ပြည်ပကုန်သွယ်မှုသတင်းများ
နယ်သာလန်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (SNV) သည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် ရာသီဥတုဒဏ်ခံနိုင်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဆန်စပါး တန်ဖိုးကွင်း ဆက်များ အသွင်ပြောင်းခြင်းဟု ခေါ်ဆိုသည့် စီမံကိန်းအား ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၁၆-၁-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ထုတ်ဖော်ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အစိုးရချင်း ညှိနှိုင်းသဘောတူညီချက်ဖြင့် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း ရောင်းချနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းရန် စီစဉ်လျက်ရှိပြီး တရုတ်နိုင်ငံသို့လည်း အလားတူဆန်ရောင်းချရေးအတွက် ညှိနှိုင်းမည့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုထားကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် ONE ROAD Group သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဆန်တန်ချိန် ၆၀၀၀၀ ကို ပထမဆုံးအကြိမ် အဖြစ် တင်ပို့မှုစတင်သည့် အခမ်းအနားကို ၁၂-၁-၂၀၂၄ ရက်၊ သောကြာနေ့၌ ဖနွမ်းပင်မြို့တွင် ကျင်းပလျက် ကမ္ဘောဒီးယားဆန်အတွက် ဈေးကွက်အသစ်တစ်ခုကို ချဲ့ထွင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးစပါးအသစ်များ ရိတ်သိမ်းထွက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ကုန်လက်ကျန်များပြားလျက်ရှိသော်လည်း ကော်ပိုရိတ်ကုမ္ပဏီများနှင့် ဆန်စက်ပိုင်ရှင်များ၏ ကြိုးကိုင်ချယ်လှယ်မှုများကြောင့် စပါးဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးရာသီ၌ စိုက်ဧကတိုးချဲ့များပြားမှုအရ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်မြင့်တက်ပြီး တန်ချိန် ၁.၆ သန်းအထိ ထွက်ရှိနိုင်ကြောင်း အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh က ပြောကြားခဲ့ ပါသည်။
တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများကုန်သွယ်မှုမှာ တစ်နှစ်ထက်တစ်နှစ် (၀.၂) ရာခိုင်နှုန်းတိုးပွားလာပြီး ပမာဏအားဖြင့် ၂၀၂၃ခုနှစ်တွင် ယွမ် (၄၁.၇၆) ထရီလီယံရှိကာ မျှော်မှန်းထားသည်ထက် ပိုမိုခဲ့ကြောင်းသိရပါသည်။ နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် တည်ငြိမ်စွာတိုးတက်ကြီးထွားမှုနှင့် အရည်အသွေးတိုးတက်မှုတို့ရရှိခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဆိုအရသိရပါသည်။
ပြည်ပဈေးကွက်များတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ် (NEV) များ တစ်ရှိန်ထိုးနာမည်ကျော်ကြားလာမှုကြောင့် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၃ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရပါသည်။
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဆန်ယာ (Sanya) ဒေသ၌ စပ်မျိုးစပါးစီမံကိန်းအရ နှစ်စဉ်အထွက်နှုန်းသည် တစ်မူး (၀.၀၆၇ ဟက်တာ) လျှင် စပါးကီလိုဂရမ် ၂,၀၀၀ ကျော် ထွက်ရှိသည်ဟု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အကဲဖြတ်စစ်တမ်းအရ သိရှိရကြောင်းနှင့် တရုတ်နိုင်ငံ အပူပိုင်းဒေသများတွင် စပ်မျိုးစပါးများ စိုက်ပျိုးမှုကို စံချိန်သစ်တင် နိုင်ခဲ့ ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ၏ အစီရင်ခံဖော်ပြချက်အား China Daily သတင်းဌာနက ၄-၁-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။
အယ်လ်နီညိုရာသီဥတုပုံစံကြောင့် မိုးရွာသွန်းမှု လျော့နည်းနိုင်ပြီး ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သဖြင့် ယခုနှစ်တွင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု မြင့်တက်လာနိုင်ကြောင်း Rizal Commercial Banking Corp. မှ စီးပွားရေးပညာရှင် Michael Ricafort က ပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၆၅၆၃၂၃ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၃% တိုးတက်လာကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က ၅-၁-၂၀၂၄ ရက်၊ သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုတွင် အခက်အခဲဖြစ်ပေါ်နေမှုများမှာ လျော့ပါးသက်သာမှု ရရှိလာသည့် အခြေအနေအရ ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်ပို့မှုသည် ၁၅% ခန့် ကျဆင်းသွားဖွယ်ရှိကြောင်း ထိုင်းဆန်စပါးလုပ်ငန်းနယ်ပယ်မှ ခန့်မှန်းလျက်ရှိသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၈.၃ သန်း တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၄.၇၈ ဘီလီယံ ရရှိခဲ့ရာ အရေအတွက်နှင့် ဈေးနှုန်း နှစ်ရပ်လုံး မြင့်မားစွာဖြင့် ဆန်တင်ပို့မှု အောင်မြင်သောနှစ် ဖြစ်ခဲ့သည်။