀၀)ကျပ်ဈေးနှုန်းဖြင့် ဈေးကောင်းရရှိပြီး ယခုမေလတွင် တစ်ပိဿာလျှင် (၈၀၀-၁၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချ၍ ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ ကုန်စိမ်းဖြစ်သည့်အတွက် ဈေးအတက်အကျရှိသော်လည်း ယခုအချိန်တွင် (၈၀၀-၁၀၀၀)ကျပ် ဈေးဖြင့်ပင်လျှင် အကျိုးအမြတ်များစွာရရှိပြီး တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

 

 

ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေသော တောင်ပို့မှို

         တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြပါသည်။ တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့မှိုရှိရာမြေအောက် ခြကောင်ရှိသောနေရာတွင် နွေအကုန်မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်ပါသည်။ တောင်ပို့မှိုသည်ဈေးကောင်းသော အစားအစာ တစ်မျိုး ဖြစ်ပါသည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ ရကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးနည်းမှာ ပါဝင်ပစ္စည်း(၃)မျိုးသာရှိပြီး မိမိ ပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်ပါသည်။ ခြတောင်ပို့အတွင်းပိုင်းမှ မြေသား (၂၀)ကျပ်သားခန့်၊ ထမင်းဖြူ (၆၅)ကျပ်သား နှင့် ရေ(၂)လီတာတို့ဖြစ်ပါသည်။ ပထမဦးစွာ တောင်ပို့ မြေနှင့် ထမင်းဖြူကို ဇလုံတစ်ခုထဲတွင် သမအောင်မွှေပေးရပါမည်။ ထို့နောက် ရေကိုဖြန်းလိုက် မွှေလိုက်ဖြင့် ရေသန့်ဘူး(၂)ဘူး ကုန်သည်အထိမွှေပေးရပါမည်။ ထို့နောက် ဇလုံကိုနေရောင်ခြည် တိုက်ရိုက်မကျသော မပူလွန်း၊ မအေးလွန်းသော နေရာတွင် ရွေ့ပြောင်းခြင်း မပြုဘဲ (၇)ရက်ခန့် ထားရပါမည်။ (၇)ရက်ကျော်သောအခါ ဇလုံ၏မျက်နှာပြင်ပေါ်တွင် အမြုပ်အဖတ်ဖြူဖြူမဲမဲလေးများ တက်လာသည်ကို တွေ့ရပါသည်။ ထိုအဖတ်များသည် မှိုဖေါက်ရန် ကျူလ္လင်ဆီ (မှိုမျိုးစေ့) များ ဖြစ်ပါသည်။ ထိုမှိုမျိုးများကို ခပ်ယူ၍ အစိုဓါတ်ရှိသော မြေဆွေးပုံ၊ ကောက်ရိုးဆွေးပုံ၊ သစ်ပင်အောက်ရှိမြေဆွေးပုံအပေါ် နှံစပ်အောင်ချထားပေးရပါမည်။ မှိုမျိုးစေ့များ ချထားသော နေရာအား (၇)ရက်၊ (၈)ရက် တစ်ကြိမ်ရေစိုရုံသာ ဖျန်းပေးရုံဖြင့် မှိုဖူးလေးများ ထွက်လာမှာ ဖြစ်ပါသည်။ ယခုအချိန်ပေါ်ဦးပေါ်ဖျား တောင်ပို့မှိုများဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ အဖူးများဖြစ်သောကြောင့် ပိုချို၊ ပိုနု၍ စားလို့အလွန်ကောင်းပါသည်။ တောင်ပို့မှု (၅၀)ကျပ်သား လျှင် (၁၅၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၃)သောင်းကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ တောင်ပို့မှိုကို သဘာဝနည်းဖြင့် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်နည်းနည်းဖြင့် မြေအများကြီးရှိဖို့ မလိုဘဲ အိမ်တွင်းတိုက်ခန်း၊ ကွန်ဒိုနေသူများပါ ပန်းအိုးအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါသည်။

        ထို့ကြောင့် တောင်ပို့မှိုသည် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သလို၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိအောင် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်သဖြင့် စိုက်ပျိုးသင့်သော ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိ

              တောင်ငူခရိုင် ၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။

              မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင် အပတ်က တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              ကြက်သွန်နီမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၁၀၀ ကျပ်နှင့် အကြီး ၂၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၆၅၀၀ ကျပ်၊ ငရုပ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ် နေပါ သည်။

              ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၂၀၀ ကျပ်မှ ယခုအပတ်တွင် ၅၆၀၀ ကျပ်၊ ကုလားပဲလုံးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၄၀၀ ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ ကျပ်၊  မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် ၇၅၀၀ ကျပ်၊ မြေပဲဆံ(အနီ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် ၈၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a