ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ဈေးနှုန်းများ လျော့နည်းသက်သာလာခဲ့ချိန်၌ အာရှနှင့် အာဖရိကဝယ်လက်များထံမှ ဝယ်လိုအားတည်ငြိမ်မှုနှင့် ရောင်းလိုအားအပိုင်းတွင် အကန့်အသတ် ရှိမှုများအရ အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ပေါင်းဆန်စျေးနှုန်းများသည် ဇန်နဝါရီလ စတုတ္ထပတ်တွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
အိန္ဒိယ၏ ဆန်ကွဲ ၅% ပါဝင်သော ပေါင်းဆန်များ၏ ၁ တန်ဈေးနှုန်းသည် ယခင် သီတင်း ပတ်တွင် အမေရိကန်ဒေါ်လာ ၅၂၅ မှ ၅၃၅ အတွင်းရှိရာမှ ဇန်နဝါရီလ စတုတ္ထပတ်၌ ဒေါ်လာ ၅၃၃ မှ ၅၄၂ အတွင်း နှုန်းထားအထိ မြင့်တက်လာခြင်းဖြစ်သည်။
အီဂျစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တင်ဒါခေါ်ယူမှုစနစ်ဖြင့် မည်သည့်ပင်ရင်းနိုင်ငံထံမှမဆို ရာနှုန်းပြည့် ကြိတ်ခွဲထားပြီးဖြစ်သည့် ဆန်လုံးပုများကို ဝယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံပိုင် ကုန်စည်များထောက်ပံ့မှုဆိုင်ရာ အထွေထွေ အာဏာပိုင်အဖွဲ့ (General Authority for Supply Commodities - GASC) က ၂၈-၁-၂၀၂၄ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်ဝယ်ယူရေး အေဂျင်စီဖြစ်သော Bulog အဖွဲ့သည် ဆန် တန်ချိန် ၅သိန်းကျော်ကို နိုင်ငံတကာတင်ဒါခေါ်ယူလျက် ဝယ်ယူခဲ့ရာ တနင်္လာနေ့တွင် တင်ဒါပိတ် သိမ်းခဲ့ကြောင်း ဥရောပကုန်သည်များက ရိုက်တာသတင်းဌာနသို့ ဇန်နဝါရီလ ၃၀ ရက်နေ့၊ အင်္ဂါ နေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ဆန်အခြေခံထုတ်ကုန်များ တင်ပို့မှုသည် ကမ္ဘာ့စားနပ်ရိက္ခာ ဝယ်လိုအားတက်လာချိန် ၂၀၂၃ ခုနှစ်၌ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ၂၉-၁-၂၀၂၄ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရဌာနဆိုင်ရာနှင့် ဆန်ထုတ်ကုန်လုပ်ငန်းနယ်ပယ် သတင်းအရင်းအမြစ် များအရ သိရှိရသည်။ ပြည်ပသို့တင်ပို့သော ဆန်အခြေခံထုတ်ကုန်များတွင် အသင့်စားထမင်းဘူး၊ အေးခဲထားသော ရေညှိထမင်းလိပ်နှင့် တော့ပိုကီများပါဝင်ပြီး တင်ပို့မှုတန်ဖိုးအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၇.၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း ကိုရီးယားစိုက်ပျိုးမွေးမြူရေးနှင့် အစားအစာကုန်သွယ်မှု ကော်ပိုရေးရှင်း၏ ဖော်ပြထားချက်အရ သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ၅ နှစ်တာ သက်တမ်းရှိသော ဆန်ကုန်သွယ်ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၃၀-၁-၂၀၂၄ ရက်နေ့တွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
ဩစတေးလျနိုင်ငံမှ ထွက်ရှိသော ပဲမျိုးစုံကို စူးအက်တူးမြောင်းအား ဖြတ်သန်းသယ်ဆောင်သည့် ပုံမှန်လမ်းကြောင်းအတိုင်း သင်္ဘောဝမ်းပုံစနစ်ဖြင့် အီဂျစ်နိုင်ငံသို့ အရှိန်မပျက် တင်ပို့လျက်ရှိ ကြောင်း သိရှိရပါသည်။
ဩစတေးလျကုန်သည်များသည် Faba Beans ခေါ် တောင်ကြီးပဲများကို အီဂျစ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ လက်ရှိကာလတွင် ဝမ်းပုံစနစ်ဖြင့် သယ်ယူပို့ဆောင်သည့် သင်္ဘော ၃ စီးသည် ပင်လယ်နီဒေသသို့ ရောက်ရှိနေပြီး နောက်ထပ်သင်္ဘောတစ်စီးသည်လည်း ဇန်နဝါရီလ နောက်ဆုံး အပတ်အတွင်း ဩစတေးလျတောင်ပိုင်းရှိ Port Adelaide ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ရာသီအသစ်မှ ရိတ်သိမ်းထွက်ရှိသောသီးနှံများ ဈေးကွက်ဝင်ရောက်မှုနှင့်အတူ မြန်မာနိုင်ငံထံမှ ပဲစင်းငုံများကို ဆက်လက်တင်သွင်းလျက်ရှိသော်လည်း ပြည်တွင်းစိုက်ဧက လျော့ကျမှုနှင့် ဒုတိယနှစ်မြောက် ထုတ်လုပ်မှုကျဆင်းသည့် အခြေအနေများအရ ပဲစင်းငုံ လက်ကား ဈေးနှုန်းများသည် လွန်ခဲ့သော ၁ လတာအတွင်း ၅% မြင့်တက်လာခဲ့ကြောင်း Economic Times သတင်းဌာနက ၃၀-၁-၂၀၂၄ နေ့၌ ဖော်ပြပါသည်။
ဂျပန်နိုင်ငံမှ စီးပွားရေးခေါင်းဆောင်များကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံစက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးနှင့် ဇန်နဝါရီ ၂၆ရက်နေ့၌ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော်မော်တော်ကားကဏ္ဍနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။
ဗီယက်နမ်နိုင်ငံမှ ဖရဲသီးများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ် ကို ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (MARD) နှင့် တရုတ်နိုင်ငံ၊ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်(GACC)တို့အကြား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ဒေသထွက်သန့်စင်သော ဆန်စပါးမျိုးရင်းများကို တိုးမြှင့်ထုတ်လုပ် နိုင်ရန်နှင့် စောင့်ကြည့်ထိန်းကျောင်းရန်အတွက် အထူးအကြံပေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု ၂၂-၁-၂၀၂၄ နေ့တွင် ကျင်းပသော စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ အရာရှိများ၏ အစည်းအဝေးတွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ပြည်တွင်း ကြက်သွန်နီ စားသုံးမှု၊ ဈေးနှုန်းကျဆင်းမှုတို့အခြေအနေအရ ကြက်သွန်တင်သွင်းမှုကို ၂၀၂၄ ခုနှစ် မေလအထိ ရပ်ဆိုင်းမည်ဖြစ်ပြီး ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်မည့် လုံလောက်သော ကြက်သွန်နီပမာဏရှိပါက ထိုသို့ ဆိုင်းငံ့ခြင်းကို ဇူလိုင်လ အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr. Francisco Tiu Laurel က ၁၉-၁-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina သည် ဆန်စပါးသိုလှောင်ဈေးကစားသူများ အား ဒေသအလိုက်ဖွင့်လှစ်ထားသည့်တရားရုံးများမှတစ်ဆင့် အလျင်အမြန်အရေးယူဆောင်ရွက် ရန်အတွက် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။